နဂါးမင်းစစ်ဆင်ရေး သည် ၁၉၇၈ ခုနှစ် နှစ်ဦးက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော စီမံချက်တစ်ခု ဖြစ်သည်။ "နဂါးမင်းစစ်ဆင်ရေး" ဟု ခေါ်ဝေါ်သုံးစွဲ နေကြသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာ သောင်းကျန်းမှု နှိမ့်နင်းသည့် စစ်ဆင်ရေးမျိုး မဟုတ်ချေ။ ထိုစဉ်က ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။

ရည်ရွယ်ချက်

ပြင်ဆင်ရန်

နဂါးမင်း စစ်ဆင်ရေး၏ ရည်ရွယ်ချက် မှာ နိုင်ငံခြားသားများ ခိုးဝင်စိမ့်ဝင်နေခြင်း၊ နိုင်ငံတော်၏ စီးပွားရေးစနစ်နှင့် လူမှုရေးကိစ္စများတွင် နိုင်ငံခြားသားများ ဝင်ရောက်နှောက်ယှက်နေခြင်း၊ တည်ဆဲဥပဒေများကို ဖောက်ဖျက်နေသော နိုင်ငံခြားသားများ ရှိနေခြင်း၊ နယ်စပ်ဒေသရှိ ကျေးရွာများတွင် အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးရန် လိုခြင်းတို့ကြောင့်ပင် ဖြစ်သည်။

နယ်ပယ် အကျယ်အဝန်း

ပြင်ဆင်ရန်

နဂါးမင်း စစ်ဆင်ရေးမှာ ရခိုင် ဘင်္ဂါလီအရေးကြောင့် ကမ္ဘာကျော်ခဲ့ရသော အရေးအခင်း တစ်ခုလည်း ဖြစ်သည်။ ထိုကြောင့် နှောင်းလူတို့မှာ နဂါးမင်းစစ်ဆင်ရေးဟု ဆိုလိုက်လျှင် ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ပြုလုပ်သော၊ ခိုးဝင် ဘင်္ဂါလီများကို နှင်သော စစ်ဆင်ရေးတစ်ခု ဟုသာ ထင်မှတ်နေကြသည်။ အမှန်မှာ ချင်းပြည်နယ်၏ ထန်တလန်နှင့် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း၏ ကလေးနှင့် တမူးမြို့နယ်၊ ကချင်ပြည်နယ်၏ မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ် နှင့် မန္တလေးတိုင်း၏ ပြင်ဦးလွင်မြို့နယ်တို့တွင် နဂါးမင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်တွင်ကား စီမံချက် အမည်ပြောင်းပြီး "ဝသန်ဦး" ဟူ၍ ဆောင်ရွက်ခဲ့သည်။ အခြား မည်သည့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင်မျှ ထွက်ပြေးတိမ်းရှောင်ခြင်း ပြဿနာ မရှိခဲ့ချေ။ ရခိုင်ပြည်နယ်တွင်း၌ အဓိက ပြဿနာမှာ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင်သာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နဂါးမင်း ဟု ဆိုလိုက်သည်နှင့် ရခိုင်ပြည်နယ်ကိုသာ တွဲလျက် မြင်မိနေကြသည်။

လုပ်ငန်းစဉ်များ

ပြင်ဆင်ရန်

ရပ်ကွက် / ကျေးရွာအုပ်စု မဲဆန္ဒနယ်အလိုက် အဆောက်အဦး တစ်ခုချင်း မြေပုံဆွဲ မှတ်တမ်းတင်ခြင်း၊ လူဦးရေ အားလုံး စာရင်းကောက်ယူခြင်း၊ ကိုင်ဆောင်ထားသည့် မှတ်ပုံတင်များကို စိစစ်ခြင်း၊ နိုင်ငံသား/ နိုင်ငံခြားသား ခွဲခြားစိစစ်ခြင်း၊ သံသယဖြစ်ဖွယ် ရှိသူများကို စာရင်းပြုစုခြင်း၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် နိုင်ငံခြားသား မှတ်ပုံတင်ရေး ဥပဒေများကို ဖောက်ဖျက်သည့် နိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူခြင်း စသည်တို့ ဖြစ်သည်။

စတင် အကောင်အထည် ဖော်ခြင်း

ပြင်ဆင်ရန်

နဂါးမင်း စစ်ဆင်ရေး အမှန်တကယ် စတင်သည်မှာ ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ဖြစ်သည်။ ထိုနေ့တွင် ကွပ်ကဲမှု ဌာနချုပ်ကို စစ်တွေမြို့ရှိ စိုက်ပျိုးရေးကျောင်းနှင့် GE ဂိုဒေါင်များ၌ ဖွင့်လှစ်ပြီး စစ်တွေမြို့ပေါ် ရပ်ကွက်များ အနီးအနား ကျေးရွာအုပ်စုများအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်း (၂၀၀) ဖြင့် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

သို့သော် နဂါးမင်းစစ်ဆင်ရေး ပထမအဆင့်နှင့် ဒုတိယအဆင့်ကြား ရက်သတ္တပတ် သုံးပတ်ကြား ကွာဟချိန်လေး၌ လူမျိုးရေးအသွင်ဆောင်သော ဖမ်းဆီးမှုများ လုပ်နေပြီဟူသည့် ကောလာဟလသည် မီးထက်ပင် ပျံ့နှံ့သွားလေသည်။ ထိုကောလာဟလကြောင့် ဥပဒေနှင့် မညီသူများသာ မကဘဲ ကြားကြားသမျှ သူ့ထက်ငါ အပြိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြတော့သည်။

မြို့နယ်၏ လူဦးရေ စာရင်းဇယားများ မှန်မှန်ကန်ကန် ရရှိစေရန်အတွက် နယ်အဝေးသို့ ရောက်နေကြသော ဒေသခံ ပြည်သူများအား လူဦးရေစာရင်း ကောက်ယူချိန်တွင် မိမိတို့၏ နေအိမ်သို့ လာရောက်နေထိုင်ကြရန် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီမှ ၁၉၇၈ ခု၊ ဧပြီလ (၂၆) ရက်တွင် ကြေညာချက် အမှတ် (၁/၇၈) ကိုလည်းကောင်း မေလ (၉) ရက်တွင် ကြေညာချက် အမှတ် (၂/၇၈) ကိုလည်းကောင်း ထုတ်ပြန်ခဲ့သည်။ ဒေသခံ ပြည်သူများကို နိုင်ငံသားပီပီ မှန်မှန်ကန်ကန် အစစ်ဆေးခံကြရန် ဘင်္ဂါလီ ခေါင်းဆောင်များ၊ မော်လဝီဆရာများ၊ မြို့မိမြို့ဖများအား ရခိုင်ဒေသပါတီ ဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မင်းခေါင်တို့မှ ရှင်းလင်းပြောကြားခဲ့ကြသည်။

စစ်ဆေး အရေးယူခြင်း

ပြင်ဆင်ရန်

မေလ (၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်း လူဦးရေပေါင်း (၁၀၈၄၃၁) ဦးကို စစ်ဆေးနိုင်ခဲ့သည်။ အမျိုးသား (၃၆၇) ဦး၊ အမျိုးသမီး (၂၇၆) ဦးကိုသာ တရားစွဲဆိုခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သူ (၃၅၅၉၆) ဦး ရှိခဲ့လေသည်။ မှတ်တမ်းတင်ပြီး အဆောက်အဦး (၁၈၄၃၅) ခု ရှိပြီး စွန့်ပစ်သွားသော အိမ်ပေါင်းမှာ (၆၂၉၄) အိမ် ဖြစ်သည်။

ဇွန်လ (၅) ရက်နေ့တွင် မောင်တောမြို့နယ်၌ လူဦးရေပေါင်း (၁၂၅၈၉၃) ဦးကို စစ်ဆေးပြီးစီးခဲ့ပြီး လူဦးရေ (၅၈) ယောက်ကိုသာ တရားစွဲဆိုခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သူမှာ (၈၅၇၀၅) ဦး ရှိခဲ့လေသည်။ မှတ်တမ်းတင်ပြီး အဆောက်အဦး (၂၁၆၃၉) ခုရှိပြီး စွန့်ပစ်သွားသော အိမ်ပေါင်းမှာ (၁၂၅၂၂) အိမ် ဖြစ်သည်။

မောင်တောမြို့နယ် မြောက်ပိုင်းမှ ကျေးရွာ (၂၁) ရွာမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းရွာများမှာ (၁) အင်တူလာရွာ၊ (၂) တပ်ချောင်းရွာ၊ (၃) ကာလာဒေးဗက်ရွာ၊ (၄) ရဲအောင်စံရဖွေရွာ၊ (၅) ကြောင်နဖေရွာ၊ (၆) ဘောက်ရှူးဖွေးရာရွာ၊ (၇) လှိုင်သီရွာ၊ (၈) ခမောင်းဆိပ်ရွာ၊ (၉) ငါးရန့်ချောင်းရွာ၊ (၁၀) သစ်တုန်းနာခွဆုံရွာ၊ (၁၁) နန်းရာကိုင်းရွာ၊ (၁၂) မီးတိုက်ရွာ၊ (၁၃) တောင်ပြိုလက်ဝဲရွာ၊ (၁၄) တောင်ပြိုလက်ယာရွာ၊ (၁၅) ကွမ်းသီးပင်ရွာ၊ (၁၆) သဲချောင်းရွာ၊ (၁၇) လိပ်ရရွာ၊ (၁၈) ကျွန်းပေါက်ဆင်အိုးရွာ၊ (၁၉) ကျွန်းပေါက်ပြုစုရွာ၊ (၂၀) ဇီးပင်ချောင်းရွာ၊ (၂၁) ကျောက်ချောင်းရွာ တို့ ဖြစ်ကြသည်။

မြို့နယ်အလိုက် တိမ်းရှောင်သူ စာရင်းမှာ မောင်တော (၇၉၈၂၃)၊ ဘူးသီးတောင် (၅၃၂၅၄)၊ ရသေ့တောင် (၁၃၉၇၈)၊ စစ်တွေ (၅၀၅၃)၊ ပေါက်တော (၂၃၂၂)၊ ကျောက်တော် (၁၂၆၁)၊ မြောက်ဦး (၃၄၇)၊ မင်းပြား (၅၉၂)၊ စုစုပေါင်း (၁၅၆၆၃၀) ဦး ဖြစ်သည်။

ထွက်ပြေးသူများကို ပြန်လည် လက်သင့်ခံခြင်း

ပြင်ဆင်ရန်

နဂါးမင်းစစ်ဆင်ရေး ပြုလုပ်နေစဉ် ၁၉၇၈ ခုနှစ် ဧပြီလ ပထမအပတ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် အထူးသံတမန်ကို နိုင်ငံတော်သမ္မတ ဦးနေဝင်းမှ လက်ခံတွေ့ဆုံခဲ့သည်။ ၁၉၇၈ ခု၊ ဇူလိုင်လ (၉) ရက်နေ့တွင် "တိမ်းရှောင်သူများ ပြန်လည်လက်ခံရေး သဘောတူညီချက်" တစ်ရပ်ကို ဒက္ကားမြို့၌ လက် မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်အရ ပြန်လည်လက်ခံ နေရာချထားရေးကို စီမံချက် ရေးဆွဲဆောင်ခြင်း အစီအစဉ်ကို ၁၉၇၈ ခု ဇူလိုင်လ (၃၁) ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းကို ဟင်္သာစီမံချက်ဟု ခေါ်တွင်သည်။ ပြန်လည် လက်ခံရေးနှင့် နေရာချထားရေး အဖွဲ့များကို ပြည်နယ်၊ မြို့နယ်အလိုက် အဆင့်ဆင့် ဖွဲ့စည်းထားပြီး နိုင်ငံတော် ဗဟိုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူကြီးစိန်လွင်မှ လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဒုဝန်ကြီး ဦးခင်မောင်ရည်မှ လည်းကောင်း အသီးသီး တာဝန်ယူ ဆောင်ရွက်ကြသည်။

ထိုကြောင့် ၁၉၇၈ ခု စက်တင်ဘာလ (၁၅) ရက် မှ စတင်ကာ မြို့နယ် အသီးသီးတွင် လက်ခံရေးစခန်းများ ဖွင့်လှစ်ကာ ပြန်လည်စိစစ် လက်ခံပေးခဲ့ကြသည်။ မောင်တောမြို့နယ်တွင် လက်ခံရေးစခန်း (၁၄) ခု ဖွင့်လျက် တစ်ကြိမ်လျှင် ဘင်္ဂါလီ (၂၀၀၀) ဦးစီ လက်ခံခဲ့ကြသည်။ မောင်တောမြို့နယ်၏ လက်ခံရေးစခန်းများမှာ (၁) ဝေလာတောင်စခန်း၊ (၂) တောင်ပြိုလက်ဝဲစခန်း၊ (၃) တောင်ပြိုလက်ယာစခန်း၊ (၄) သဲချောင်းစခန်း၊ (၅) ကွမ်းသီးပင်စခန်း၊ (၆) ဇီးပင်ချောင်းစခန်း၊ (၇) ငါးခူရစခန်း၊ (၈) ရွက်ညှိုးတောင်စခန်း၊ (၉) မကျည်းချောင်းစခန်း၊ (၁၀) ပြင်ဖြူစခန်း၊ (၁၁) တမန်းသားစခန်း၊ (၁၂) ကြိမ်ချောင်းစခန်း၊ (၁၃) မြင်းလွှတ်စခန်း၊ (၁၄) မောင်တော ၄ မိုင်စခန်း တို့ ဖြစ်ကြသည်။

ထို့အပြင် နောက်ထပ် လက်ခံပေးရသည့် စခန်းများမှာ (၁) မှန်ဇီစခန်း (စစ်တွေမြို့နယ်)၊ (၂) ဂုပ္ပီစခန်း (ဘူးသီးတောင်မြို့နယ်)၊ (၃) ဘူးသီးတောင် မြို့ပေါ်စခန်း၊ (၄) ဝက်ငါးအောက်စခန်း (ဘူးသီးတောင်မြို့နယ်)၊ (၄) ညောင်ချောင်းစခန်း (ဘူးသီးတောင်မြို့နယ်)၊ (၅) လောင်းချောင်းစခန်း (ရသေ့တောင်မြို့နယ်)၊ (၆) ရသေ့တောင် မြို့ပေါ်စခန်း၊ (၇) အောင်ဒိုင်စခန်း (စစ်တွေမြို့နယ်)၊ (၈) မင်းဂံစခန်း (စစ်တွေမြို့နယ်) တို့ ဖြစ်ကြသည်။

နဂါးမင်း စီမံချက်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည်မှ ပြန်လည် ဝင်ရောက်လာကြသည့် နှစ်နှစ်တာ ကာလအတွင်း ပြန်လည် လက်ခံရာ၌ ထွက်ပြေးတိမ်းရှောင်သူများ၏ မိသားစုဝင်များကိုပါ လက်ခံရသောကြောင့် အပြေးထက် ပြန်အဝင်တွင် လူဦးရေ များပြားမှု ဖြစ်ပေါ်ခဲ့သည်။ ဟင်္သာစီမံချက် စတင်သည့် ၁၉၇၈ ခု၊ ဩဂုတ်လ (၃၁) ရက်မှစ၍ ၁၉၈၀ ခု ဇန်နဝါရီလ (၅) ရက်နေ့ လက်ခံရေးစခန်းများ ပိတ်သိမ်းသွားသည်အထိ ပြန်လည် လက်ခံရသူ အရေအတွက်မှာ အိမ်ထောင်စု စုစုပေါင်း (၃၁၅၂၅) စု၊ အမျိုးသား (၉၃၄၂၅) ဦး၊ အမျိုးသမီး (၉၃၅၄၃) ဦး ဖြစ်၍ စုစုပေါင်း (၁၈၆၉၆၈) ဦး ဖြစ်သည်။

  • မောင်တောမြို့နယ် ဖြစ်စဉ်သမိုင်း၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ မောင်တောမြို့နယ် ပါတီယူနစ်၊ မောင်တောမြို့။ ၁၉၈၂ ခု။