ကာဠဝဠိယ သည် ဆင်းရဲသားတစ်ဦး ဖြစ်သည်။ နောင်အခါတွင် ဓနသေဋ္ဌိ အမည်ဖြင့် ရာဇဂြိုဟ်ပြည်၏ သူဌေးကြီးအဖြစ် မြှောက်စားခံရသည်။[၁]

ယာဂုလှူဒါန်းခြင်း ပြင်ဆင်ရန်

ရှင်မဟာကဿပသည် နိရောဓ သမာပတ်မှ ထ၏။ ထိုနောက် ချီးမြှောက်ရမည့်သူကို ကြည့်ရာ ကာဠဝဠိယ ဆင်းရဲသားကို မြင်၏။ ထို့နောက် ကာဠဝဠိယ၏ အိမ်တံခါးဝသို့ ကြွကာ ဆွမ်းခံရပ်တော်မူ၏။ ကာဠဝဠိယ၏ ဇနီးသည် မထေရ်အား ယာဂုချဉ်အားလုံးကို လှူဒါန်းလေသည်။

မထေရ်လည်း ကျောင်းတော်သို့ ပြန်လာကာ ယာဂုကို မြတ်စွာဘုရားအား ကပ်၏။ မြတ်စွာဘုရားလည်း မျှတရုံ ဘုဉ်းပေး၍ ကျန်ရစ်သော ယာဂုတို့သည် ရဟန်းငါးရာတို့ကို လောက်ငလေသည်။ ထိုအချိန်တွင် ကာဠဝဠိယသည် ဆွမ်းကြွင်းဆွမ်းကျန်တောင်းရန် ရောက်လာရာ ယာဂုအနည်းငယ်ရ၏။ ရှင်မဟာကဿပက ယာဂုလှူဒါန်းသူ ရမည့် အကျိုးကို မြတ်စွာဘုရားအား မေးမြန်း၏။ မြတ်စွာဘုရားက လှူဒါန်းသူသည် ခုနစ်ရက်အတွင်း သူဌေးဖြစ်မည်ဟု မိန့်သည်ကို ကာဠဝဠိယ ကြား၏။ ထို့နောက် မိမိ၏ ဇနီးဖြစ်သူကို ပြောပြလေ၏။[၁]

သူဌေးဖြစ်ခြင်း ပြင်ဆင်ရန်

တခါသော် ဗိမ္ဗိသာရမင်းတွင် မြို့ပြင်ရှိ ရာဇဝတ်သားကို ပွဲတော်စာ ထမင်းကို ပို့ရန် အကြောင်းပေါ်၏။ မြို့အပြင်သည် ဘီလူးများလှည့်လည်သောင်းကျန်းလျက် ရှိပြီး ပို့ရမည်မှာ ညအချိန်ဖြစ်နေသောကြောင့် အခက်တွေ့နေ၏။ ထို့ကြောင့် ပို့ဆောင်ပေးနိုင်သူကို အသပြာတစ်ထောင်ပေးမည်ဟု ပြော၏။ ပထမအကြိမ်၊ ဒုတိယအကြိမ် ကြေညာသောအခါ ယူဝံ့သူမရှိဘဲ ဖြစ်နေ၏။ တတိအကြိမ်ကြေညာသောအခါ ကာဠဝဠိယ၏ ဇနီးသည် အသပြာတစ်ထောင်ကို ယူလိုက်၏။ ထို့နောက် ယောက်ျားအသွင်ယူကာ မြို့ပြင်ရှိ ရာဇဝတ်သားထံသို့ ထမင်းသွားပို့လေ၏။

မြို့အပြင်သို့ ရောက်သော် ဒီဃတာလဘီလူးသည် မြင်လေ၏။ ထို့နော် ဘီလူးသည် သူမအား "မိမိ၏ အစာ ဖြစ်ပြီ" ဟု ခြိမ်းခြောက်စကားကိုဆို၏။ ထို့အခါ သူမက မိမိသည် မင်းကြီး၏ တမန်တော် ဖြစ်သည်ဟု ပြော၏။ ဘီလူးသည် အဘယ်သို့ သွားမည်ကို မေးလေ၏။ သူမလည်း ရာဇဝတ်သားထံသို့ သွားမည့်အကြောင်း ပြော၏။ ဘီလူးလည်း သူမအား " သုမနနတ်မင်း၏ သမီး ဒီဃတာလနတ်ဘီလူး၏ ဇနီး ကာဠီသည် သားဖွားလေပြီ" ဟု အော်ကာ ပြောကြားသွားပေးရန် ပြော၏။ ထိုသတင်းစကားပါးခ အဖြစ် ပြောကြားခအဖြစ် ထန်းပင်အောက်ရှိ ရွှေအိုးခုနစ်လုံးကို ပေး၏။ ထို့နောက် ကာဠဝဠိယ၏ ဇနီးသည် ထိုစကားကို လမ်းတစ်လျှောက် အော်ကာ သွား၏။ သုမနနတ်မင်းကြီးကြားသော် ဤလူသားသည် ငါ့အတွက် ကောင်းသောသတင်းစကားကို ယူဆောင်လာခဲ့သည်ဟု ဆိုကာ အပင်ပတ်ပတ်လည်တွင် ရွှေအိုးများရှိကြောင်း၊ ထိုရွှေအိုးများကိုလည်း ပေး၏ ဟု ပြောကာပေးလေ၏။ ထို့နောက်တွင်မူ ကားစင်ရှိ ရာဇဝတ်သားရှိရာသို့ ရောက်လေ၏။

ရာဇဝတ်သားကို ထမင်းခွံ့ကျွေး၏။ ကျွေးပြီးသောအခါ ပါးစပ်ကို သုတ်ပေးလေ၏။ ထိုအခါ ရာဇဝတ်သားသည် အတွေ့အထိကြောင့် မိန်းမသားမှန်း သိလေ၏။ ထို့နောက် သူမ၏ ဆံပင်ကို တအားကိုက်လေ၏။ သတိကောင်းသော သူမသည် သံလျက်ဖြင့် ဆံပင်ကို ဖြတ်ကာ ပြန်လာခဲ့၏။ ပြန်ရောက်သောအခါ မင်းကြီးသည် ကိစ္စပြီးစီးကြောင်း အဘယ်သို့ သက်သေပြမည်နည်း ဟု မေး၏။ ထိုအခါ မိမိ၏ ဆံထုံးအမှတ်အသားကို ကြည့်ကာ သိနိုင်သည်ဟု ပြော၏။ သူမလည်း ဖြစ်ကြောင်းကုန်စင် လျှောက်တင်၏။ ထို့နောက်မင်းကြီးသည် သူမ၏ ခင်ပွန်း ကာဠဝဠိယ ကို ဓနသေဋ္ဌိ ဘွဲ့ဖြင့် သူဌေးချီးမြှောက်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၈၊ ၅၉၉၊ ၆၀၀။