အမှု—ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ဝတ်မှု။

အမှုသည်—ညီတော်နန္ဒထေရ်။

အရှင်နန္ဒ ပြင်ဆင်ရန်

အရှင်နန္ဒသည် မိထွေးတော် ဂေါတမီ၏သား (ဘုရားရှင်နှင့် မိကွဲအတူဖြစ်သော) ညီတော် ဖြစ်၏၊ အလွန် အဆင်းလှ၏၊ ရှုချင့်စဘွယ် တင့်တယ်၍ မြင်ရသူ၏ စိတ်နှလုံးကို ယူကျုံး မွေ့လျော်စေနိုင်လောက်အောင် ကျက်သရေကို ဆောင်၏၊ အရပ်တော်လည်း ထောင်ထောင်မောင်းမောင်းရှိ၍ ဘုရားရှင်အောက် လက် ၄ သစ်လောက်သာ နိမ့်၏၊ ထို့ကြောင့် ဘုရားရှင်၏ သင်္ကန်းတော်နှင့် ညီမျှသော သင်္ကန်းကိုသာ ဝတ်လေ့ရှိရကား အခါတပါး၌ ခပ်လှမ်းလှမ်းမှ အရှင်နန္ဒ လာနေသည်ကို မြင်ကြသော ရဟန်းတော်တို့သည် ဘုရားရှင်ကြွလာသည်”ဟု ထင်၍ ထိုင်နေရာမှ ထနှင့်ကြကုန်၏r အနားရောက်မှ အရှင်နန္ဒမှန်းသိကြ၍ “ဘုရားသင်္ကန်းလောက်ကြီးသော သင်္ကန်းကို ဝတ်ရုံ ရကောင်းလား”ဟု အပြစ်တင်ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဘုရားရှင် သင်္ကန်းပမာဏကို ညွှန်ပြတော်မူပြီးလျှင် “ဘုရားရှင်၏ သင်္ကန်းတော်လောက် ဖြစ်စေ ထို့ထက်ကြီးသော သင်္ကန်းကိုဖြစ်စေ မဆောင်ရ မဝတ်ရ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု၊ သုဂတစီဝရုပ္ပမာဏံ စီဝရံ ကာရာပေယျ၊ အတိရေကံဝါ၊ ဆေဒကံ ပါစိတ္တိယံ၊ တတြိဒံ သုဂတဿ သုဂတစီဝရပ္ပမာဏံ၊ ဒီဃသော နဝဝိဒတ္ထိယော သုဂတ ဝိဒတ္ထိယာ၊ တိရိယံ ဆဝိဒတ္ထိယော၊ ဣဒံ သုဂတဿ သုဂတစီဝရပ္ပမာဏန္တိ။ [၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည် ဘုရားရှင်၏ သင်္ကန်းတော် ပမာဏ ရှိသည်မူလည်း ဖြစ်သော ပိုလွန်သည်မူလည်း ဖြစ်သောသင်္ကန်းကို ပြုစေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏၊ မြတ်စွာဘုရား၏သင်္ကန်းတော် ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၉-ထွာ အနံ ၆-ထွာ ဖြစ်၏။ [၁]

မေးဘွယ် ပြင်ဆင်ရန်

ဘုရားရှင်၏ သင်္ကန်းပမာဏကိုပြရာ၌ “အလျား ၉-ထွာ, အနံ ၆-ထွာ”(၄-တောင့်ထွာ+၃-တောင်)ဟု ပြ၏၊ ထိုပမာဏလောက်ကြီးသော သင်္ကန်းကို ဝတ်လျှင် ထိုရှည်သမျှ ပမာဏကို လည်းဖြတ်, ပါစိတ်အာပတ်လည်း သင့်၏”ဟု ပညတ်တော်မူထား၏၊ ယခုကာလ သင်္ကန်း(ဧကသီ-သင်္ကန်းကြီး)တို့သည် ထိုပမာဏထက် ပိုလွန်လျက် ရှိရာ အဘယ်သို့ ဖြစ်နေပါသနည်း-ဟု မေးဘွယ်ရှိ၏။ [၁]

အဖြေ ပြင်ဆင်ရန်

“ဗုဒ္ဓမြတ်စွာ၏ ၁-ထွာသည် မဇ္ဈိမပုရိသ(အလယ် အလတ် ယောက်ျား၏ အထွာဖြင့်) ၃-ထွာနှင့် ညီမျှ၏”ဟု ယူဆ၍ ယခုကာလ သင်္ကန်းများ၏ ပမာဏသည် ထိုသိက္ခာပုဒ်လာ ပမာဏထက် ရှည်လျားနေသည်ကို တွေ့ကြရပေသည်။ [၁]

အဋ္ဌကထာ ပြင်ဆင်ရန်

သုဂတဝိဒတ္ထိနာမ ဣဒါနိ မဇ္ဈိမဿ ပုရိသဿ တိဿော ဝိဒတ္ထိယော, ဝဍ္ဎကိဟတ္ထေန ဒိယဍ္ဎော ဟတ္ထော ဟောတိ-ဘုရား တထွာသည် ယခုအခါ အလယ်အလတ် ယောက်ျား၏ အထွာဖြင့် ၃-ထွာဖြစ်၍ လက်သမားတို့၏ အတိုင်းအတာဖြင့် တတောင့်ထွာ ရှိသည်။ [ကင်္ခါ, သံဃာဒိသေသ-ကုဋိကာရ သိက္ခာပဒအဖွင့်၊] [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး