နာမ်၊ နာမ်စား တို့၏ အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့ပေးသော ပစ္စည်း ကို နာမ်ပစ္စည်း ဟု ခေါ်သည်။

နာမ်ပစ္စည်း (၉) မျိုး

ပြင်ဆင်ရန်

(က) မျိုးပြပစ္စည်း

(ခ) လိင်ညွှန်းပစ္စည်း

(ဂ) ကိန်းညွှန်းပစ္စည်း

(ဃ) သင်္ချာပစ္စည်း

(င) နာမ်ထောက်ပစ္စည်း

(စ) ဉပမာပစ္စည်း

(ဆ) ရူပကပစ္စည်း

(ဇ) အာလုပ်ပစ္စည်း

(ဈ) ဝိစ္ဆာပစ္စည်း

သင်္ချာပစ္စည်း (၄) မျိုး

ပြင်ဆင်ရန်

သင်္ချာပစ္စည်း (၄) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) သင်္ချာလေးနက်ပစ္စည်း

(ခ) ပမာဏပြပစ္စည်း

(ဂ) အကြိမ်ပြပစ္စည်း

(ဃ) အစဉ်ပြပစ္စည်း

သင်္ချာလေးနက်ပစ္စည်း

ပြင်ဆင်ရန်

အရေအတွက်ကို အတိအကျပြခြင်းဖြင့် လေးနက်စေသော ပစ္စည်းကို သင်္ချာလေးနက်ပစ္စည်း ဟု ခေါ်သည်။

ဥပမာ။ ။ တိတိ၊ ကျ၊ စီ၊ ကျစီ၊ စလုံး၊ တည်း၊ လျှင်။


(၁) တိတိ။ ။ အပိုအလိုမရှိ၊ အတိအကျဖြစ်ကြောင်းကို ပြသည်။

  • အမေသည် ငါးခြောက်တစ်ပိဿာတိတိ ဝယ်လာသည်။
  • မန္တလေးအမြန်ရထားသည် ညနေ (၆) နာရီတိတိတွင် ဆိုက်သည်။
  • ဤကြိုးသည် (၃၅) တောင်တိတိ ရှည်၏။


(၂) ကျ၊ စီ၊ ကျစီ။ ။ အညီအမျှ ခွဲဝေခြင်းကို ပြသည်။

  • အဘိုးက ကျွန်တော်တို့ကို တစ်ယောက်တစ်ကျပ်ကျ မုန့်ဖိုးပေးသည်။
  • သမဝါယမဆိုင်က တစ်အိမ်ထောင်လျှင် သကြားတစ်ပိဿာစီ ရောင်းသည်။
  • လူတစ်ယောက်လျှင် ရုပ်ရှင်လက်မှတ် (၂) စောင်ကျစီ ရောင်းမည်။


(၃) လုံး၊ စလုံး။ ။ တစ် တစ်လုံးတည်းရှိကြောင်း၊ ဖြစ်ကြောင်းကို ပြသည်။

  • တစ်အိမ်သားလုံး ရုပ်ရှင်သို့ သွားကြသည်။
  • နှစ်ယောက်စလုံး စာမေးပွဲကို ဂုဏ်ထူးနှင့် အောင်ကြသည်။


(၄) တည်း။ ။ အရေအတွက်နည်းကြောင်း၊ ပိုင်းခြားကန့်သတ်ကြောင်းကို ပြသည်။

  • အဖေက မုန့်ဖိုးတစ်ကျပ် တည်း ပေးသည်။
  • တစ်တန်းလုံး၌ သူတစ်ယောက် တည်း စာမေးပွဲ ကျသည်။


(၅) လျှင်။ ။ အချိုးနှုန်းကို ပြသည်။

  • သူသည် ကားကို တစ်နာရီလျှင် မိုင် (၂၀) နှုန်းဖြင့် မောင်းသည်။
  • အင်္ကျီစ တစ်ကိုက်လျှင် (၁၅) ကျပ် ပေးရသည်။

ပမာဏပြပစ္စည်း

ပြင်ဆင်ရန်

အရေအတွက်ကို ခန့်မှန်းပြခြင်းဖြင့် လေးနက်စေသော ပစ္စည်းကို ပမာဏပြပစ္စည်း ဟု ခေါ်သည်။

ဥပမာ။ ။ ကျော်၊ ခန့်၊ လောက်။


(၁) ကျော်။ ။ ဖော်ပြထားသော အရေအတွက်သည် အနည်းငယ် ပိုလွန်ကြောင်းကို ပြသည်။

  • ဤအတန်း၌ ကျောင်းသားလေးဆယ် ကျော် ရှိသည်။
  • ဤရေကန်သည် အတောင် (၂၀) ကျော် နက်သည်။


(၂) ခန့်၊ လောက်။ ။ အတိအကျမဟုတ်သော ခန့်မှန်းခြေအရေအတွက်ကို ပြသည်။

  • ကျွန်တော်တို့အိမ်သည် ကျောင်းနှင့် မိုင်ဝက် ခန့် ဝေးသည်။
  • ဤအခန်းသည် လူငါးရာ ခန့် ဆံ့သည်။
  • ဤသေတ္တာကို လူ (၄) ယောက် 'လောက် မရမည်။
  • ကြက်သား ငါးဆယ်သား လောက် ဝယ်ခဲ့ပါ။

အကြိမ်ပြပစ္စည်း

ပြင်ဆင်ရန်

အရေအတွက်၊ အကြိမ်အခါကို ပြသော ပစ္စည်းကို အကြိမ်ပြပစ္စည်း ဟု ခေါ်သည်။

ဥပမာ။ ။ ကြိမ်၊ ခါ၊ ခေါက်။


ကြိမ်၊ ခါ၊ ခေါက်။ ။ အရေအတွက်၊ အကြိမ်အခါကို ပြသည်။

  • ဤဆေးကို တစ်နေ့ (၃) ကြိမ် သောက်ပါ။
  • တစ် ခါ ထပ်ပြောပါဦး။
  • ကျွန်တော်တို့ရွာသို့ တစ်ခေါက် လာလည်ပါဦး။

အစဉ်ပြပစ္စည်း

ပြင်ဆင်ရန်

အစဉ်ကိုပြသော ပစ္စည်းကို အစဉ်ပြပစ္စည်း ဟု ခေါ်သည်။

ဥပမာ။ ။ မြောက်။

  • လမ်းထိပ်က ဝင်လာလျှင် (၃) အိမ်မြောက် အိမ်မှာ ကျွန်တော်တို့အိမ် ဖြစ်သည်။
  • ဒုတိယမြောက် သားရတနာကို ဖွားမြင်သည်။
  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း