[ နိဂဏ္ဌ + နာဋပုတ္တ ] နာဋ၏သားဖြစ်သော နိဂဏ္ဌ၊ (ကချေသည်၏သား နိဂဏ္ဌဟုလည်း ပြန်ဆိုကြသည်။) မဟာဝီရသည်လည်း ယင်း နိဂဏ္ဌနာဋပုတ္တ အမည်ဖြစ်သည်။ ဂျိန်းဘုရား ဟုလည်းခေါ်ကြ၏။

နိဂဏ္ဌ-ဟူသောအမည် အနှောင်အဖွဲ့ မရှိသူ ဟူသော အနက်ကို ဖွင့်ဆိုကြ၏။ နိဂန္ထ ဟု နေလိုရင်းမှ နိဂဏ္ဌ-ဖြစ်သည်၊ တချို့ကျမ်းများ၌ နိဂဏ္ဌနာဋပုတ္တ နာဋိ (တိ) က ရွာကိုစားရသော နာဋ (တ)၏သား အနှောင်အဖွဲ့မှလွတ်သူ ဟူလို၏။ ယင်း နာဋပုတ္တနိဂဏ္ဌသည် တိတ္ထိဆရာကြီး ၆-ယောက်တွင် တစ်ယောက်အပါ အဝင်ဖြစ်၏။ နိဂဏ္ဌနာဋပုတ္တသည် ဝိဒေဟတိုင်း ဝေသာလီမြို့ အနီး ကုဏ္ဍပုရ (ကွန်ဒါပုရ်) ရွာ ယခု ကုဏ္ဍဂါမ = ဗဟုကုဏ္ဍရွာတွင် B.C. ၅၉၉-နှစ်တွင် ဖွားမြင်သည်ဟု ဂျိန်းသမိုင်းတို့၌ ခန့်မှန်းကြသည်။ ဘုရားရှင်ထက် အသက်ကြီးသဖြင့် B.C. ၆၂၃ (၃၆၀) အထက်ဖြစ်သင့်သည်။ နိဂဏ္ဌနာဋပုတ္တသည် အသက် ၃၀-တွင် တောထွက်၍ ၁၂-နှစ် တပအကျင့်ကို ကျင့်ပြီး ၄၂-တွင် ဘုရားဖြစ်ပြီ ဟု ကျေညာသည်။

ယင်းသည် “စာတုယာမသံဝရ" အကျင့်ကို ဟောပြောသည်၊ စာတုယာမသံဝရအကျင့် (နိဂဏ္ဌနာဋပုတ္တ၏ စွဲမြဲစွာ ဆုပ်ကိုင်ဟောပြောသည့် ပဓာနဝါဒဖြစ်သည်။ ယင်း စာတုယာမသံဝရအကျင့်ကား-

(၁) ရေအေးအားလုံးကို သုံးဆောင်မှုမှ တားမြစ်ခြင်း၊

(၂) မကောင်းမှု အားလုံးကို တားမြစ်ခြင်း၊

(၃) မကောင်းမှု အားလုံးကို တားမြစ်ခြင်းဖြင့် မကောင်းမှု အားလုံးကို ပယ်သတ်ပြီး ဖြစ်ခြင်း၊

(၄) မကောင်းမှု အားလုံးကို တားမြစ်ခြင်းဖြင့် လွတ်မြောက်ရာကို တွေ့မြင်ပြီး ဖြစ်ခြင်း ဖြစ်၏။ [၁]

နိဂဏ္ဌနာဋပုတ္တအယူ၌ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ် ဟု ဒဏ် ၃-ပါး ပညတ်၏။ ကာယဒဏ်, ဝစီဒဏ် ၂-ခုကို အစိတ္တကဒဏ် ဟု ပညတ်၏။ မနောဒဏ်ကို သစိတ္တကဒဏ်ဟု ပညတ်၏။ [၂] နိဂဏ္ဌနာဋပုတ္တသည် မိမိ၏ ဒါယကာရင်း ဥပါလိ ဘုရားရှင်၏ ဥပါသကာအဖြစ်သို့ ဖြစ်သည်ကစ၍ စိတ်မသက်မသာဖြစ်ကာ အကြီးအကျယ် သောကမီး တောက်လောင်သဖြင့် သွေးအံပြီး ဥပါလိ အိမ်တံခါးဝတွင်လဲနေရာ တပည်များက အဝတ်ပုဆိုး (သံလျှင်း)ဖြင့် ထမ်းယူ၍ မြို့ ပြင်ရောက်မှ ခုဋင်ငယ်ဖြင့် ပါဝါမြို့သို့ ထမ်းဆောင်ကြကုန်၏။ ပါဝါမြို့ရောက်၍ မကြာခင် ကွယ်လွန်သည်။ [၃] အသက် ၇၂–တွင် ကွယ်လွန်သည်ဟုလည်း အဆိုရှိသည်။ .D.P. လည်းကြည့် ။

တဒါ ပဉ္စ ဒိဋ္ဌိဂတိကာ ပုရာဏကဿပ မက္ခလိ ဂေါသာလ ပကုဓကစ္စာယန အဇိတ ကေသကမ္ဗလ နိဂဏ္ဌနာဋပုတ္တာ အဟေသုံ။ ဇာ၊ဋ္ဌ၊၅၊၂၆၀။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. ဒီ၊၁၊၅၄။ ဒီ၊ဋ္ဌ၊၁၊၁၅၁။ သံ၊ဋီ၊၁၊၂၆၇။
  2. မ၊၂၊၃၅။ မ၊ဋ္ဌ၊၃၊၃၇။
  3. မ၊ဋ္ဌ၊၃၊၇၀။
  4. တိပိဋကအဘိဓာန် အတွဲ-၁၂