နက္ခတ်ဗေဒင် သမိုင်း

မြန်မာ

နက္ခတ်ဗေဒင်ပညာ (Astrology) ၏ မူလဘူတသည် ရှေးယခင်က ဘာရတဟု သိကြသည့် အိန္ဒိယတိုင်းပြည်ပင်ဖြစ်သည်။ အနှစ်ရှစ်ထောင်ကျော် သမိုင်းသက်တမ်း ရှိခဲ့ပြီ။ နက္ခတ္တ ပညာရပ်နှင့် စပ်လျဉ်းသည့် မှတ်တမ်းမှတ်ရာများကို နိုင်ငံအများတွင် ယဉ်ကျေးမှု အမွေအနှစ်၌ တွေ့မြင်ရသည်။[] []

အိန္ဒိယနိုင်ငံ၏ ဝေဒကျမ်းဂန်များမှတပါး ရှေးအကျဆုံးသော နက္ခတ်ဗေဒင် ပညာရပ်များကို တရုတ်နိုင်ငံတွင် တွေ့ရှိရသည်။ တရုတ်တို့သည် အိန္ဒိယမှ ဟိန္ဒူများကဲ့သို့ပင် ကျမ်းဂန်များကို ထိမ်းသိမ်းစောင့်ရှောက်ရာ၌ စေ့စပ်သေချာမှု ရှိသည်။

ချေလ်ဒီယာ (Chaldea)

ပြင်ဆင်ရန်

ချေလ်ဒီယာဆိုသည်မှာ ဘေဘီလုံတို့ ကြီးတို့ခဲ့သော ဒေသဖြစ်ပြီး ယခုခေတ် အီရတ် တောင်ပိုင်းဘက် ဒေသဖြစ်သည်။ ချေလ်ဒီယာမှ နှောင်းပိုင်း နက္ခတ်ဗေဒင် ပညာရှင်များက ဘီစီ ၃၀ဝ၀ က ပေါ်ခဲ့သော ပညာရှင် ဘီရိုဆပ် (Berosus) အကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့ကြသော်လည်း ဘီရိုဆပ်၏ ကျမ်းဂန်အစစ်အမှန်များကို တွေ့ရန်ခက်သည်။ သို့သော် ရှေးခေတ် ချေလ်ဒီယာသားများသည် နက္ခတ်ဗေဒင် ကို သုံးစွဲခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂရိနှင့် ရောမတို့၏ နက္ခတ်ဗေဒင်သည် ၎င်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

ဘေဘီလုံ (Babylon)

ပြင်ဆင်ရန်

ဘေဘီလုံတို့ နက္ခတ်ဗေဒင်ကို အသုံးပြုခဲ့ကြောင်း ခြေရာခံ၍ ရသည်မှာ ဘီစီ ၂၅၀ဝ ခန့်က ဖြစ်သည်။ သို့သော် ဘေဘီလုံသားတို့ ရေးသားခဲ့သော ကျမ်းဂန်အထောက်အထားများကို မတွေ့ရှိရပေ။

အီဂျစ်တို့သည် နက္ခတ်ဗေဒင်ကို နားလည် အသုံးချခဲ့သည်မှာ ခရစ်တော် မပေါ်မီ နှစ်ထောင်ပေါင်းများစွာကပင် ဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ ရှေးအကျဆုံးသော အီဂျစ် နက္ခတ်ဗေဒင်ပညာရှင်များမှာ ဘီစီ ၈၀ဝ ခန့်က နီဆပ်ပဆို (Nicepsos) အုပ်စိုးစဉ်ကာလက ဘုန်းတော်ကြီး ပီတိုဆီရစ် (Petosiris) ဟု သိရသည်။ ပီတိုဆီရစ်သည် နက္ခတ်ဗေဒင်ကျမ်းဂန်များ ရေးမရေး မသိရပေ။ အထောက်အထားလည်း မတွေ့ရပေ။

ယနေ့တိုင် တွေ့ရှိနိုင်သော နက္ခတ်ဗေဒင်ကျမ်းများကို ရေးခဲ့သူ အစောဆုံး အီဂျစ် နက္ခတ္တပညာရှင်မှာ ကလော်ဒီယပ်စ် တိုလမီ (Claudius Ptolemy) ဖြစ်သည်။ ယနေ့ အနောက်နိုင်ငံ၏ ခေတ်သစ် နက္ခတ်ဗေဒင်သည် တိုလမီ၏ ကျမ်းများကို အခြေခံသည်။ တိုလမီကို အီဂျစ်နိုင်ငံ၊ ပယ်လူဆီယမ် (Pelusium) မြို့၌ မွေးဖွားပြီး အလက်ဇန်းဒရီးယား ကျောင်းတော်၌ ပညာသင်သည်။ ယနေ့ခေတ်အထိ တည်ရှိနေသော နည်းနာများထဲမှ အမှားများမှာ ယင်း၏ တက်ထရာ ဘိုင်လော့ (Tetrabilos) ကျမ်းကြောင့်ဖြစ်သည်။

ပါရှား (Persia)

ပြင်ဆင်ရန်

ရှေးအကျဆုံး ပါရှန် နက္ခတ်ဗေဒင်ပညာရှင်မှာ အယ်လ် ဟာကင်မ် (Al Hakim) ဖြစ်သည်။ ဒါရီယပ်စ် (Darius) ခေတ်တွင် ကျော်ကြားသော နက္ခတ္တပညာရှင်ဖြစ်သည်။ အယ်လ် ဟာကင်မ်သည် ကျမ်းများစွာ ရေးသားခဲ့ပြီး နှောင်းလူတို့ အများဆုံး ဖော်ပြကိုးကားသည့်ကျမ်းမှာ ဂျူဒီရှာ ဂီမာစပီယာ (Judicia Gimaspia) ဖြစ်သည်။ အယ်လ် ဟာကင်မ်၏ ကျမ်းအများစုမှာ ပျောက်ပျက်ကုန်သည်။ သို့သော် အံ့ဖွယ် ဟောကိန်းများကြောင့် အယ်လ် ဟာကင်မ်သည် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏ အထင်ရှားဆုံးဟောကိန်းမှာ ယေရှုမွေးဖွားမည့်အကြောင်း ဖြစ်သည်။

နက္ခတ်ဗေဒင်တွင် အာရပ်များသည် ထူးချွန်ထက်မြက်သူများဖြစ်ကြသည်။ အာရေဗျသည် နက္ခတ္တပညာရှင် အကျော်အမော်များ ထွက်ပေါ်ရာဒေသဖြစ်သည်။ သူတို့၏ ကျမ်းစာ၊ ပညာများသည် ဂရိနှင့် ရောမမှတဆင့် အနောက်နိုင်ငံများအထိ ရောက်သည်။ သို့သော် ယခုအခါ တစွန်းတစသာ တွေ့ရှိရသည်။ ထိုထိန်းသိမ်းထားသော တစွန်းတစများသည်ပင် အာရပ်တို့၏ နက္ခတ္တဗေဒ အဆင့်မြင့်ကြောင်း သက်သေအထောက်များ ဖြစ်ကြသည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြသော လူမျိုးများဖြစ်၍ ကျမ်းဂန်အထောက်အထား ရရန်ခက်သည်။

ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တဗေဒ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း အိန္ဒိယတွင် ခိုင်မာသော အထောက်အထားများ တွေ့ရသည်။ စစ်မှန်သည်ဟု ယူဆရသော ဘီစီ ၃၇၀ဝ ခန့်မှပြုစုခဲ့သည့် ကျမ်းများလည်း တွေ့ရသည်။ မူရင်းကျမ်းများမှာ ပျက်စီး၊ ပျောက်ဆုံးကုန်သော်လည်း နက္ခတ်ဗေဒင် ပညာရှင်များက အဆက်ဆက်ကူးယူ ထိန်းသိမ်းခဲ့ကြသည်။ ယင်းကျမ်းဂန်များကို အိန္ဒိယပြည်နယ်များရှိ စာကြည့်တိုက်များတွင် တွေ့နိုင်သည်။ ဘီစီ ၆၅၀ဝ မှစ၍ နက္ခတ္တကို အသေးစိတ် မှတ်သားပြုစုလာခဲ့ကြသည်။

ဝေဒ နက္ခတ္တပညာကို ရေးသားခဲ့သော အစောဆုံး ပညာရှင်မှာ ပီတ မဟာဖြစ်သည်။ သူသည် ပီတ မဟာ သိဒ္ဒန္တ (Pita Maha Siddhanta) ခေါ် ကျမ်းကို ပြုစုခဲ့ပြီး ယနေ့တိုင် ယင်းမူများကို တွေ့နိုင်သည်။ ပီတ မဟာသည် ထိုကျမ်းကို ဘီစီ ၃၀ဝ၀ ခန့်တွင် ရေးသားပြုစုခဲ့သည်။ နောင် အနှစ် ငါးရာ အကြာတွင် ဝါရှီသျှတြ (Vashishttha) ခေါ် နက္ခတ္တပညာရှင် ပေါ်ပေါက်လာပြီး နက္ခတ္တဗေဒ (Astronomy)၊ နက္ခတ်ဗေဒင် (Astorology)၊ ဒဿန (Pholosophy) ကျမ်းစာ အများအပြားရေးသားပြုစုခဲ့သည်။ သူ၏ အရေးအပါဆုံး ကျမ်းမှာ ဝါရှီသျှတြ သိဒ္ဒန္တ (Vashishttha Siddhanta) ဖြစ်သည်။

သူ၏ အခြားကျော်ကြားသော ကျမ်းများမှ ပဉ္စ သိဒ္ဒန္တကောသ၊ သူရိယ သိဒ္ဒန္တ၊ နိတျာနန္ဒ၊ ဘာရတဇာတက၊ အရိယဘာတ၊ မံသဂါရိ၊ ရန္နဝီရနှင့် လဂဟု ပရသျှာရတို့ ဖြစ်သည်။ အီး.အမ်.ပလန်ကက် (E.M.Plunkett) က သူ၏ “ရှေးဟောင်း မှတ်တမ်းနှင့် ပုဂ္ဂိုလ်ကျော်များ” စာအုပ်တွင် “ခရစ်နှစ်အစ ဂရိကျမ်းများကို အိန္ဒိယ နက္ခတ္တဗေဒက များစွာအထောက်အကူ ပြုခဲ့ဟန်ရှိသည်၊ ဖီလိုစထရေးတပ်စ် (Philostratus) ရေးသားခဲ့သော ဂရိဒဿနဆရာ၊ နက္ခတ္တဆရာ ‘အပိုလိုနီးယပ်၏ ဘဝ’ ကျမ်းတွင် အပိုလိုနီးယပ်စ်သည် နက္ခတ္တဗေဒနှင့် နက္ခတ်ဗေဒင်ကို အိန္ဒိယ သူတော်စင်များထံ၌ လေ့လာသင်ယူခဲ့သည်” ဟု ဖော်ပြထားသည်။

ကိုင်ရိုကဲ့သို့ပင် ကျော်ကြားသော ကောင့် လူးဝစ် ဟာမွန် (Count Louis Hamon) က သူ၏ “သင်နှင့် သင့်လက္ခဏာ” အမည်ရှိစာအုပ်တွင် “ရှေးလူတို့၏ ဉာဏ်ပညာကို အထင်သေးသူတို့သည် ရှေးအိန္ဒိမှ မြင့်မြတ်သော ပုဂ္ဂိုလ်များနှင့် ဒဿန ပညာရပ်များကို မမေ့နေကြ၍ဖြစ်သည်။ ယင်းတို့ကို ယနေ့ယဉ်ကျေးမှုများက မလှန်နိုင်သေးပေ၊ လက်ခံနေရသည်သာ။ ယင်းတို့ ထုတ်ခဲ့သော သီအိုရီများကို ယနေ့ နက္ခတ်ပညာရှင်များ အံ့ဩကြရသည်။ ခေတ်သစ်တွင် နောက်ဆုံးပေါ် ပစ္စည်းများသုံး၍ လေ့လာ ကြည့်သည့်တိုင် ရှေးပညာရှိတို့၏ တွေ့ရှိမှုကို မကျော်နိုင်သေး။ အိန္ဒိယရှေးပညာရှိတို့ မည်သို့ရှာဖွေ ကြံဆခဲ့သည်ဆိုသည်မှာ အထူးအဆန်းဖြစ်နေသေးသည်” ဟု ရေးခဲ့သည်။

  1. A Brief History of Astrology | သင်ကာဘုန်းမြင့်-Thinker Bhone Myint
  2. Myat Shu - နက္ခတ်ဗေဒင် သမိုင်းအကျဉ်း[လင့်ခ်သေ]