[၁] ဘုရားရှင်သည် သာဝတ္ထိမြို့တော်မှ ယူဇနာ (၇၀၀)ဝေးကွာသော ဓနိယ ဂေါပါ၏ နွားခြံသို့ကြွရောက်တော်မူပြီး မဟီမြစ်ကမ်း၌ သုံးသောင်းသောနွားအုပ်၊ ဇနီးနှင့်တကွ သား(၅)ယောက်၊ သမီး(၅)ယောက်၊ ချွေးမ(၅)ယောက်၊ အလုပ်သမား ပေါင်း များစွာဖြင့် ဝိဒေဟ(တိုင်း)နိုင်ငံ၊ ပဗ္ဗတတိုင်း၊ ဓမ္မကောဏ္ဍမြို့သား နွားသူဌေး ဓနိယ၏ မိုးကြီးရွာတော့မည်ကို သိသဖြင့် မိုးကြီးရွာခြင်းကြောင့် မိုးတွင်းကာလ၌ ပြုလုပ်သင့်သည့်လုပ်ငန်းတို့ကို ပြုလုပ်ပြီးခြင်းကြောင့် မိုးအတွက် ကြောင့်ကြဖွယ်မရှိပုံ မိမိ နွားအုပ်၏ခံနိုင်ရည်ရှိပုံ၊ အိမ်ရှင်မဂေါပီ၏ဂုဏ်ရည်၊ ကိုယ်ပိုင်လုပ်ငန်းနှင့် ကျန်းမာရေး ကောင်းမွန်သော သားလိမ္မာ, သမီးလိမ္မာတို့၏ဂုဏ်ရည်၊ နွားအုပ်ရှိ နွားတို့ အကြောင်း ဆောင်ရွက်ဖွယ်အသွယ်သွယ်တို့ ပြီးစီးနေပုံတို့ကိုလည်းကောင်း ဘုရားရှင်က သဒ္ဒါတူ အနက်အဓိပ္ပါယ်မတူသည့် လောကုတ္တရာဂုဏ်ရည်ပြ ဂါထာတို့ဖြင့် လည်းကောင်း တစ်ဂါထာစီ ဓနိယသီဆိုသည့် ဂါထာပြီးတိုင်း မိန့်ကြားတော်မူပါသည်။

သစ္စာလေးပါးကို ပြဆိုသည့် ဂါထာအဆုံး၌ ဓနိယဇနီးမောင်နှံနှစ်ဦးနှင့် သမီး နှစ်ယောက်တို့ သောတာပန် အရိယာသာဝကဖြစ်ကြသည်။ ဓနိယနှင့် ဇနီးတို့က ရဟန်းပြုပေးရန် တောင်းပန်သည့်အခါ မာရ်နတ်လာရောက် နှောက်ယှက်သဖြင့် ဘုရားရှင်က “သောစတိ ပုတ္တေဟိ ပုတ္တိမာ” အစရှိသော ဂါထာဖြင့် အရဟတ္တဖိုလ် အထွဋ်တပ်၍ ဟောတော်မူပါသည်။ ဓနိယဇနီးမောင်နှံတို့ ရဟန်းပြုကြပြီး အရဟတ္တဖိုလ် ရောက်ရှိပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်ရာများစွာ ရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၂၈၂-၄။ သုတ္တနိ၊မြန်၊၂၆၇-၉။ သုတ္တနိ၊ဋ္ဌ၊၁၊၂၄-၄၁။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၁-ဥရဂဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ