ရဟန်းတို့သည် အနည်းဆုံး ၄~မိုင်ခန့် ခရီးသွားလျှင် ရေစစ်ယူသွားရသည်၊ ရေစစ်မယူဘဲ ခရီးသွားလျှင် အာပတ်သင့်၏၊ အကယ်၍ ရေစစ်မရှိလျင် သင်္ကန်းအနားစွန်း (သို့မဟုတ်) လက်ကိုင်ပုဝါကို ရေစစ်အမှတ်ဖြင့် အဓိဋ္ဌာန်ရသည်။ ထို့ပြင် အမှုန်များပါသော ရေကို မစစ်ဘဲ မသောက်အပ်၊ ရေမစစ်ဘဲ သောက်လျင် အာပတ်သင့်၏၊ အမှုန်မရှိလျင်ကား စစ်ဖွယ် မလိုပါ။ [၁]

ဘုရားလက်ထက်တော်အခါက ရဟန်းနှစ်ပါး ခရီးသွားရာ ရေစစ်မပါ၍ ရေမသောက်ဘဲ အငတ်ခံကာ သီလဖြည့်ကျင့်ခဲ့သော သာဓကများ ရှိခဲ့ဖူးပါသည်။

ထို့ကြောင့် "ရဟန်းတို့သည် ခရီးသွားလျင် မဖြစ်မနေ ရေစစ်ယူသွားရမည် " ဟု စူဠဝါပါဠိတော်၊ ၂၅၅ တွင် မိန့်တော်မူခဲ့ပါသည်။

ဘုရားလက်ထက်တွင် ရေစစ်အမျိုးမျိုး ခွင့်ပြုတော်မူခဲ့ရာ ထိုတွင် ဓမ္မကရဏ ဟု ခေါ်ဆိုရသော ဓမ္မကရိုဏ်ရေစစ်သည်လည်း တစ်ခုအပါအဝင် ဖြစ်၏။[၁]

ယနေ့ခေတ်တွင် ထိုရေစစ်မျိုး အသုံးနည်းလာကြသည်၊ အချို့သော ဆရာတော်များသာ အသုံးပြုကြတော့သည်၊ သာသနာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရန် ဘုရားသား တော် သမီးတော်များ၌ တာဝန်ရှိပါသည်၊ သို့ဖြစ်၍ ဓမ္မကရိုဏ်ရေစစ်အကြောင်းကို ရေးသားလိုက်ရပါသည်။[၁]

ဓမ္မကရိုဏ်ရေစစ် ခေါ်တွင်ပုံ ပြင်ဆင်ရန်

ရေထဲနှစ်လိုက်သောအခါ "ဓူ" ဟု အသံမြည်တတ်သောကြောင့် "ဓမ္မကရဏ (ဓမ္မကရိုဏ်း) " ဟု ခေါ်ကြသည်။[၁]

ဓမ္မကရိုဏ် ရေစစ်ပြုလုပ်ပုံ ပြင်ဆင်ရန်

ထိပ်ဝကျယ်၍ နောက်၌ ဖုသီးလေးပါရှိ၏၊ ထိပ်ဝကို အဝတ်ဖြင့် ပိတ်ထားရသည်၊ နောက်ဖုသီးလေး၌ အပေါက်ငယ် ဖောက်ထားရသည်။ (ပုံကို ကြည့်ပါ)[၁]

ဓမ္မကရိုဏ်အသုံးပြုပုံ ပြင်ဆင်ရန်

ဓမ္မကရိုဏ်ကို ဖုသီးလေး၌ အပေါက်ကို မပိတ်ဘဲ ဖွင့်လျက်ပင် ရေထဲ နှစ်ရသည်၊

ရေများအထဲသို့ ဝင်သွားသောအခါ နောက်အပေါက်ကို လက်မဖြင့် ပိတ်၍ ရေထဲမှ ထုတ်ယူရသည်၊

ထို့နောက် သောက်ရေခွက်ကို အောက်မှ ခံကာ လက်မကို ဖွင့်လိုက်လျှင် ဓမ္မကရိုဏ်မှ ရေများ ခွက်ထဲသို့ စီးကျသွားလိမ့်မည်။

ဤသို့အားဖြင့် အပ်စပ်အောင် စစ်ပြီးသော ရေဖြစ်အောင် ရှေးမထေရ်ကြီးများ ပြုလုပ်ကြသည်။ (ပုံများကို ကြည့်ပါ)

ရှေးယခင်က မြန်မာနိုင်ငံ ပရိက္ခရာဆိုင်များတွင် ရောင်းချမှုရှိခဲ့ကြသော်လည်း ယခုအခါ ဤဓမ္မကရိုဏ်ရေစစ်ကို မြန်မာနိုင်ငံ သင်္ကန်းပရိက္ခရာဆိုင်များတွင် ပြုလုပ်ရောင်းချမှု နည်းလှ၏၊ သို့သော် ထိုင်းနိုင်ငံတွင်ကား ယနေ့ချိန်ထိ ပရိက္ခရာရှစ်ပါးတွင် ဓမ္မကရိုဏ်ရေစစ် ထည့်သွင်းရောင်းချဆဲပင် ဖြစ်သည်။[၁]

တောင်ပေါက်ကျောင်းဆရာတော်၏ မှတ်ချက် ပြင်ဆင်ရန်

ဓမ္မကရိုက်ရေစစ်ကား၊ နှီး၊ သံ၊ ကြေး၊ သေတ္တု စသည်ဖြင့် ပြုလုပ်အပ်သော ဝတ္ထု၌၊ အဝတ်ဖြင့်။ ဖွဲစပ်ချုပ်လုပ်၍၊ ရေတွင်နှစ်၍ စစ်ယူရသော၊ ရေစစ်မျိုးတည်း။ ။ ဤ(ဓမ္မကရက) ပုဒ်၌၊ အလုံးစုံ မြန်မာစာများမှာ (မ) ဒွေ ဘော်မဲ့၊ နောက်ဆုံးအလုံးမှာ၊ မုဒ္ဓဇ. ပဉ္စမက္ခရာ (ဏ) ကြီးနှင့် (ဓမကရဏ) ဟု ပျက်လျက်ချည်းသာ၊ ရှိကြသည်၊ သတိပြု၊ (မ) ဒွေ ဘော်နှင့်တကွ၊ အဆုံးလုံးမှာ၊ ကဏ္ဌဇ-ပဌမက္ခရာ (က) ကြီးနှင့်။ (ဓမ္မကရက) ဟု ပါဌ်မှန်ရှိစေရမည်။ မြန်မာဝေါဟာရ အရာမှာလည်း။ (က) သတ် (အိုက်) ကာရန်နှင့်၊ (ဓမ္မကရိုက်) ဟု ဘတ်ရွတ်ရေးသားရမည်။ ရေးသားကြလေ။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ မဟာဝိဟာကျောင်း လှည်းကူး
  2. အဘိဓာနပ္ပဒီပိကာ နိဿယ နှာ-၂၅၂