ဒုတိယသဟသေယျသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်သို့ ကြွရာ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုသို့ ရောက်၏။ ထိုရွာရှိ အမျိုးသမီးတစ်ဦး၏ အိမ်သို့ ချဉ်းကပ်၍ တစ်ညဉ့် တည်းလိုကြောင်း ပြော၏။ ထိုအမျိုးသမီးလည်း ဧည့်သည်များ တည်းခိုရန် ပြုလုပ်ထားသည့် အိမ်တွင် အသျှင်အနုရုဒ္ဓါကို တည်းခိုရန် ခွင့်ပြု၏။

ထို့နောက် အခြားသော ခရီးသွားသူတို့သည်လည်း ထိုအိမ်သို့ ရောက်လာကာ တည်းခိုခွင့်ပေးရန် ခွင့်တောင်း၏။ အမျိုးသမီးလည်း အသျှင်အနုရုဒ္ဓါက ခွင့်ပြုပါက နေပါဟု ဆို၏။ ထိုအခါ ခရီးသွားသူတို့သည် အသျှင်အနုရုဒ္ဓါထံ ခွင့်တောင်း၍ ရသဖြင့် တည်းခို၏။

ထိုအိမ်ရှင် အမျိုးသမီးသည် အသျှင်အနုရုဒ္ဓါကို မြင်သည်နှင့် တပ်မက်စိတ် ဖြစ်ပေါ်နေ၏။ ထို့အတွက်ကြောင့် အမျိုးသမီးသည် အသျှင်အနုရုဒ္ဓါအား “လူတို့နှင့် ရောပြွမ်းကာနေရန် မသင့်ပါ၊ အသျှင်ဘုရား၏ ညောင်စောင်း ‘ခုတင်’ ကို အိမ်တွင်းတွင် ခင်းပေးပါမည်” ဟု ဆို၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ဆိတ်ဆိတ်နေကာ လက်ခံ၏။

ထို့နောက် အမျိုးသမီးသည် ကောင်းမွန်သောအဝတ်အစား၊ မွှေးပျံ့သော နံ့သာတို့ လိမ်းကျံကာ အသျှင်အနုရုဒ္ဓါထံ ချဉ်းကပ်၏။ အသျှင်အနုရုဒ္ဓါအား “တပည့်တော်မသည် အသျှင်ဘုရား၏ မယားဖြစ်လိုသည်” ဟု ဆို၏။ အသျှင်အနုရုဒ္ဓါလည်း ဆိတ်ဆိတ်ပင် နေ၏။ သုံးကြိမ်တိုင်တိုင် အမျိုးသမီးသည် ထိုသို့ပြောသော်လည်း အသျှင်အနုရုဒ္ဓါသည် ဆိတ်ဆိတ်ပင် နေ၏။

ထိုနောက် အမျိုးသမီးသည် အဝတ်ထဘီကို ချွတ်ကာ အသျှင်အနုရုဒ္ဓါ၏ ရှေ့တွင် ရပ်၊ ထိုင်၏၊ လျှောက်၏ စသည်ဖြင့် မြှူဆွယ်၏။ ထိုသို့ပြုလုပ်သော်လည်း အသျှင်အနုရုဒ္ဓါသည်ဣန္ဒြေကို စောင့်ထိန်းကာ ဘာမှမပြောဘဲ နေ၏။

ထို့နောက်တွင်မှ အမျိုးသမီးသည် မိမိမှား ကြောင်း သိလာသဖြင့် ဝန်ချတောင်းပန်၏။ အသျှင်အနုရုဒ္ဓါလည်း မလိမ္မာသည့်အလျောက် မိုက်မဲမှုကို ခွင့်လွှတ်ကြောင်းဆို၏။ ထိုညလွန်သည့်အခါ အမျိုးသမီးသည် အသျှင်အနုရုဒ္ဓါအား ခဲဖွယ်တို့ဖြင့် လုပ်ကျွေး၏။ ထို့နောက် အသျှင်အနုရုဒ္ဓါသည် အမျိုးသမီးအား တရားစကားဖြင့် ဆုံးမ၏။ ထို့နောက် သာဝတ္ထိသို့ ကြွလေ၏။

သာဝတ္ထိသို့ ရောက်သော် အထက်ပါဖြစ်ရပ်တို့ကို ရဟန်းတို့အား ပြောကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အသျှင်အနုရုဒ္ဓါသည် အဘယ်ကြောင့် မာတုဂါမ(အမျိုးသမီး) နှင့်အတူ အိပ်ဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထား၏။

မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါအား “မာတုဂါမနှင့် အတူအိပ်သည်မှာ မှန်သလော” ဟု မေး၏။ အသျှင်အနုရုဒ္ဓါလည်း “မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ []

သိက္ခာပုဒ်

ပြင်ဆင်ရန်

“အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်း) အား ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်