ဒုတိယကထိနသိက္ခာပုဒ် သည် မြတ်စွဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[၁]

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ရဟန်းတို့သည် မိမိတို့၏ သင်္ကန်းများကို အခြားရဟန်းတို့ထံတွင် ထားခဲ့၍ သင်းပိုင်၊ ဧကသီမျှဖြင့် ဇနပုဒ်သို့ လှည့်လည် သွားလာကြ၏။ အချိန်ကြာမြင့်စွာ ထားခဲ့သောကြောင့် ထိုသင်္ကန်းတို့သည် မှိုတက်ကုန်၏။ ထို့ကြောင့် ရဟန်းတို့သည် ထိုသင်္ကန်းတို့အား နေထုတ်လှန်း၏။

ထိုအချိန် အသျှင်အာနန္ဒာသည် ကျောင်းစဉ်လှည့်လည်သော် သင်္ကန်းများကို မြင်၏။ ထိုအခါ အသျှင်အာနန္ဒာသည် ထိုသင်္ကန်းသည် “အဘယ်သူ၏ သင်္ကန်းဖြစ်နည်း” ဟု မေး၏။ ထိုအခါ ရဟန်းတို့သည် အသျှင်အာနန္ဒာအား အကြောင်းစုံကို ပြောပြ၏။ အသျှင်အာနန္ဒာလည်း “ရဟန်းတို့သည် အဘယ်ကြောင့် အခြားရဟန်း၏ လက်၌ သင်္ကန်းကိုထားကာ သင်းပိုင်၊ ဧကသီမျှဖြင့် လှည့်လည်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။

မြတ်စွာဘုရားလည်း “ဟုတ်မှန်ပါသလော” ဟု ထိုရဟန်းတို့ကို မေး၏။ ရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဝန်ခံ၏။ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

“ရဟန်း၏ သင်္ကန်းပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းသည် တစ်ညဉ့်မျှလည်း တိစီဝရိက် ‘သင်္ကန်းသုံးထည်’ နှင့် ကင်း၍ နေငြားအံ့။ ထိုရဟန်းအား စွန့်ခြင်း (ဝိနည်းကံ) ရှိသော ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်ပြီးချိန်တွင် ဖြစ်၏။ ထိုအချိန်တွင် ကောသမ္ဗီမြို့တွင် ရဟန်းတစ်ပါးသည် နာမကျန်း ဖြစ်၏။ ထိုရဟန်းအား အမျိုးတို့သည် အလုပ်အကျွေးပြုရန်အလို့ငှါ ကြွလာပါဟု လျှောက်ထား၏။ အခြားရဟန်းတို့ကည်း ‘ဆွေမျိုးတို့ဆီသို့ သွားပါ၊ သင့်အား လုပ်ကျွေးကြပါလိမ့်မည်” ဟု ပြော၏။ သို့သော် နာမကျန်းသော ရဟန်းသည် တိစီဝရိက်ကို ယူမသွားနိုင်ဘဲ ဖြစ်နေ၏။ ထို့ကြောင့် မသွားဘဲနေ၏။

ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “မကျန်းမာသော ရဟန်းအား သမ္မုတိပေးခြင်းငှါ ခွင့်ပြု၏” ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် သမ္မုတိပေးပုံကို ဟောတော်မူ၏။ ထို့နောက် သိက္ခာပုဒ်ကို အောက်ပါအတိုင်း ပညတ်တော်မူ၏။

[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

“ရဟန်းတို့ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းသည် ရဟန်းတို့၏ သမ္မုတိကို မရဘဲ တစ်ညဉ့်မျှလည်း တိစီဝရိက်နှင့် ကင်း၍ နေငြားအံ့။ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ရှိသော ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။

[၁]

သမ္မုတိပေးခြင်း ပြင်ဆင်ရန်

မကျန်းမာသော ရဟန်းသည် သဃံထံသို့ ချဉ်းကပ်ပြီးလျှင် လက်ဝဲတစ်ဖက်ထက်၌ ဧကသီသင်္ကန်းကို စံပယ်တင်ထားရမည်။ ကြီးသော ရဟန်းတို့ကို ဆောင်ကြောင့်ထိုင်ကာ လက်အုပ်ချီပြီးလျှင် “အသျှင်ဘုရားတို့ တပည့်တော်သည် မကျန်းမာပါ၊ တိစီဝရိက်ကို ယူသွားရန် မတတ်နိုင်ပါ၊ ကျွန်ုပ်သည် သံဃာအား တိစီဝရိက်နှင့် နေနိုင်ရန် သမ္မုတိကို တောင်းပါသည်” ဟု ဆိုရသည်။ ထိုကဲ့သို့ သုံးကြိမ်တိုင်အောင် တောင်းရမည်။

ထိုအခါ လိမ္မာကျွမ်းကျင်သော ရဟန်းသည် သံဃာအား “ဤမည်သော မကျန်းမာသည့် ရဟန်းကို တိစီဝရိက်နှင့် ကင်း၍ နေနိုင်ရန် သမ္မတိကို ပေးရာ၏” ဟု သိစေရန် ပြောရမည်။ ထို့နောက် “သံဃာသည် ဤမည်သော မကျန်းမာသည့် ရဟန်းအား သမ္မုတိပေးရန် သဘောတူ နှစ်သက်ပါက ဆိတ်ဆိတ်နေရာ၏” ဟု ပြောဆိုရမည်။

ထိုအခါ ရဟန်းတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူပါက မကျန်းမာသော ရဟန်းသည် သမ္မုတိရ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်