ဓာတ်ဆီသည် ရေနံစိမ်းမှ သန့်စင်ထားသည့် အရည်အခြေအနေရှိ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပြီး အတွင်းပိုင်း လောင်ကျွမ်းမှု ဖြစ်စေသည့် အင်ဂျင်စက်များတွင် လောင်စာအဖြစ် အသုံးပြုသည်။

နော်ဝေးနိုင်ငံမှ ဓာတ်ဆီပန့်

ဓာတ်ဆီကို ကျောက်မီးသွေးမှ၊ ရှေးလ်း(Shale)ကျောက်မှ၊ သဲကတ္တရာတို့မှ စရိတ်စကကြီးကြီးနှင့် ထုတ်လုပ်နိုင်တယ်လို့ သိရှိရပေမဲ့ ရေနံစိမ်းကို ချက်လုပ်ပြီး ရရှိတဲ့ ဓာတ်ဆီကသာ စီးပွားရေးနဲ့ ဘက်စုံတွက်ခြေကိုက်တယ်လို့ ဆိုပါသည်။ ရေနံစိမ်းဆိုတာဟာလဲ မြေအောက်တွင်းအောင်းပစ္စည်း ဖြစ်ပါသည်။ နေရာဒေသထွက်ရှိရာ ရေနံမြေ ကွဲပြားတာနဲ့အမျှ အမျိုးအစား အရည်အသွေးတွေ ကွဲပြားခြားနားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရေနံချောင်း၊ ချောက်မြို့နယ်၊ စတဲ့ ရေနံမြေတွေက ထွက်ရှိတဲ့ ရေနံစိမ်းဟာဆိုရင် အစိမ်းရင့်ရောင်၊ အညိုရောင်သန်းနေတဲ့ မပျစ်မကျဲရေနံဖြစ်ပြီး ကန့်ဓာတ်ပါဝင်မှု အလွန်နည်းပါးတယ်လို့သိရပါတယ်။ ဓာတ်ဆီပါဝင်နှုန်းလည်း မြင့်မားတယ်လို့ ပြောကြပါတယ်။ ဒီနေ့အချိန်မှာတော့ ဓာတ်ဆီလောင်စာသုံး ခေတ်မီအင်ဂျင်စက်တွေနဲ့ ဒီဇိုင်းသစ် မော်တော်ယာဉ်များအတွက် ကြီးမားတဲ့ဓာတ်ဆီဈေးကွက်ကို ပြည့်မီအောင်နဲ့ အဆင့်မြင့်လာတဲ့ ဓာတ်ဆီ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်ထုတ်လုပ်ဖို့ ကမ္ဘာ့ ရေနံချက် စက်ရုံကြီးတွေမှာ ဓာတ်ဆီချက်လုပ်မှု နည်းစဉ်သစ်တွေနဲ့ ထုတ်လုပ်နေကြပါတယ်။ ဒါကြောင့်လည်း ပုံစံသစ် ပုံစံဟောင်း မော်တော်ယာဉ်အားလုံးအတွက် လိုက်ဖက်သင့်တော်မယ့် ဓာတ်ဆီအမျိုး အစားကို ရွေးချယ် ဝယ်ယူ အသုံး ပြုနိုင်နေပါပြီ။ အခြေခံအားဖြင့် ဓာတ်ဆီ ဆိုတာ ဓာတုပစ္စည်း တစ်မျိုးတည်း မဟုတ်ဘဲ ဗြူတိန်း၊ ပန်တိန်းကစပြီး ဟိုက်ဒရို ကာဗွန် ဓာတ်ပေါင်းများစွာ ပါဝင်နေပါတယ်။ အသေးစိတ် ဓာတ်ခွဲကြည့်ရင်တော့ အ မျိုး ပေါင်း ၂ဝဝ လောက်တောင် ရှိတယ်လို့ သိရ ပါတယ်။ ရေနံစိမ်းကို ချက်လုပ်ရရှိတဲ့ ဓာတ်ဆီဟာ ချက်ချင်း မော်တော်ကားထဲ ထည့်ပြီး မောင်းနှင်နိုင်ပေမဲ့ ကနဦးအားဖြင့် မိမိနိုင်ငံ က သတ်မှတ် လက်ခံထားတဲ့ အရည်အသွေး ဂုဏ်သတ္တိရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာက အများဆုံး စံပြုသတ်မှတ်ထားတဲ့ အရည်အသွေးစံတွေနဲ့ ပြည့်မီရင်တော့ အကောင်းဆုံးပါပဲ။ စက်နှိုးရ လွယ်တာ၊ အင်ဂျင်ဝိုင်ကို ကျဲမသွားစေတာ၊ စက်အတွင်းက ခေါက်သံမမြည်တာ၊ ကာဘရိုက် တာနဲ့ အင်ဂျင်အတွင်း ချေးမဝင်တာ၊ ဓာတ်ဆီတစ်ဂါလန်သုံးပြီးဝေးဝေးမောင်းနှင်နိုင်တာ စတဲ့ အချက်တွေ ရှိအပ်ပါတယ်။ ဆိုလိုချင်တာကတော့ ဓာတ်ဆီဟာ မောင်းနှင်မယ့် အင်ဂျင်စက်တွေကို ချောချောမောမော လည်ပတ် စေနိုင်ပြီး အင်ဂျင်အိတ်ဇောက ထွက်လာတဲ့ မီးခိုးထဲမှာ ပါလေ့ရှိတဲ့ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့၊ နိုက်ထရိုဂျင် အောက်ဆိုက်ဓာတ် ငွေ့၊ ဘင်ဇင် (Benzene) ဓာတ်ငွေ့နဲ့ ခဲဓာတ်ငွေ့များကတဆင့် ဘေးပတ်ဝန်းကျင်ကို ညစ်ညမ်းခြင်း မဖြစ်စေဖို့ပါပဲ။ ဒီနေရာမှာ ဆက်နွယ်လျက်ရှိတဲ့ ဓာတ်ဆီအန္တရာယ်များကိုလည်း ရေးသားရန် လိုပါတယ်။ ဓာတ်ဆီဟာ အလွန်မီးလောင်လွယ်တဲ့ ပစ္စည်းဖြစ်တယ်ဆိုတာ လူအများ သိကြပါတယ်။ ဓာတ်ဆီဟာ အရည်ဖြစ်ပေမဲ့ အင်မတန် အငွေ့ပျံ လွယ်ပါတယ်။ ဓာတ်ဆီကို သိုလှောင်ထားရင် ဓာတ်ဆီအရည်ရဲ့ အထက်ဝန်းကျင်မှာ အငွေ့ရှိပါတယ်။ ဒါကြောင့် ဓာတ်ဆီလှောင် အိုး၊ လှောင်ခွက်တွေနားမှာ မီးစ၊ မီးန အပူရှိန်မရှိတာ အကောင်းဆုံးပါပဲ။ ဓာတ်ဆီတွဲထဲကို ဓာတ်ဆီဖြည့်ပေးနေတုန်း အနီးအနားက ဆေးလိပ်သောက်သူတစ်ဦးရဲ့ ဆေးလိပ်မီးပွားလွင့်ပြီး ဓာတ်ဆီတွဲကြီး မီးလောင်ပေါက်ကွဲတာ တွေ့ကြုံဖူးပါတယ်။ ဓာတ်ဆီထဲ မှာပါဝင်တဲ့ ဘင်ဇင်းဓာတ်ဆိုတာ အလွန် ဘေးအန္တရာယ်ရှိတဲ့ အတွက် ပါးစပ်နဲ့စုပ်တာ မလုပ်အပ်ပါဘူး။ ဓာတ်ဆီအောက်တိန်း နံပါတ်တက်အောင် ဩဂဲနစ်ခဲရည် ရောစပ်ထားတဲ့ ဓာတ်ဆီမျိုးဆိုရင် ခဲဆိပ် ပါရှိနေတာကြောင့် ပိုဆိုးပါတယ်။ အောက်တိန်းနံပါတ်ဆိုလို့ မော်တော်ယာဉ်မောင်းတွေက ခေါ် ဝေါ်ပြောဆိုနေတဲ့ အောက်တိန်းဆီဆိုတာ သတိပြုမိပါလိမ့်မယ်။ အမှန်က အောက်တိန်းဆီဆိုတာ ဓာတ်ဆီရဲ့ အောက်တိန်းနံပါတ် ကို ဆိုလိုရင်းဖြစ်ပါတယ်။ ကား အင်ဂျင်ဆလင်ဒါအတွင်းက လေ နဲ့ ဓာတ် ဆီ ဟာ ကနဦးမှာ ကောင်းကောင်း မီးမလောင်လို့ နောက်ပိုင်းမှာလောင်အားကောင်း ပြီး ဗြုန်းစားကြီး ဖိအားမြင့်တက် လာတဲ့အခါ စက်ခေါက်သံ ဖြစ် ပေါ်လာပါတယ်။ အဲဒီလို စက်ခေါက်သံကို ဆန့်ကျင်စေတဲ့ စွမ်းရည်အဖြစ်ဖြင့် အောက်တိန်း နံပါတ်က ဖော်ညွှန်းပါတယ်။ အောက်တိန်းနံပါတ်နိမ့်ရင် စက်ခေါက်သံဖြစ်ပေါ်ဖို့ အလားအလာ များလေဖြစ်ပါတယ်။ ဓာတ်ဆီ တစ်ခုရဲ့ အောက်တိန်းနံပါတ် ဘယ်လောက်ရှိတယ်ဆိုတာ သိလိုရင် တိုင်းထွာစမ်းသပ်လိုတဲ့ ဓာတ်ဆီနမူနာကိုယူပြီး အောက် တိန်းနံပါတ် ၁ဝဝ ရှိတဲ့ အိုင်ဆို အောက်တိန်းဆီနဲ့ အောက်တိန်း နံပါတ် သုညရှိတဲ့ ဟက်ပတိန်းဆီ နှစ်မျိုးကို အချိုးပြုရောစပ်ထားတဲ့ ဆီနဲ့ သုတေသနအင်ဂျင်စက် အတွင်း ထည့်သွင်းမောင်းနှင်ပြီး စက်ခေါက်သံအရ နှိုင်းယှဉ်ကြည့် တာ ဖြစ်ပါတယ်။ အဲဒီလို စမ်းသပ် မောင်းနှင်လို့ရတဲ့ သုတေသန အင်ဂျင်စက်မျိုးကို CFR (Co-operative Fuels Research Engine) ခေါ်ပါတယ်။ အဲဒီအင်ဂျင်မှာ ဆလင်ဒါတစ်လုံး တည်းပါရှိပြီး ကွန်ပရက်ရှင်း အချိုးကိုလဲ အတင်အချ လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ ဒီစက်နဲ့ တိုင်းထွာရရှိတဲ့ ဓာတ်ဆီအောက် တိန်း နံပါတ်ကို RON (Research Octane Number) သုတေသန အောက်တိန်းနံပါတ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဓာတ်ဆီ အရောင်းဆိုင်တွေမှာ အလိုရှိရာ ဓာတ်ဆီကို ဝယ်ယူဖြည့်သုံးနိုင် အောင် ပုံမှန်ဓာတ်ဆီ (Regular Grade Gasoline) နဲ့ အဆင့်မြင့် ဓာတ်ဆီ (Premium Grade Gasoline) ဆိုင်းဘုတ်အောက်မှာ အောက်တိန်းနံပါတ်ဘယ်လောက် ရှိတယ်ဆိုတာရယ်၊ အောက်တိန်း နံပါတ် မြင့်တက်အောင် ရောစပ် ထည့်ပေးထားတဲ့ ဩဂဲနစ်ခဲဆေး ပါရှိခြင်း ရှိ မရှိဆိုတာရယ်၊ ဆီဈေးနှုန်းရယ် ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်ဓာတ်ဆီနဲ့ အဆင့်မြင့် ဓာတ်ဆီ ခွဲခြားရာမှာတော့ ယေဘု ယျအားဖြင့် ဓာတ်ဆီရဲ့ အောက် တိန်းနံပါတ် ၉ဝ အောက်ကို ပုံမှန် ဓာတ်ဆီလို့ အသိအမှတ်ပြုလေ့ရှိ ပြီး အောက်တိန်းနံပါတ် ၉ဝ ကျော်တာနဲ့ အဆင့်မြင့်ဓာတ်ဆီ အဖြစ် ခေါ်ဝေါ်ကြပါတယ်။ ဟို အရင်တုန်းကတော့ အဆင့်မြင့် ဓာတ်ဆီဆိုရင် ခဲဆေးရည်နဲ့ ရောစပ်ထားလေ့ရှိပြီး ခဲဆေးရည်မပါတဲ့ ဓာတ်ဆီကို ပုံမှန်ဓာတ်ဆီလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက် က ဓာတ်ဆီ ရဲ့ အောက်တိန်း နံပါတ်ဟာ ဩဂဲနစ်ခဲဆေးရည် ဖြစ်တဲ့ Tetra-Ethyl Lead (TEL) သို့မဟုတ် Tetra-Methyl Lead (TML) ကို ဓာတ်ဆီထဲ နည်းနည်းလေး (ဓာတ်ဆီ တစ်ဂါလန်တွင် ခဲဆေးရည် လေးဂရမ်ထက်မများ) ရောစပ်ထည့်ပေးလိုက်ရင် မူလဓာတ်ဆီ ရဲ့ အောက်တိန်းနံပါတ်ထက် ၁၂၊ ၁၃ နံပါတ်လောက် ပိုတက်လာ နိုင်တာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခဲဓာတ်ငွေ့ဟာ အဆိပ်အတောက် ဖြစ်စေတဲ့အတွက်ရယ်၊ ခဲဓာတ်ပါဝင်နှုန်းကို နိုင်ငံ အလိုက် ကန့်သတ်ချက်တွေရှိတာရယ်၊ ခဲဆေးရည် ဘယ်လောက်တိုးမြှင့်ထည့်ပေမဲ့လဲ အောက်တိန်းနံပါတ် ထပ်မတက်လာတော့တာ ကြောင့် ခုချိန်မှာ ခဲဓာတ်မပါတဲ့ ဓာတ်ဆီကို အသုံးပြုများလာတာ တွေ့ရပါမယ်။ ဒါပေမဲ့ ဓာတ်ဆီနဲ့ မောင်းနှင်တဲ့ အင်ဂျင်စက် အကြီးစား ကားကြီးတွေမှာတော့ ခဲဆေးရည် ရောစပ်ထားတဲ့ ဓာတ်ဆီနဲ့ ပိုသင့်လျော်တယ်လို့သိရပါတယ်။ တချို့ နိုင်ငံတွေမှာတော့ ဩဂဲနစ် ခဲဓာတ်ဆေးရည်လိုပဲ အာနိသင်ရှိတဲ့(MMT) လို့ အတို ကောက် ခေါ်ကြတဲ့ ဩဂဲနိုမန်ဂနိစ် ဓာတုဆေးရည်ကို ဓာတ်ဆီ အောက်တိန်းနံပါတ် မြှင့်တင်ရာမှာ အသုံးပြုနေတယ်လို့ သိရပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ဆီရဲ့ အောက်တိန်းနံပါတ်ဟာ အဖျင်းဆုံးတော့ ရွန် (RON) ၇၆ လောက်ရှိဖို့ လိုအပ်ပါတယ်။ ဒီကနေ့လို စက်ပုံစံသစ်တွေ နဲ့ မောင်းနှင်ပြေးလွှားနေကြတဲ့ မော်တော်ကားများအတွက်ဆိုရင် အောက်တိန်းနံပါတ် ၉ဝ ကျော်တဲ့ ဓာတ်ဆီဖြစ်လေ ကောင်းလေ၊ တစ်ဂါလန် ရောင်းဈေးနှုန်းလည်းများလေ ဖြစ်နိုင်ပါတယ်။ မြန်မာ ရေနံချက်စက်ရုံတွေမှာ လက်ရှိ ချက်လုပ်ဖြန့်ဖြူး ရောင်းချပေး နေတဲ့ ဓာတ်ဆီ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ အနိမ့်ကားများ အတွက် ရွန် အောက်တိန်းနံပါတ် ၇၈ ရှိ ပြီး အမြင့်ကားများအတွက် ရွန် အောက်တိန်းနံပါတ် ၉၂ ရှိ တယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်ကို ဘေးဖြစ်စေနိုင်တဲ့ ဩဂဲနစ် ခဲဆေး ရောစပ်ထည့်သွင်း မထားဘူးလို့လဲ သိရပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့ ခုချိန်မှာ ဓာတ်ဆီကို နည်းစဉ်သစ်တွေနဲ့ အောက်တိန်းနံပါတ်မြင့်တဲ့ ဓာတ်ဆီရအောင် ချက် လုပ် ရောစပ် ပြုပြင်ပေးနေတဲ့အပြင် လေထု မညစ်ညမ်းဖို့ လုပ်ဆောင်ရာမှာ အရက်အုပ်စုမှာ ပါဝင်တဲ့ မက်သနော၊ အီသနောလ်၊ တာရှာရီ ဗြူတိုင်းလ် အယ်လ်ကို ဟော (Tertiary Butyl Alcohol) တို့နဲ့ MTBE လို့ သိကြတဲ့ မီသိုင်းလ်တာရှာရီဗြူ တိုင်းလ်အီ သာ (Methyl Tertiary Butyl Ether) စတဲ့ ဓာတုပစ္စည်းတွေနဲ့ ရောစပ်ပေးပြီး ခဲဆေးရည်မပါတဲ့ ပြန်လည် ပုံစံပြု ဓာတ်ဆီ (Reformulated Gasoline) ကို အချို့နိုင်ငံတွေမှာ ထုတ်လုပ် သုံးစွဲနေကြပါပြီ။ အီသနောလ် (Ethanol) အရက် ၁ဝ ရာခိုင် နှုန်းနဲ့ ရောစပ်ထားတဲ့ ဓာတ်ဆီ ကို ဂက်ဆိုဟော (Gasohol) လို့ ခေါ်ကြပြီး အိမ်နီးချင်းနိုင်ငံများ မှာတောင် သုံးစွဲနေကြသည်။


မော်တော်ယာဉ် မောင်းနှင်တဲ့ လောင်စာဓာတ်ဆီ ကို အင်ဂျင်စက် လည်ပတ်မှု ကောင်းအောင်ရယ်၊ အင်ဂျင်က စွန့်ပစ်လိုက်တဲ့ အိတ်ဇောပိုက် မီးခိုးငွေ့များကနေ ပတ်ဝန်းကျင်ကို မညစ်ညမ်းအောင်ရယ်ဆိုပြီး ယာဉ်သစ်၊ စက်သစ်တွေနဲ့ လျော်ညီတဲ့ ဓာတ်ဆီမျိုး ထုတ်လုပ်ရာ မှာ အင်ဂျင်စက် အတွင်းပိုင်းနဲ့ ကာဘရိုက်တာနဲ့ဘားတွေ၊ ပလပ် တွေ ချေးတက်၊ အမှုန်အမွှား ဖြစ်ပေါ်၊ အနယ်ထိုင်၊ ချေးတင် စတာတွေမဖြစ်စေဘဲ အင်ဂျင် အတွင်းပိုင်း သန့်စင်နေဖို့အတွက် ဓာတု ဓာတ်ပေါင်းဆေးများ (Chemical Additives) ကိုလဲ ထည့်ပေးတာ သိရှိ မှတ်သားရ ပါတယ်။ ဒါ့အပြင် မော်တော် ကားရဲ့ အိတ်ဇောပိုက်မှာ ဓာတု ဓာတ်ကူဆေး ထည့်ထားတဲ့ ကိရိ ယာ (Cartalytic Converter) တပ်ဆင်ပြီး ကားအိတ်ဇောက ထုတ်လိုက်တဲ့၊ မီးခိုးထဲမှာပါတဲ့ အန္တရာယ် ဓာတ်ငွေ့တွေကို ဘေး ကင်းစေတဲ့အဆင့် အခြေအနေ ရောက်အောင် ပြောင်းလဲပစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ ကိရိယာမျိုး တပ်ထားတဲ့ ကားတွေ အတွက် ဓာတ်ဆီကို ခဲဆေးလွတ် ဓာတ်ဆီပဲ သုံးရမှာဖြစ်ပါတယ်။ ခဲဆေးနဲ့ ရောစပ်ထားတဲ့ ဓာတ် ဆီဆိုရင် ဓာတ်ကူဆေးရဲ့ အာနိ သင် ပျက်စီးသွားပါလိမ့်မယ်။ ဓာတ်ဆီအကြောင်း နားလည်ဖို့ ဓာတ်ဆီရဲ့အရည်အသွေး၊ ဂုဏ်သတ္တိများနဲ့ ဘေးအန္တရာယ် ဖြစ်စေနိုင်တာတွေကို အကြမ်းဖျင်းလောက် သိထားသင့်ပါတယ်။ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းက ထုတ်လုပ်ထားတဲ့ ဓာတ်ဆီ စံချိန်စံညွှန်းမှာ အဖျင်းဆုံး ၁၂ မျိုးလောက်ရှိတယ်လို့ သိရှိရပါတယ်။ ဓာတ်ဆီအရောင်၊ သိပ်သည်းဆ၊ ဓာတ်ဆီအငွေ့ပျံအပူချိန် အစ၊ အလယ်နှင့် အဆုံး၊ ဓာတ်ဆီငွေ့ရဲ့ တွန်းကန်အား၊ ကန့်ဓာတ်ပါဝင်မှုနှုန်း၊ ကော်ဂျီး ဖြစ်မှုနှုန်း၊ အောက်တိန်းနံပါတ်၊ ခဲဓာတ်ပါဝင်နှုန်း၊ ဆီအပျစ်အကျဲ စတာတွေ ပါဝင်လေ့ရှိပြီး အဲဒီစမ်းသပ်တွေ့ရှိချက်တွေကတဆင့် ဓာတ်ဆီဟာ စံပြုချက်များ ကို ပြည့်မီခြင်းရှိမရှိ သိနိုင်ပါ တယ်။ ဓာတ်ဆီအရောင်ကို ဓာတ် ဆီချက်လုပ် ရောင်းချတဲ့ ကုမ္ပဏီ တွေက လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် စတဲ့ ကြိုက်ရာ အရောင်ကို ဆေးဆိုးပေးပြီး တခြားက ဓာတ်ဆီနဲ့ ခွဲခြားသိသာအောင် ပြုလုပ်ပါတယ်။ အရပ်သုံး၊ တပ်မတော်သုံးကိုလဲ သိသာနိုင်အောင် အရောင်ဆိုးပေး ခြင်း ဖြစ်ပါတယ်။ ဓာတ်ဆီကို အရောင်ဆိုးထားခြင်းဖြင့် ဓာတ် ဆီထဲမှာ ဥပါဒ်အန္တရာယ်ဖြစ်နိုင် တဲ့ ခဲဆေးများပါတာကို သတိပြု ကြစေဖို့အတွက်လဲ ဖြစ်ပါတယ်။ သိပ်သည်းဆကတော့ ဓာတ်ဆီ ပမာဏ များများရောင်းဝယ်ကြတဲ့အခါ ဓာတ်ဆီတန်ချိန်ကို တွက်ချက်နိုင်အောင်နဲ့ ဓာတ်ဆီဟုတ် မဟုတ် အကြမ်းဖျင်း ခန့်မှန်းနိုင်အောင် ဖြစ်ပါတယ်။ အငွေ့ပျံနှုန်းနဲ့ အပူချိန်ကို သိရှိခြင်းအား ဖြင့် ဆီစားများမများ၊ အင်ဂျင် စက် နှိုးရလွယ်မလွယ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ စမ်းသပ်ချက်တွေဟာလဲ စောစောက ဖော်ပြထားတဲ့ ဂုဏ်သတ္တိတွေနဲ့ ညီညွတ်ခြင်းရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။


ဓာတ်ဆီ အသုံးပြုသူများအနေနဲ့ ဓာတ်ဆီရဲ့အရည်အသွေး စံပြုချက်တွေကို စမ်းသပ်ပေးတဲ့ ဓာတ်ခွဲလုပ်ငန်း အသေးစိတ်ကို သိရှိဖို့ဟာ အဓိကမဟုတ်ပါဘူး။ ဓာတ်ဆီရဲ့ အရည်အသွေး၊ ဂုဏ် သတ္တိများကိုတော့ မိမိနိုင်ငံ အတွင်းနဲ့ နိုင်ငံတကာက လက်ခံ အသိအမှတ်ပြုထားတဲ့ ဓာတ်ဆီ စံညွှန်းနဲ့ ညီမညီဆိုတာ စံချိန်ဝင် တိုင်းထွာရေးကိရိယာတွေ အသုံးပြုပြီး သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စစ်ဆေးမှု နည်းစဉ်တွေနဲ့ စစ်ဆေးပါတယ်။ စမ်းသပ်တွေ့ရှိချက်များကိုတော့ ရေနံချက်စက်ရုံ အရည်အသွေးထိန်းချုပ်ဌာနနဲ့ သုတေသနဌာနတွေက တရားဝင် ထုတ်ပြန်ပေးကြပါတယ်။ ကမ္ဘာ့ရေနံနဲ့ ပတ်သက်ပြီး နိုင်ငံအများရဲ့ အသိအမှတ်ပြု စံချိန်စံညွှန်း အဖွဲ့ကြီးတွေကတော့ ASTM (American Society for Testing and Materials)၊ API (American Petroleum Institute)၊ ISO (International Standard Organization)၊ IP (Institute of Petroleum) တို့ ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံချင်းအလိုက်မှာလဲ ရေနံ နဲ့ ရေနံထွက်ပစ္စည်းများအတွက်လစံသတ်မှတ်ထားတာ ရှိကြပေမဲ့လအားလုံးလိုလိုဟာ အဲဒီအဖွဲ့ကြီးတွေရဲ့ စံသတ်မှတ်ချက်ဘောင်အတွင်း အကျုံးဝင်နိုင်အောင် စံပြုကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရေနံချက်စက်ရုံများ က ချက်လုပ်ပေးနေတဲ့ ဓာတ်ဆီနဲ့တကွ အခြားသော ရေနံထွက်ပစ္စည်းတွေဟာလဲ နိုင်ငံတော် အစိုးရရဲ့ စံသတ်မှတ်ချက်မူဘောင်နဲ့အညီ ရှိနေပြီး ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့လဲ နီးစပ်စွာ ကိုက် ညီမှုရှိတာ သိရှိရပါသည်။ [၁]

ကိုးကားပြင်ဆင်

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၂)၂၀၀၅-ခုနှစ်၊ နိုဝင်ဘာလ
  • မှီငြမ်း -၁၉၉၄-၁၉၉၆ ထိုင်းရေနံ ဓာတုဗေဒ စက်ရုံတည်ဆောက်စဉ် တီပီအိုင်နှင့် ရှယ်ဗာရွန် ကုမ္ပဏီ ဆွေးနွေးချက်များ ဖွဲ့စည်းပုံမှာ ဖြစ်သည်။