ဒူတဇာတ်
တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -၂၆၀ - ဒူတဇာတ်။ ။ တစ်သိန်းတန်သော မင်း၏ ပွဲတော်စာစားလို၍ ပရိယာယ်ဆောင်ကာ မင်းခွင့်ရသဖြင့် စားသောက်ပြီးလျှင် “အရှင်မင်းကြီး ... သတ္တဝါများသည် ဝမ်း၏တမန်ဖြစ်ကြသည်” ဟု လျှောက်ထားကောင်းသဖြင့် စည်းစိမ်များစွာခံစားရသော လုလင်အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်လျှပ်ပေါ်မှု ဆုံးမပြု
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လျှပ်ပေါ်လော်လည်သော ရဟန်းတစ်ပါးရှိလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ “ချစ်သားရဟန်း ... သင်သည် ယခုအခါ၌သာလျှင်လျှပ်ပေါ်လော်လည်သည် မဟုတ်၊ ရှေးအခါ၌လည်း လျှပ်ပေါ်လော်လည်ဖူးပြီ၊ လျှပ်ပေါ်လော်လည်ခြင်းကြောင့် သန်လျက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရမည်ဆဲဆဲ ဖြစ်ခဲ့ဖူးပြီ” ဟု - မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်သိန်းထိုက်စာစား မင်းတရား
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏သားဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကို သင်ယူပြီးလျှင် အဖမင်းကြီး သေလွန်သဖြင့် မင်းအဖြစ်သို့ရောက်လေ၏။ စင်ကြယ် သန့်ရှင်းသော ဘောဇဉ်ရှိသည်အဖြစ်ကြောင့် ဘောဇနသုဒ္ဓိကမင်းဟု အမည်တွင်လေ၏။
ထိုဘောဇနသုဒ္ဓိကမင်းသည် တစ်ခုသော စားတော်ထမင်းခွက်၌ အဖိုးတစ်သိန်းထိုက်တန်အောင် ပြုပြင်စီရင်ကာ စားလေ့ရှိသတတ်၊ စားသောအခါလည်း အိမ်၌ စာလေ့မရှိ၊ မိမိစားသော အစီအရင်ကို မြင်သောသူများကို ကုသိုလ်ကောင်းမှုပြုစေလိုသောကြောင့် အိမ်တံခါးဝယ် မဏ္ဍပ်ဆောက်လုပ်ကာ တန်ဆာဆင်စေပြီးလျှင် ထီးဖြူဆောင်းမိုးထားသော ရွှေရာဇပလ္လင်ထက်၌နေ၍ အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်၌ထည့်ကာ မင်းသမီးအပေါင်း ခြံရံလျက်စားတော်မူ၏။
စားမှုလော်လည် ဘေးရန်မှီ
ပြင်ဆင်ရန်ထိုအခါ လျှပ်ပေါ်လော်လည်သော ယောကျ်ားတစ်ယောက်သည် မင်းကြီးစားသော အစီအရင်ကို ကြည့်ရှုကာ အလွန်စားလိုသော ချင်ခြင်းကို ဖြေဖျောက်သည်းခံခြင်းငှာ မတတ်နိုင်ရကား - တစ်ခုသော ဥပါယ်သည်ရှိ၏ဟု ကြံစည်ပြီးလျှင် မြဲမြံစွာဝတ်၍ လက်တို့ကို မြှောက်ပြီးလျှင် “ငါတမန်တည်း”ဟု ကျယ်လောင်စွာ အော်ဟစ်လျက် မင်းကြီးထံသို့ သွားလေ၏။ [ထိုစဉ်အခါ ထိုအရပ်ဝယ် “ငါတမန်တည်း” ဟု ဆိုလတ်သော် မတားမြစ်ရ] ထိုကြောင့် လူတို့သည် နှစ်ဖြာကွဲကာ လမ်းဖွင့်၍ပေး၏။
ထိုယောကျာ်းသည် လျင်မြန်စွာသွား၍ မင်းကြီး စားတော်ခွက်၌ တစ်ခုသော ထမင်းဆုပ်ကိုယူကာ ပါးစပ်တွင် ခွံလေ၏။ ထိုအခါ သန်လျက်စွဲသော အစောင့်အရှောက်တို့သည် ထိုသူဦးခေါင်းကိုဖြတ်ရန် သန်လျက်ကို မိုးကြကုန်၏။ မင်းကြီးသည် မဖြတ်ရန် တားမြစ်တော်မူရ၏။ မကြောက်လင့်၊ စားပါဟု ဆိုပြီးလျှင် မင်းကြီးသည် လက်တို့ကို ဆေးကာ ထိုင်နေတော်မူ၏။ ထမင်းစားပြီးသောအခါ မိမိ၏ သောက်တော်ရေကို လည်းကောင်း၊ ရေခွက်ကိုလည်းကောင်း ပေးတော်မူ၏။
တမန်အကြောင်းလျှောက် ဆုလာဘ်ရောက်
ပြင်ဆင်ရန်ရေသောက်ပြီးလျှင် မင်းကြီးသည် ထိုယောကျ်ားအား “အချင်း ... သင်ကား တမန်ဟုဆို၏။ အဘယ်သူ၏ တမန်နည်း” ဟု မေးတော်မူသည်ရှိသော - ထိုယောကျ်ားသည် မင်းကြီးအား -
“မြတ်သောမင်းကြီး ... သတ္တဝါတို့သည် ဝမ်းပြည့်ရန်အကျိုးငှာ ရန်သူ့ထံကိုလည်း တောင်းခြင်းငှာ အရပ်ဝေးသို့လည်း သွားကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်။
မြတ်သောမင်းကြီး ... သတ္တဝါတို့သည် နေ့ညဉ့်တို့ပတ်လုံး ဝမ်း၏အလို နိုင်ငံသို့ လိုက်ကြရ၏။ အကျွန်ုပ်ကား ဝမ်း၏တမန် ဖြစ်ပါ၏။ အမျက်မထွက်ပါလင့်”
ဟု မကြောက်မရွံ့ လျှောက်ထားလေ၏။
မင်းကြီးသည် ထိုယောကျ်ား စကားကိုကြားလျှင် ထိုစကားသည် မှန်ပေ၏။ သတ္တဝါတို့ကား ဝမ်း၏ တမန် ဖြစ်ကြသဖြင့် တဏှာစီရင်ခြင်းကို ခံကြရကုန်။ ထိုယောကျ်ားကား အလွန်နှစ်သက်ဖွယ်သောစကားကို ဆိုပေ၏ဟု အလွန်နှစ်သက်ဝမ်းမြောက်ကာ -
“ပုဏ္ဏား ... သင်အား နွားလားဥသဘနှင့်တကွ နီမြန်းသော အဆင်းရှိသော နွားတစ်ထောင်ကို ငါပေးပါ၏။ ငါတို့အလုံးစုံသည် ဝမ်း၏တမန် ဖြစ်ကြသောကြောင့် တမန်ဖြစ်သောငါသည် တမန်ဖြစ်သော သင်ပုဏ္ဏားအား အဘယ်ကြောင့် မပေးဘဲရှိအံ့နည်း၊ မုချပေးမည်သာဖြစ်၏” –
ဟု မိန့်ဆိုတော်မူပြီးလျှင် သင်ကဲ့သို့သော သူသည် ငါ့အား မကြားစဖူးသောအကြောင်းကို ပြောဆိုပေသည်ဟု အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုယောကျ်ားအား များစွာသောစည်းစိမ်ကို ပေးတော်မူ၏။
ဤဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကိုပြသည်၏အဆုံး၌ လျှပ်ပေါ်လော်လည်သော ရဟန်းသည် သကဒါဂါမိဖိုလ်၌ တည်လေ၏။ များစွာသောရဟန်းတို့သည် သေတာပတ္ထိဖိုလ်စသည်တို့၌ တည်ကြကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ လော်လည်သောယောကျ်ားသည် - ယခုအခါ လော်လည်သောရဟန်း။
ဘောဇနသုဒ္ဓိကမင်းသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) တဏှာစီမံ၊ ဝမ်းကြောင်းခံ၊ နိယံတောင်းရှာဖွေ။
(၂) သတ္တဝါမှန်၊ ဝမ်းတမန်၊ ဧကန်မည်တော့ပေ။
(၃) လျှပ်ပေါ်သောမှု၊ လော်လည်မှု၊ မပြုရှောင်ကြဉ်လေ။
ဒူတဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။