ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ


၁၉၄၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။
  • စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။
  • ၁၉၄၃ ဇွန် ၁၃၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သားဦး အောင်ဆန်းဦးကို ဖွားမြင်သည်။
  • ၁၉၄၄ မေ ၁၀၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား အောင်ဆန်းလင်းကို ဖွားမြင်သည်။
  • ၁၉၄၅ ဇွန် ၁၉၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ တတိယမြောက် သမီး အောင်ဆန်းစုကြည်ကို ဖွားမြင်သည်။
  • ၁၉၄၆ စက်တင်ဘာ ၂၂၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ စတုတ္ထသမီးကို ဖွားမြင်သည်။ (ဖွားမြင်ပြီး ၅ ရက်အကြာတွင် ကွယ်လွန်သည်။)
  • ၁၉၄၇ ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ လက်ပါးစေလူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသည်။ လုပ်ကြံခံရစဉ်က အောင်ဆန်းစုကြည်သည် ၂ နှစ်သမီးအရွယ်သာ ရှိသေးသည်။
  • ၁၉၄၉၊ ရန်ကုန်မြို့စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် စတင် ပညာသင်ကြားသည်။

၁၉၅၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၅၃ ဇန်နဝါရီလ ၁၆၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုလတ် အောင်ဆန်းလင်းသည် အမှတ်၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) ရှိနေအိမ်၌ ရေနစ် သေဆုံးသည်။
  • မေလ၊ အမှတ် ၂၅၊ တာဝါလိန်းလမ်းနေအိမ်မှ ဗဟန်းမြို့နယ် အမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်မိသားစု ပြောင်းရွေ့သည်။
  • ၁၉၅၇ မှ ၁၉၆၀၊ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း(အထက - ၁ ဒဂုံ) တွင် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ပညာသင်ကြားခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၆၀၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လိုက်ပါနေထိုင်ခဲ့သည်။
  • ၁၉၆၀ မှ ၁၉၆၁၊ ဒေါ်အောင်ဆန်းစုကြည်သည် ယေရူနှင့် မေရီကွန်ဗင့်ကျောင်း (Convent of Jesus and Mary) နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Sheri Ram College) တို့၌ ဆက်လက် ပညာသင်ကြားသည်။
  • ၁၉၆၂ မှ ၁၉၆၃၊ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။
  • ၁၉၆၄ မှ ၁၉၆၇၊ အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
  • ၁၉၆၈၊ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။
  • ၁၉၆၉ မှ ၁၉၇၁၊ နယူးယောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအကြံပေးကော်မတီ (Advisory Committee on Administrative and Budgetary Questions, United Nations Secretariat, New York တွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၇၁ နိုဝင်ဘာ ၃၁၊ မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာသ မိုင်းအကြောင်း သုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် (Dr. Michael Viallancourt Aris) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်သည်။
  • ၁၉၇၂ မှ ၁၉၇၃၊ ဒေါ်အောင်ဆန်းစုကြည်သည် ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၁၉၇၃ ဧပြီ ၁၂၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲရစ်တို့၏ သားကြီး မြင့်ဆန်းအောင် ခေါ် အလက်ဇန်ဒါး (Alexander John Christopher Aris) ကို ဖွားမြင်ခဲ့သည်။
  • ၁၉၇၅ မှ ၁၉၇၇၊ အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက် (Bodleian Library) ၌ မြန်မာစာနှင့် ပေပရပိုက်ကတ်တလောက် ပြုစုသူပညာရှင်အဖြစ် ဆောင်ရွက်သည်။
  • ၁၉၇၇ စက်တင်ဘာ ၂၄၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်တို့၏ သားငယ် ထိန်လင်း ခေါ် ကင်မ် (Dannian Kim Arundel Aris) ကို ဖွားမြင်သည်။

၁၉၈၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၈၅ မှ ၁၉၈၆၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည်။
  • ၁၉၈၇၊ အိန္ဒိယနိုင်ငံ ဆင်းမလင်းမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်သည်။
  • - လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်းကိုတင်သွင်းသည်။
  • ၁၉၈၈၊ လန်ဒန်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် သတ်မှတ်သည်။
  • ၁၉၈၈ မတ်၊ မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်းဖြစ်မှုကြောင့် မိခင်ကြီးအား ပြုစုစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။
  • ဩဂုတ်လ ၈၊ မြန်မာနိုင်ငံတဝှမ်းလုံး၌ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
  • ဩဂုတ် ၂၆၊ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆလအစိုးရ၏ ပြည်သူလူထုအား အကြမ်းဖက်ဖြိုခွဲနေမှုကို ဆန့်ကျင်ခဲ့သော မိန့်ခွန်းကို လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲ၌ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။
  • ၁၉၈၈ စက်တင်ဘာလ ၁၄၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ ပြည်သူတရပ်လုံးသို့ ပန်ကြားချက်စာတစောင် ထုတ်ပြန်ကြေညာသည်။
  • စက်တင်ဘာ ၁၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပိုက်ကာ နအဖခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
  • စက်တင်ဘာ ၂၇၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ သူရဦးတင်ဦး၊ ဦးဝင်းတင်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ

(၁) ဦးအောင်ကြီး - ဥက္ကဋ္ဌ

(၂) သူရဦးတင်ဦး - ဒုဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၄) ဦးကြည်ဟန် - အတွင်းရေးမှူးအဖွဲ့ဝင်

(၅) ဦးချစ်ခိုင် - အတွင်းရေးမှူးအဖွဲ့ဝင်

(၆) ဦးဝင်းတင် - အတွင်းရေးမှူးအဖွဲ့ဝင်

(၇) ဒေါ်မြင့်မြင့်ခင် - လူထုလူတန်းစား ဌာနမှူး

(၈) ဦးလွင် - ဘဏ္ဍာရေး ဌာနမှူး

(၉) ဦးအောင်လွင် - ပြန်ကြားရေး ဌာနမှူး

(၁၀) ဦးအောင်ရွှေ - စည်းရုံးရေး ဌာနမှူး

(၁၁) ဦးကြည်မောင် - သုတေသန ဌာနမှူး

(၁၂) ဦးဘရွှေ - အုပ်ချုပ်ရေး ဌာနမှူးတို့ ဖြစ်သည်။

  • စက်တင်ဘာ ၃၀၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင် မှတ်ပုံတင်ခဲ့သည်။ အဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။
  • အောက်တိုဘာ ၃၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာသည်။
  • ဒီဇင်ဘာ ၁၀၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးအား ရွေးချယ်တင်မြှောက်လိုက်ကြောင်းနှင့် ဦးအောင်ကြီးနှင့်အတူ အခြားဗဟိုဦးစီး အဖွဲ့ဝင်များ ဖြစ်ကြသော (၁) ဦးကြည်ဟန် (၂) ဦးဘရွှေ၊ (၃) ဦးနန်းနွယ်၊ (၄) ဦးကျော်မြင့်လေး၊ (၅) ဦးခင်မောင်မောင်၊ (၆) ဦးသာထို၊ (၇) ဦးသိန်းနိုင်၊ (၈) ဦးမင်းဒင်၊ (၉) ဦးခင်ညို၊ (၁၀) ဦးဘိုး အောင်၊ (၁၁) ဦးမောင်မောင်၊ (၁၂) ဦးဇော်ဝင်းဦးတို့ကလည်း အဖွဲ့ချုပ်အဖွဲ့ဝင်များအဖြစ် နုတ်ထွက်ပြီးဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်သို့ အကြောင်းကြားခဲ့သည်။
  • ဒီဇင်ဘာ ၁၃၊ အဖွဲ့ချုပ်မှ ဦးအောင်ကြီး အပါအဝင် ပုဂ္ဂိုလ် (၁၂) ဦးကို ထုတ်ပယ်လိုက်ကြောင်း ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့သည်။
  • ဒီဇင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ သား အောင်ဆန်းဦးနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့သည်။
  • ၁၉၈၉ ဖေဖော်ဝါရီ ၉၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲဲ့ကို ပြင်ဆင် ဖွဲ့စည်း၍ ရွေးကောက်ပွဲကော်မရှင်သို့ပေးပို့သည်။ ယင်းတို့မှာ -

(၁) ဦးတင်ဦး - ဥက္ကဋ္ဌ

(၂) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၃) ဦးဝင်းတင် - အတွင်းရေးမှူး

(၄) ဦးချစ်ခိုင် - အတွင်းရေးမှူး

(၅) ဦးကြည်မောင် - သုတေသနမှူး

(၆) ဦးအောင်ရွှေ - စည်းရုံးရေးမှူး

(၇) ဦးလွင် - ဘဏ္ဍာရေးမှူး

(၈) ဦးအောင်လွင် - ပြန်ကြားရေးမှူး

(၉) ဒေါ်မြင့်မြင့်ခင် - လူထုလူတန်းစား ဌာနမှူး တို့ ဖြစ်သည်။

  • ဇူလိုင် ၂၀၊ ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။
  • ဒီဇင်ဘာ ၂၂၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။

၁၉၉၀ ပြည့်လွန်နှစ်များ ပြင်ဆင်ရန်

  • ၁၉၉၀ မတ်လ ၂၇၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အနိုင် ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။
  • ဇူလိုင်လ ၂၇၊ န၀တ စစ်အစိုးရသည် အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ဖြင့် အမိန့် အမှတ် ၁/၉၀ ကို ထုတ်ပြန်၍ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈-၂၉ တွင် အဖွဲ့ချုပ်ဗဟို ဦးစီးအဖွဲ့မှ ကြီးမှူးပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ်များ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကြီးကို ဟန့်တားကန့်သတ်လိုက်သည်။
  • ဇူလိုင် ၂၈၊ ၂၉၊ ယာယီဥက္ကဋ္ဌ ဦးကြည်မောင် ဦးစီးသည့် ဂန္ဒီခန်းမ အစည်းအဝေးကြီးကို ပြုလုပ်ခဲ့သည်။
  • ၁၉၉၁ ဒီဇင်ဘာ ၁၀၊ ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ခဲ့ရာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို မိခင်ကိုယ်စား သားကြီးဖြစ်သူ မြင့်ဆန်းအောင်က နော်ဝေးနိုင်ငံ အော်စလိုမြို့၌ တက်ရောက် ဆုယူခဲ့သည်။
  • ၁၉၉၅ ဇူလိုင်လ ၁၀၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အဖြစ် တားဆီးထား သည့်အမိန်အား န၀တအစိုးရမှ ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။

- နယူးယောက်အခြေစိုက် ‘မစ်’ (Ms) မဂ္ဂဇင်းမှ ၁၉၉၅ ခုနှစ်အတွက် အမျိုးသမီး ထူးချွန်ဆုရွေးချယ်ရာ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့သည်။

  • ၁၉၉၉၊ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

၂၀၀၀-၂၀၀၉ ပြင်ဆင်ရန်

  • ၂၀၀၀ မတ် ၁၈၊ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒဗ္ဗလင်မြို့ တော် လွတ်လပ်ရေးဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
  • ၂၀၀၀ ဩဂုတ် ၂၄၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယ ဥက္ကဋ္ဌသူရဦးတင်ဦး ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌသခင်စိုးမြင့်၊ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဒေါက်တာ မျိုးအောင်၊ အဖွဲ့ချုပ်လူငယ် ၁၆ ဦး (ယာဉ်မောင်းနှစ်ဦး အပါအဝင်) တို့နှင့်အတူ ရန်ကုန်တဖက်ကမ်း ဒလမြို့မှ တဆင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များသို့ စည်းရုံးရေးကိစ္စများဆောင်ရွက်ရန် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှတဆင့် ခရီးထွက်ရန်စီစဉ်ခဲ့ရာ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ၁ နာရီခွဲခန့် အာဏာပိုင်များမှ ပိတ်ဆို့ထားခဲ့ပြီး တဖက်ကမ်းသို့ ကူးခွင့်ရခဲ့သည်။ ဒလမြို့သို့ ရောက်ရှိသည့်အခါ ကြိုတင်စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ကားနှစ်စီးဖြင့် ကွမ်းခြံကုန်းသို့ ခရီးထွက်လာစဉ် ဒလမြို့မှ ၃ မိုင်ခန့်အရောက် ကျန်စစ်သားရပ်ကွက်တွင် အာဏာပိုင်များမှ ရှေ့ခရီးမဆက်နိုင်ရန် အတင်းအဓမ္မ ပိတ်ဆို့ထားမြစ်ထားခဲ့သဖြင့် စက်တင်ဘာလ (၁) ရက် နေ့ည ၁၁း၁၅ နာရီအချိန်တွင် ရဲတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေး အင်အား ၃၀၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်အဖွဲ့အား ဝင်ရောက်စီးနင်းပြီး အတင်းအကြပ် ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်ပို့ခဲ့သည်။
  • ၂၀၀၀ စက်တင်ဘာ ၁ မှ ၁၄ ထိ၊ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခဲ့ပြန်သည်။
  • ၂၀၀၀ စက်တင်ဘာ ၂၁၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယဥက္ကဋ္ဌဦးတင်ဦးနှင့်အတူ အဖွဲ့ဝင်များလိုက်ပါ၍ အဖွဲ့ချုပ်လှုပ်ရှားမှုမရှိနိုင်ရန် ပိတ်ပင်တားဆီးမှုများ၊ အဖွဲ့ချုပ်ရုံးများ ပိတ်သိမ်းခြင်း၊ ဆိုင်းဘုတ်များချစေခြင်းများကို စုံစမ်းလေ့လာရန် ပထမခရီးစဉ်အဖြစ် ညနေ မီးရထားဖြင့် မန္တလေးမြို့သို့သွားရောက်ရန် စီစဉ်ခဲ့ရာ မီးရထားလက်မှတ် ကုန်နေသည်ဟု အကြောင်းပြ၍ လက်မှတ်ရောင်းချမပေးဘဲ နောက်တနေ့ နံနက် စောစော ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်ဘူတာကြီးမှ အဓမ္မနေအိမ်သို့ပြန်ပို့ပြီး တတိယအကြိမ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
  • ၂၀၀၁၊ ဒေါ်အောင်ဆန်းစုကြည်အား ဂျာမနီအခြေစိုက် နိုင်ငံတကာ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများ လွတ်လပ်စွာ ပေါင်းစည်းရေးဆိုင်ရာ ဆုပေးရေးအဖွဲ့ကြီးက Colleague United Nations ဆုချီးမြှင့်သည်။
  • ၂၀၀၂ မေ ၆၊ ကုလသမဂ္ဂ၏ လျှို့ဝှက်ယုံကြည်မှု ညှိနှိုင်းချက်အရ ဒေါ်အောင်ဆန်းစုကြည် အား နအဖအစိုးရက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။
  • ၂၀၀၂ မေ ၂၃၊ ဗိုလ်မှူးအောင် ဦးဆောင်သည့် ဝါရင့်နိုင်ငံရေးသမားကြီးများက ဒေါ်အောင်ဆန်းစုကြည်အား သခင်သိန်းဖေနေအိမ်တွင် ဂုဏ်ပြုပွဲကျင်းပသည်။
  • ၂၀၀၂ မေ ၂၅၊ အမေရိကန်ပြည်ထောင်စုရှိ ဘာ့သ်ကောလိပ်၏ ၁၄၂ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်သည်။
  • ၂၀၀၃ မေ ၃၀၊ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း သူမ၏ယာဉ်တန်းအား စစ်အစိုးရ၏ ဒေါက်တိုင် အဖွဲ့အစည်းများဖြစ်ကြသော ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဒီပဲယင်းမြို့နယ် ကျီရွာအနီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။ သူမအားထောက်ခံသည့် အဖွဲ့ဝင်များ (၈၀)ကျော် သေဆုံး၍ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
  • ၂၀၀၃ ၃၁၊ ဒေါ်အောင်ဆန်းစုကြည်သည် နအဖ လက်ပါးစေများ၏ ချောင်းမြောင်းတိုက်ခိုက်မှု ခံခဲ့ရာမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးနောက် ရေဦးမြို့အဝင်ဂိတ်အရောက်၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည်။
  • ၂၀၀၃ ဇွန် ၂၊ ဒေါ်အောင်ဆန်းစုကြည်အား အမှတ် (၆) တင့်ကားတပ်ရင်း ဧည့်ရိပ်သာတွင် ဖမ်းဆီးထားရာမှ အင်းစိန်ထောင်သို့ပို့၍ ထိန်းသိမ်းခဲ့သည်။
  • ၂၀၀၃ ဇွန် ၂၄၊ အင်းစိန်ထောင်မှ ဒေါ်အောင်ဆန်းစုကြည်အား ရဲမွန်တပ်စခန်းရှိ ရဲခေါင်ရိပ်သာသို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့သည်။
  • ၂၀၀၃ စက်တင်ဘာ ၁၆၊ ဒေါ်အောင်ဆန်းစုကြည်အား ဆေးရုံတက် ခွဲစိတ်ကုသရန်အတွက် ရဲမွန်ရိပ်သာမှ ရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံသို့ တင်ပို့ခဲ့သည်။
  • ၂၀၀၃ စက်တင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား အာရှတော်ဝင်ဆေးရုံမှ နေအိမ်သို့ ပြန်ပို့၍ စတုတ္ထအကြိမ် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခဲ့သည်။
  • ၂၀၀၄ ဧပြီ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား တော်ကိုရီးယားနိုင်ငံမှ ၂၀၀၄ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြှင့်သည်။
  • ၂၀၀၄ နိုဝင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလို သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ)ဖြင့် ပြစ်ဒဏ် တနှစ် ထပ်မံတိုးခဲ့သည်။
  • ၂၀၀၅ နိုဝင်ဘာ ၂၇၊ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ပြစ်ဒဏ် (၆) လ ထပ်မံတိုးခဲ့သည်။
  • ၂၀၀၆ မတ် ၁၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၅ ခုနှစ်အတွက် အိုလော့ပန်းဆု ချီးမြှင့်ခဲ့သည်။
  • ၂၀၀၆ မေလ ၂၀၊ ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂနိုင်ငံရေးဌာနမှ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဘရာဟင်ဂမ်ဘာရီက တွေ့ဆုံခဲ့သည်။
  • ၂၀၀၆ မေလ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား နအဖ အစိုးရက အကျယ်ချုပ်သက်တမ်း တနှစ်ထပ်မံ တိုးခဲ့သည်။
  • ၂၀၀၆ နိုဝင်ဘာ ၁၁၊ ဒေါ်အောင်ဆန်းစုကြည်အား ကုလလက်ထောက်အထွေထွေ အတွင်းရေးမှူး ဂမ်ဘာရီက သွားရောက်တွေ့ဆုံခဲ့သည်။
  • ၂၀၀၇ ဇန်နဝါရီ ၁၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
  • ၂၀၀၇ ဇန်နဝါရီ ၁၈၊ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုဘယ်ဆုကြေးငွေများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ၌ စွပ်စွဲရေးသားသည်။
  • ၂၀၀၇ အောက်တိုဘာ ၂၊ စက်တင်ဘာ ရွှေဝါရောင် သံဃာ့တော်လှန်ရေးကြီးအပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် အား ထပ်မံတွေ့ဆုံခဲ့သည်။
  • ၂၀၀၇ အောက်တိုဘာ ၂၄၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် (၁၂) နှစ်ပြည့်အဖြစ် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်တည်း ဆန္ဒပြပွဲကျင်းပခဲ့ကြသည်။
  • ၂၀၀၇ အောက်တိုဘာ ၂၅၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုနိုင်ရန် ကြားခံ ဆက်သွယ်ရေးဝန်ကြီးအတွက် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို နအဖ အစိုးရက ခန့်အပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး အတုအယောင်များ ဖန်တီးပြသခဲ့သည်။
  • ၂၀၀၇ နိုဝင်ဘာ ၈၊ ဒေါ်အောင်ဆန်းစုကြည် (၃)နှစ်အတွင်း ပထမဆုံးအကြိမ် သူမ၏ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
  • ၂၀၀၉ မေ ၁၅၊ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ်ခြံဝင်းအတွင်းသို့ နအဖ စစ်အစိုးရ အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။
  • ၂၀၀၉ မေ ၁၈၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ တရားစွဲဆိုသည်။
  • ၂၀၀၉ ဩဂုတ် ၁၁၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန်စာဖြင့် ထိုချမှတ်ထားသည့်ပြစ်ဒဏ်ကို ထက်ဝက်လျော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် (၁၈) လသို့ ပြောင်းလဲ ချမှတ်ပေးလိုက်သည်။
  • ၂၀၀၉ အောက်တိုဘာ ၂၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖစစ်အစိုးရက မတရားပြစ် ဒဏ်ချမှတ်မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေများက အယူခံလွှာတင်သွင်းမှုကို တိုင်းတရားရုံးက ပယ်ချခဲ့သည်။
  • ၂၀၀၉ ဒီဇင်ဘာလ ၂၁၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့ အယူခံ ပြင်ဆင်ခွင့်လျှောက်ထားမှုကို ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။

၂၀၁၀ ပြင်ဆင်ရန်

  • ၂၀၁၀ ဇန်နဝါရီ ၁၄၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ -

(၁) ဦးအောင်ရွှေ - ဥက္ကဋ္ဌ

(၂) သူရဦးတင်ဦး - ဒုတိယ ဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၄) ဦးလွင် - အတွင်းရေးမှူး

(၅) ဦးဝင်းတင် - အဖွဲ့ဝင်

(၆) ဦးခင်မောင်ဆွေ - အဖွဲ့ဝင်

(၇) ဦးသန်းထွန်း - အဖွဲ့ဝင်

(၈) ဦးစိုးမြင့် - အဖွဲ့ဝင်

(၉) ဦးလှဖေ - အဖွဲ့ဝင်

(၁၀) ဦးလွန်းတင် - အဖွဲ့ဝင်

(၁၁) ဦးညွနေ့်၀ - အဖွဲ့ဝင်

(၁၂) ဒေါက်တာသန်းငြိမ်း - အဖွဲ့ဝင်

(၁၃) ဦးအုန်းကြိုင် - အဖွဲ့ဝင်

(၁၄) ဦးဝင်းမြင့် - အဖွဲ့ဝင်

(၁၅) ဦးထွန်းထွန်းဟိန် - အဖွဲ့ဝင်

(၁၆) ဒေါက်တာဝင်းနိုင် - အဖွဲ့ဝင်

(၁၇) ဦးဉာဏ်ဝင်း - အဖွဲ့ဝင်

(၁၈) ဦးဟံသာမြင့် - အဖွဲ့ဝင်

(၁၉) ဦးသိန်းညွန့် - အဖွဲ့ဝင်

(၂၀) ဒေါက်တာမေဝင်းမြင့် - အဖွဲ့ဝင် တို့ဖြစ်သည်။

  • ၂၀၁၀ နိုဝင်ဘာ ၁၃၊ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်ပေးခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် မိနစ်ပိုင်းအတွင်းမှာပင် သူ့ခြံရှေ့သို့ထွက်၍ လူထုကို မိန့်ခွန်းတို ပြောကြားခဲ့သည်။
  • နိုဝင်ဘာ ၁၄၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီး နောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ နေ့လယ် ၁၂ နာရီတွင် လူထုအား နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
  • နိုဝင်ဘာ ၂၃၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် သားငယ်ကင်မ်ခေါ် ကိုထိန်လင်းသည် ပြည်ဝင်ခွင့်ဗီဇာရရှိသဖြင့် မြန်မာနိုင်ငံသို့လာရောက်ပြီး မိခင်ဖြစ်သူအား တွေ့ဆုံသည်။
  • နိုဝင်ဘာ ၂၆၊ လွတ်လပ်သည့်အာရှအသံ (R.F.A) မှ စီစဉ်တင်ဆက်သည့် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ၌ အနယ်နယ်အရပ်ရပ် ပရိသတ်များ၏ မေးမြန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ် ဖြေကြားခဲ့သည်။
  • ဒီဇင်ဘာ ၂၈၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များအား အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေး၍ ဩဝါဒစကား ပြောကြားသည်။

၂၀၁၁ ပြင်ဆင်ရန်

  • ၂၀၁၁ မေလ ၁၂၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယားသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
  • မေ ၁၉၊ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
  • ဇွန်လ ၁၀ မှ ၁၉၊ မြန်မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ်အောင်ဆန်းစုကြည် မွေးနေ့) အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို အဖွဲ့ချုပ်ရုံး၌စည်ကားစွာ ပြုလုပ်ခဲ့သည်။
  • ဇွန်လ ၁၉၊ ပြည်တွင်း ပြည်ပမြို့ကြီးများ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
  • ဇွန် ၂၁၊ ဒေါ်အောင်ဆန်းစုကြည်အား EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာအကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးနှင့် အီးယူကိုယ်စားလှယ် (၁၁) ဦးတို့က ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
  • ဇွန် ၂၃၊ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံခြားရေး ဒုတိယဝန်ကြီး Ms. Narupama Rao က သူမ၏နေအိမ် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
  • ဇူလိုင်လ ၄ မှ ၇၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေသော သားငယ် ကိုထိန်လင်းနှင့်အတူ (၄) ရက်ကြာ ပုဂံဘုရားဖူး သွားရောက်ခဲ့သည်။
  • ဇူလိုင် ၁၉၊ (၆၄) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်၍ အာဇာနည်ကြီးများကို လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။
  • ဇူလိုင် ၂၅၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် နေ့လယ် တနာရီတွင် တက္ကသိုလ်ရိပ်သာလမ်း စိန်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ ၁ နာရီနှင့် ၁၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းထောက် ၈၀ ကျော်၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားသွားခဲ့သည်။

[၁]

၂၀၁၇ ပြင်ဆင်ရန်

  • ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရန် ဇွန် ၆ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အော့တဝါမြို့သို့ ကနေဒါလေကြောင်းလိုင်းဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မက်ဒေါ်နယ် ကာတီရား အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ မြန်မာသံရုံး ဝန်ထမ်းများကို တွေ့ဆုံ။[၂]

၂၀၂၁ ပြင်ဆင်ရန်

  • ​ဖေဖော်ဝါရီ ၁၊ တပ်မတော်မှအာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ရာထူးမှဖယ်ရှားခဲ့ကာ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. သန်းဝင်းလှိုင်(ဩဂုတ် ၅၊ ၂၀၁၁)
  2. ကြေးမုံ။ ၇၊ ဇွန်၊ ၂၀၁၇။ p. ၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)