`ဒေဝေါ´ဆိုသည်မှာ မိုးနတ်သားကိုရည်ညွှန်းပြောလိုရင်းဖြစ်ကြောင်း မိုးရွာတော့မည်ဖြစ်ကြောင်း မိုးကြီးလေကြီးကျလာနိုင်ကြောင်း အချင်းချင်းသတိပေးပြောကြားရာတွင် သုံးစွဲခဲ့ကြောင်း မြန်မာ့ရိုးရာပုံပြင်တစ်ပုဒ်ကြောင့်သိရသည်။

ဒေဝေါပုံပြင် ပြင်ဆင်ရန်

တောင်သူကြီးတစ်ဦးက သားသမီးများကို ဒေဝေါလာတော့မည် သိမ်းဆည်းစရာအလုပ်များကိုသွက်သွက်လုပ်ကြဟု နှိုးဆော်သတိပေးသည်။ တောင်သူကြီး၏နွားများကိုညအမှောင်ရောက်လျှင်ဝင်ဆွဲရန်ခြုံခိုစောင့်နေသည့် ကျားတစ်ကောင်က ရေးကြီးသုတ်ပျာသိမ်းဆည်းကြသူများ၏အပြုအမူကြောင့် `ဒေဝေါ´ဆိုသည်မှာကြောက်စရာ သတ္တဝါတစ်ကောင်ဖြစ်မည်ဟုတွေးထင်သည်။ ထို့အတူလယ်ယာထွက်ကုန်များခိုးယူရန် သစ်ပင်တစ်ပင်ပေါ်မှစောင့်ဆိုင်းနေသော သူခိုးကလည်း ကျားကဲ့သို့ပင်တွေးမိသည်။ ကြောက်စိတ်ကိုယ်စီဖြင့်အခွင့်အခါရောက်အောင်စောင့်ဆိုင်းနေကြစဉ် သူခိုးက ကျားအပေါ် ပြုတ်ကျပြီးခွစီးလိုက်သလိုဖြစ်သွားသည်။ ကျားကငါ့အပေါ်`ဒေဝေါ´ခုန်ချလေပြီဟု ကြောက်လန့်တကြားထွက်ပြေးသလိုသူခိုးကလည်းဆွဲမိဆွဲရာကျား၏နားရွက်ဆွဲမိရင်းထိတ်လန့်စွာဖြင့် တစ်ညလုံးလိုက်ပါနေရသည်ဆို၏။ နံနက်အလင်းရောင်ထွက်ပြူလာမှအခြေအနေကိုဦးစွာရိပ်မိသောသူခိုးက သစ်ပင်တစ်ပင်၏ကိုင်းကိုတွဲခိုကာပြေးလွှားနေဆဲကျားပေါ်မှနေရစ်ခဲ့သည်။ ကျားရန်ကိုကြောက်သဖြင့်သစ်ခေါင်းတွင်းဝင်ပုံးနေခဲ့သည်။ ကျား၏အံ့ဩဖွယ်အတွေ့အကြုံကို စပ်စုသိရှိရသောမျောက်က ဆက်လက်စူးစမ်းလိုသဖြင့် ထွက်မပြေးကြစတမ်းသဘောတူညီချက်ဖြင့် အမြီးချင်းချည်နှောင်ကာ ဒေဝေါဆင်းကျန်ရစ်သည်ဟူသောသစ်ပင်ရှိရာပြန်သွားကြသည်။ ဒေဝေါ၏အရိပ်အခြေကိုမတွေ့သဖြင့် သစ်ခေါင်းအတွင်းသို့ တုတ်တစ်ချောင်းဖြင့်ဦးစွာထိုးကြည့်ရာ သူခိုးက တုတ်ကိုဆွဲယူထားလိုက်သည်။ ဆက်လက်၍မျောက်က ချည်နှောင်ထားသောအမြီးဖြင့်သစ်ခေါင်းအတွင်းထိုးသွင်းစူးစမ်းပြန်ရာ သူခိုးကအမြီးကိုဆွဲ၍ တုတ်ဖြင့်ထိုးလွှတ်သည်ဆို၏။ ထိုအခါမျောက်လည်း နာကျင်ထိတ်လန့်စွာဖြင့် ဒေဝေါမဟုတ်ဘူး မြီးဆွဲဒုတ်ထိုးဟ ဟုအော်ဟစ်လေရာ နဂိုကပင်ကြောက်လန့်နေသောကျားလည်းထွက်ပြေးပြန်သဖြင့် ဒရွတ်တိုက်ပါသွားသောမျောက်မှာသေပွဲဝင်ရရှာသည်ဟု ဆိုလေသည်။ ထိုအခါမှစ၍ ရှေ့နောက်ဆင်ခြင်စဉ်းစားမှုမရှိပဲ ကမန်းကတန်း အလျှင်အမြန် လုပ်ကိုင်တတ်ကြသူများကို မီးဆွဲဒုတ်ထိုး(ဖြစ်အောင်)မလုပ်နှင့်ဟု ဆုံးမတတ်သလို `ဒေဝေါ´ဆိုသည်မှာလည်း မသိနားမလည်သူများအတွက် ကြောက်ရွံ့ထိတ်လန့်စရာဖြစ်ခဲ့ဖူးကြောင်း သိမှတ်ကြသည်။