နန္ဒာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဈာန်ဝင်စားသည့် အရာတွင် ဧတဒဂ် ရတော်မူ၏။ နန္ဒမင်းသား၏ ဇနီးလောင်းလျာ ဖြစ်၏။ အဘိရူပနန္ဒမင်းသမီးဟုလည်း ခေါ်၏။ အလွန်တရာ လှပတင့်တယ်သော အဆင်းရှိသဖြင့် ဇနပဒကလျာနီဟု အမည်တွင်၏။[၁]

ဘုရားရှင်၏ ဗျာဒိတ် ပြင်ဆင်ရန်

ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုအချိန်တွင် နန္ဒာထေရီလောင်းလျာသည် ဟံသာဝတီမြို့၌ သူဌေးမျိုး၌ ဖြစ်၏။ ထိုသူဌေးမသည် မြတ်စွာဘုရားထံမှ တရားဓမ္မနာကြား၏။ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား အလှူကြီးဖြင့် လှူဒါန်းခဲ့သည်။ ထို့နောက် မြတ်စွာဘုရားအား ဦးတိုက်ကာ ဈာန်ဝင်စားလေ့ရှိသော ရဟန်းမတို့ထက် မြတ်သော အရာအထူးကို ဆုတောင်း၏။


ထိုအခါ ပဒုမုတ္တမြတ်စွာဘုရားသည် "ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းလွန်သော် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူအံ့။ ထိုဘုရားရှင်၏ ထံတွင် အလွန်ထင်ရှားသော နန္ဒာ ဟုအမည်ရသည့် တပည့်သာဝိကာမ ဖြစ်လတ္တံ့" ဟု ဗျာဒိတ်ပေးတော်မူ၏။[၂]

ကျင်လည်ခဲ့သည့် ဘဝများ ပြင်ဆင်ရန်

  • ထိုလူ့ဘဝမှ လွန်သော် တာဝတိံသာဘုံသို့ ရောက်၏။
  • ထိုဘုံမှ လွန်သော် ယာမာဘုံသို့ ရောက်၏။
  • ထိုဘုံမှ စုတေသော် တုသိတာဘုံသို့ ရောက်၏။
  • ထိုဘုံမှ လွန်သော် နိမ္မာနရတီဘုံသို့ ရောက်၏။
  • ထိုဘုံမှ လွန်သော် ဝသဝတ္တိဘုံသို့ ရောက်၏။

အထက်ပါ ဘုံဘဝများတွင် ကျင်လည်ခဲ့သည့်အခါတွင် မိဖုရား ဖြစ်ခဲ့သည်။

  • ထိုဘုံမှ လွန်သော် လူ့ဘုံသို့ ရောက်ကာ စကြဝတေးမင်းတို့၏ လည်းကောင်း၊ ပဒေသရာဇ်မင်းတို့၏လည်းကောင်း မိဖုရား ဖြစ်ခဲ့သည်။

ထိုကဲ့သို့ လူ့ဘုံ၊ နတ်ဘုံတို့တွင် များစွာသောကမ္ဘာပတ်လုံး ချမ်းသာစွာကျင်လည် ခဲ့သည်။

နောက်ဆုံးဘဝသို့ရောက်သော် ကပိလဝတ်ပြည်တွင် သုဒ္ဓေါဒနမင်း၏ သမီးတော်ဖြစ်၏။ အလွန်တရာ ချောမောလှပ၏။ အသရေဖြင့် ချောမောလှပနှစ်သက်အပ်သည်ဖြစ်သောကြောင့် နန္ဒာ ဟု အမည်တွင်၏။[၂]

ဘိက္ခုနီ ပြုခြင်း ပြင်ဆင်ရန်

ရာဟုလာ၊ မယ်တော်မိထွေးတော် ဂေါတမီ၊ နန္ဒမင်းသားတို့သည် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ငြိမ်းအေးမှုကို ရှာကြပြီ ဖြစ်၏။ သူမလည်း သူတို့နည်းတူ ရဟန်းမ ပြုလေ၏။[၁]

မြတ်စွာဘုရားနှင့် တွေ့ဆုံခြင်း ပြင်ဆင်ရန်

နန္ဒာထေရီသည် ရဟန်းမ ဖြစ်လေပြီ။ မြတ်စွာဘုရားသည် ရုပ်ရည်အဆင်းကို ကဲ့ရဲ့တော်မူသည်ဟု သိထား၏။ ထို့ကြောင့် မြတ်စွာဘုရားထံပါးသို့ မဆည်းကပ်ရဲ ဖြစ်နေ၏။ မြတ်စွာဘုရားထံမှ ဩဝါဒကို ခံယူရာတွင် အခြားရဟန်းမတစ်ဦးကို မိမိကိုယ်စား လွှတ်လိုက်၏။ မြတ်စွာဘုရားသည် နန္ဒာထေရီ၏ အဖြစ်ကို သိ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် "ရဟန်းမများအနေဖြင့် မိမိ၏ ဩဝါဒကို ခံယူရန် ကိုယ်တိုင်သာ ခံယူရမည်။ ကိုယ်စားမလွှတ်ရ" ဟု စည်းကမ်းထုတ်၏။ ဤသို့ဖြင့် နန္ဒာထေရီလည်း မြတ်စွာဘုရားထံသို့ ဝင်ရောက်လေ၏။ မြတ်စွာဘုရားသည် အလွန်တရာချောမောလှပသော အမျိုးသမီးကို ဖန်ဆင်းကာ မိမိအား ယပ်ခပ်နေဟန် ပြုစေ၏။ နန္ဒာထေရီသည် မြတ်စွာဘုရားထံသို့ ရောက်သောအခါ ဘုရားရှင်အား ယပ်ခပ်နေသော ချောမောသည့် အမျိုးသမီးကို သတိထားမိ၏။ မိမိသည် ထိုသူမ၏ ၂၅၆ စိတ် တစ်စိတ်ပင် မလှချေပါတကားဟု တွေးမိ၏။ လှပသည့်အမျိုးသမီးကို စူးစိုက်ကာ ကြည့်နေ၏။ မြတ်စွာဘုရားသည် နန္ဒာထေရီအား ဝိဇယသုတ္တန်ကို ဟောကြားတော်မူ၏။ နန္ဒာထေရီလည်း နှစ်ရက် သုံးရက် ကြိုးစားအားထုတ်ရာ ရဟန္တာမ ဖြစ်လေသည်။[၁]

ဧတဒဂ်ရခြင်း ပြင်ဆင်ရန်

မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ "ရဟန်းတို့၊ ငါ၏ တပည့် ရဟန်းမတို့တွင် နန္ဒာထေရီသည် ဈာန်ဝင်စားသည့်အရာတွင် အသာဆုံး အမြတ်ဆုံး ဖြစ်သည်" ဟုဆိုကာ ဧတဒဂ် ပေးတော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၅၃၊ ၆၅၄။
  2. ၂.၀ ၂.၁ ထေရီအပဒါန်ပါဠိတော်၊ ကုဏ္ဍလကေသီဝဂ်၊ နန္ဒာထေရီအပဒါန်