နိဂြောဓဇာတ်
ဒသကနိပါတ် - ၄၄၅။ နိဂြောဓဇာတ်
ကြက်၏ဆူ ဖြိုးသောအသားကို စားရသူမင်းဖြစ်၍ ကြံ့သောအသားကို စားရသူ စစ်သူကြီးဖြစ်ပြီး အရိုးကပ်အသားကို စားရသူ ဘဏ္ဍာစိုး ဖြစ်ခြင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ကျေးဇူးချေဖျက် ပြစ်မှားလျက်
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ဒေဝဒတ်အား “ငါ့ရှင်ဒေဝဒတ်... မြတ်စွာဘုရားသည် သင့်အား ကျေးဇူးများ၏၊ မြတ်စွာဘုရားကိုမှီ၍ သာမဏေ အဖြစ် ပဉ္စင်းအဖြစ်ကိုရ၏၊ ပိဋကတ်ကို တတ်မြောက်၏၊ ဈာန်ကိုရ၏၊ ပစ္စည်းလေးပါးကိုရ၏”ဟု ပြောဆိုကုန်၏၊ ထိုအခါ ဒေဝဒတ်သည် မြက်သစ်ရွက်ကို မြှောက်ကာ “ဤမျှလောက်လည်း ရဟန်းဂေါတမသည် ငါ့အားပြုအပ်သောကျေးဇူးမရှိ”— ဟု ပြောဆိုလေ၏။
ရဟန်းတို့သည် တရားသဘင်၌ ဒေဝဒတ်သည် ကျေးဇူးကို မသိတတ်ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် သိတော်မူ၍ “ရဟန်းတို့... ဒေဝဒတ်သည် ယခုအခါ၌သာ ကျေးဇူးကို မသိတတ်သည် မဟုတ်၊ ရှေးအခါ၌လည်း ကျေးဇူးကို မသိတတ်၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်၏”ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ချွေးမဖြစ်ပုံ မိန်းမမြုံ
လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်ဝယ် မာဂဓမင်း မင်းပြုသည်ရှိသော်ရာဇဂြိုဟ် သူဌေးသည် မိမိသားကို ဇနပုဒ်သူဌေး၏ သမီးနှင့်လက်ထပ်လေ၏၊ ထိုသူဌေးသမီးသည် မြုံ၏၊ နောက် အဖို့၌ လာဘသက္ကာရသည် ဆုတ်ယုတ်ခဲ့၏၊ ငါတို့သား အိမ်၌ မိန်းမသည် မြုံခဲ့၏၊ အသို့လျှင် အမျိုးအနွယ်သည် ပြန့်ပွားလတ္တံ့နည်းဟု ပြောဆိုလျှင် သူဌေးသမီး အပေါ်သို့သာ ရောက်၏။
ကိုယ်ဝန်ဆောင်ဟန် ချွေးမဖန်
ထိုအခါ သူဌေးသမီးသည် ထိုသို့ဖြစ်စေဦး ကိုယ်ဝန်ဆောင်မိန်းမ အမူအရာကို ပြု၍ လှည့်စားမည်ဟု ကြံစည်လျက် မိမိအကျိုးစီးပွား လိုလားသော အထိန်းမအား “မိခင်... ကိုယ်ဝန်ဆောင်မိန်းမ ဟန်ဆောင်လိုသည်၊ ကိုယ်ဝန် ဆောင်မိန်းမနှင့်တူအောင် အဘယ်သို့ပြုရသနည်း”ဟု မေး၏၊ အထိန်းမကြီးသည် “ချစ်သမီး... ဥတုလာသောအခါ ဥတုခံ အနှီးထည့်ရသည်၊ ချဉ်သောအရသာတို့ကို စားရသည်၊ မွေးဖွားခါနီးကာလ၌ လက်ခြေတို့ ဖောရောင်၍လာသည်၊ သားမြတ်ဖျားတို့ မည်းနက်သည်၊ နေ့တိုင်းနေ့တိုင်း အဝတ်နွမ်းကို ဝတ်ရသည် စသည်ဖြင့် နည်းပေးလေ၏၊ သူဌေးသမီးလည်း နည်းရ၍ လင်ယောက်ျားကို ကိုယ်ဝန်ရှိကြောင်းကို ပြောကြားကာ ကိုယ်ဝန်ဆောင် အဟန်ပြုလေ၏ ယောက်ျားလည်း ဝမ်းမြောက်သဖြင့် ကိုယ်ဝန် အစောင့် အရှောက်ကို ပေးလေ၏။
ခရီးသည် ညောင်ပင်ရင်းထား
ကိုးလလွန်၍ ဆယ်လထဲ ရောက်လျှင် သားဖွား ယောက္ခမနှင့်လင်ယောက်ျားတို့ကို မိဘအိမ်သို့သွား၍ ဘွားလိုကြောင်းနှင့်ပန်ကြားကာ ရထားစီးပြီးလျှင် ရာဇဂြိုဟ်ပြည်မှ အခြံအရံနှင့် တကွထွက်လေ၏၊ ထိုသူဌေးသမီး၏ရှေ့မှ လှည်းကုန်သည် တဦးသည် သွားနှင့်၏၊ ထိုလှည်း၌ ဆင်းရဲနွမ်းပါးသော ကိုယ်ဝန်ဆောင် မိန်းမတယောက်သည် စီး၍လိုက်လာ၏၊ လှည်းစခန်းတခုတွင် စခန်းချခိုက် အနီးရှိ ပညောင်ပင်ရင်း သို့သွား၍ သားယောက်ျားကလေး ဖွားမြင်ပြီးလျှင် ငါကား လှည်းနှင့်ကင်း၍မသွားနိုင် သားငယ်ကို ယူလို့မဖြစ်၊ အသက်ရှည်သော် သားမှာရနိုင်သည်ဟု နှလုံးသွင်းကာ သားငယ်ကို ထားခဲ့၍ နံနက်စောစောကလျှင် မိမိလာခဲ့ရင်း လှည်းနှင့်အတူ လိုက်လေ၏၊ သားငယ်ကို နတ်တို့စောင့်ကုန်၏။
သားဖွားဟန်မူ သူငယ်ယူ
သူဌေးသမီးလည်း နံနက်စာ စားချိန်၌ ထိုအရပ်သို့ရောက်လျှင် ခေတ္တနားနေလျက် ကိုယ်လက်သုတ်သင် ဦးမည်ဟု အထိန်းမကိုခေါ်၍ ပညောင်ပင်ရင်းသို့ဝင်ရာ ရွှေအဆင်း နှင့်တူသော မွေးဖွားစသားငယ်ကိုမြင်လျှင် အလွန် ဝမ်းမြောက်ကာ ပွေ့ချီလျက် ရင်ခွင်ကို သွေး, ကိုယ်ဝန်အညစ်အကြေးတို့ဖြင့် လိမ်းကျံစေလျက် သားဖွားမြင်ကြောင်း ပြောကြားလေလျှင် အလုပ်အကျွေးတို့သည် တင်းတိမ်ကာ ရံကြကုန်၏၊ ကိစ္စပြီးလျှင် ယောက္ခမများထံ သတင်း စကားကို စေလိုက်၏၊ ယောက္ခမများလည်း ပြန်လာရန်မှာ လိုက်သဖြင့် အခြံအရံနှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ပြန်လေ၏၊ သတို့သားကို အမည်မှည့်သောနေ့၌ ပညောင်ပင်ရင်း၌ မွေးဖွားသောကြောင့် နိဂြောဓသတို့သားဟု မှည့်ကြကုန်၏။
ဘွားဘက် အတူသွား ပညာသင်ကြား
ထိုနေ့ပင်လျှင် ... သူဌေးငယ်၏ ချွေးမလည်း မွေးဖွားရန် မိဘတို့အိမ်သို့သွားရာ လမ်းခရီးအကြားတွင် သစ်ခက်တခု အောက်၌ မွေးဖွားသဖြင့် သာခသတို့သားဟု မှည့်ကြကုန်၏၊ ထိုနေ့ပင်လျှင် သူဌေး၏ အပ်လျှိုသမားမယားသည် ပုဆိုးနွမ်းအတွင်း မွေးဖွားသဖြင့် ပေါဋ္ဌိကသတို့သားဟု အမည်မှည့်ကြကုန်၏၊ သူဌေးကြီးသည် နှစ်ယောက်သော သတို့သားတို့ကိုလည်း နိဂြောဓသတို့သားနှင့် တနေ့တည်း မွေးဖွားသဖြင့် ဆောင်ယူစေ၍ နိဂြောဓ သတို့သားနှင့် အတူ ကြီးပွားစေကုန်၏။
သတို့သားသုံးယောက်တို့သည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာ သင်ကြားကြကုန်၏၊ သူဌေးသားနှစ်ယောက်တို့သည် ဆရာအား အသပြာနှစ်ထောင်ပေး၍ သင်ကြားကုန်၏၊ ပေါဋ္ဌိကကား နိဂြောဓသတို့သားထံ၌ သင်ကြား၏။
ပညာတတ်မြန် ရပ်ဌာန်ပြန်
ထိုသတို့သား သုံးယောက်တို့သည် အတတ်ပညာ သင်ကြားပြီးလျှင် ဆရာကို ပန်ကြား၍ တက္ကသိုလ်ပြည်မှထွက်ကာ လှည့်လည်လတ်သော်ဗာရာဏသီပြည်သို့ရောက်၍ ညအခါ နတ်ကွန်းတခု၌အိပ်ကြလေကုန်၏၊ ထိုအခါဗာရာဏသီမင်း နတ်ရွာစံသဖြင့် တမြို့လုံးစည်လည်ကာ ဖုဿရထား လွှတ်ရန် အသင့်စီမံ၍ထားကုန်၏၊ ပေါဋ္ဌိကသည်မိုးသောက်ထ အခါ၌ နိဂြောဓ၏ခြေတို့ကို ဆုပ်နယ်လျက်နေ၏။
နတ်ကွန်းနေကြက် ခိုက်ရန်ပြုချက်
ထိုအခိုက်နတ်ကွန်းရှိကြက်တို့တွင်ကြက် နှစ်ကောင်သည် အထက်အောက်အိပ်ကြရာ၊ အထက်ကြက်သည် အောက် ကြက်အပေါ်၌ ကျင်ကြီးစွန့်၍ ချ၏၊ အောက်ကြက်သည် အမျက်ထွက်၍ “ကျင်ကြီးစွန့်ချသူကား အဘယ်သူနည်း”ဟု မေး၏၊ အထက်ကြက်သည် “အဆွေ... အမျက်မထွက်ပါလင့်၊ မသိ၍ စွန့်ချမိပါ၏”ဟု ပြော၏၊ “အချင်း...သင် ကားငါ့ကို ကျင်ကြီးစွန့်ချရာ မှတ်သလော၊ ငါ၏အစွမ်းကို သင်မသိသလော”ဟု ခြိမ်းချောက်ကာ ပြောလေ၏။
ကိုယ်စွမ်းပြောလျက် အမျက်ထွက်
အထက်ကြက်လည်း တောင်းပန်၍မရသဖြင့် အမျက်ထွက်လာ၍ “အချင်း... သင်၏အစွမ်းကား အဘယ်နည်း”— ဟု မေးလေ၏၊ “အချင်း...ငါ၏အသားကိုစားသူသည် နံနက် စောစော၌လျှင် အသပြာတထောင်ကို ရလတံ့၊ ထို့ကြောင့် ငါမာန်တက်၏”ဟု ပြော၏၊ “အချင်း... အသားစား၍ အသပြာတထောင်ရစေတတ်သော အစွမ်းမျှလောက်ဖြင့် မာန်မတက်သင့်၊ ငါ၏ဆူသောအသားကို စားသောသူသည် နံနက်စောစော၌လျှင် မင်းဖြစ်လတံ့၊ မဆူမခြောက် အလယ်သားကိုစားသူသည် စစ်သူကြီးဖြစ်လတံ့၊ အရိုး၌ ကပ်သောအသားကို စားသောသူသည် ဘဏ္ဍာစိုးဖြစ်လတ္တံ့”ဟု တကောင်နှင့်တကောင် အစွမ်းကိုပြ၍ မာန်တက်ကာ ပြောဆိုနေကြကုန်၏။
ကြက်ကိုသတ်စား ဥယျာဉ်သွား
ပေါဋ္ဌိကကြားတည့်လျှင် ငါတို့မှာကံကော်ပြီ၊ အသပြာတထောင်ဖြင့် အသို့ပြုအံ့နည်းဟု သစ်ပင်သို့တက်၍ အထက် ကြက်ကိုဖမ်းကာ သတ်၍ မီးကင်ပြီးလျှင် ဆူသောအသားကို နိဂြောဓအားပေး၏၊ အလယ်သားကို သာခအားပေး၏၊ အရိုး၌ ကပ်သောအသားကို မိမိကိုယ်တိုင် စား၏၊ စားပြီးလျှင်–
“အဆွေနိဂြောဓ... သင်သည် ယနေ့မင်းဖြစ်လတံ့၊ အဆွေသာခ... သင်လည်း စစ်သူကြီးဖြစ်လတံ့၊ ငါကား ဘဏ္ဍာစိုးဖြစ်လတံ့”ဟု ပြောလေ၏၊ ထိုအခါ နှစ်ယောက်သောသူဌေးသားတို့သည် “အဆွေ... အဘယ်ကြောင့်သိသနည်း”ဟု မေးပြန်ရာ အကြောင်းစုံကို ပြောကြားလေ၏၊ ထို့နောက်သတို့သားတို့သည် နံနက်စာစားချိန်ဝယ် မြို့တွင်းရှိ ပုဏ္ဏားတယောက်အိမ်၌ ထောပတ် သကာနှင့်ရောသော ဃနာထမင်းကို စားပြီးလျှင် မင်း၏ ဥယျာဉ်တော်သို့ဝင်ကာ နိဂြောဓသည်မင်္ဂလာကျောက်ဖျာ ပေါ်၌အိပ်၏၊ သာခနှင့်ပေါဋ္ဌိကတို့သည် အပြင်ပ၌အိပ်ကြကုန်၏။
ဥယျာဉ်အိပ်ခိုက် ရထားဆိုက်
ထိုအခါ ပုရောဟိတ်သည် စီရင်ထားသောဖုဿရထားကို မင်းမြှောက်တန် ဆာငါးပါးတင်ကာလွှတ်လေ၏၊ ရထားသည် ဥယျာဉ်တော်သို့ဝင်လျက် မင်္ဂလာကျောက်ဖျာအနီး တွင်ရပ်၏၊ ပုရောဟိတ်လည်း ကျောက်ဖျာထက်၌အိပ်နေသော နိဂြောဓ သတို့သားကိုမြင်လျှင် ဘုန်းရှိသူဖြစ်လိမ့်မည် ဟု ခြေကိုဖွင့်၍ကြည့်ပြီးလျှင်–
“အချင်းတို့... ဤသူကား ဗာရာဏသီမင်းအဖြစ်ကို ထားဘိဦး၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ဧကရာဇ်မင်း ဖြစ်ထိုက်၏”ဟု ပြောကြားပြီးလျှင် အလုံးစုံသော တူရိယာတို့ကို တပြိုင်နက် တီးမှုတ်စေ၏၊ နိဂြောဓသတို့သား နိုး၍ မျက်နှာဖွင့်ကြည့်ပြီးလျှင် အနည်းငယ်လျောင်း၍ တဖန် ထက်ဝယ်ဖွဲ့ကာထိုင်လေ၏။
နိဂြောဓ လုလင် မင်းမြှောက်တင်
ပုရောဟိတ်သည် ပုဆစ်တုပ်၍ “အရှင်မင်းကြီး...ဗာရာဏသီမင်းအဖြစ်သည် အရှင်မင်းကြီးသို့ ရောက်ပါပြီ”— ဟု လျှောက်ထားတောင်းပန်ပြီးလျှင် မင်းမြှောက်တန်ဆာတို့ကို ဝတ်ဆင်စေ၍ အဘိသိက်သွန်းကာ မင်းမြှောက်လေ၏၊ နိဂြောဓသတို့သား မင်းအဖြစ်သို့ရောက်လျှင် သာခသတို့သားအား စစ်သူကြီးအရာကိုပေး၍ မြို့တွင်းသို့ဝင်၏၊ ပေါဋ္ဌိကလည်း မင်းကြီးနှင့်အတူ လိုက်လေ၏။
မိဘခေါ်ခိုင်းကြ ပေါဋ္ဌိက
မင်းကြီးသည် တနေ့သ၌ မယ်တော် ခမည်းတော်တို့ကို သတိရသဖြင့် သာခစစ်သူကြီးကို အခေါ်ခိုင်းရာ မယ်တော် ခမည်းတော်တို့ထံ ပြုဘွယ်ကိစ္စ မရှိဟုပယ်လေ၏၊ ထို့နောင် ပေါဋ္ဌိကကို ခိုင်းတော်မူပြန်၏၊ ပေါဋ္ဌိကလည်း မင်းကြီး၏ မယ်တော် ခမည်းတော်တို့ထံ သွား၍ “သင်တို့သား နိဂြောဓသည် ဗာရာဏသီပြည်၌ မင်းဖြစ်၍နေပြီ၊ အခေါ်ခိုင်း၍ လာခဲ့သည်၊ ချမ်းသာစွာ စားသောက်နေရန် လိုက်ခဲ့ကြပါ”ဟု ခေါ်သော်လည်း ငါတို့မှာ ဥစ္စာပစ္စည်း များစွာရှိ၏၊ မလိုက်လိုဟု ငြင်းပယ်ကုန်၏၊ သာခစစ်သူကြီး၏ မိဘတို့ကို ခေါ်ပြန်ရာလည်း ထို့အတူ ငြင်းပယ်ကုန်၏၊ မိမိ၏ မိဘတို့ကို ခေါ်ပြန်ရာလည်း မလိုက်လို အပ်ချုပ်၍ အသက်မွေးမည် ဟု ငြင်းပယ်ကုန်၏။
ကျေးဇူးဖျက်ဆီး စစ်သူကြီး
ထိုအခါ ပေါဋ္ဌိကသည် ဗာရာဏသီပြည်သို့ပြန်ခဲ့၍ သာခစစ်သူကြီး အိမ်၌ အပန်းဖြေပြီးမှ နိဂြောဓ မင်းကြီးကို ဖူးမြင်မည်ဟု ကြံစည်ကာ သာခစစ်သူကြီးအိမ် တံခါးသို့ သွား၍ တံခါးစောင့်အား “အမောင်... စစ်သူကြီးကို သင်တို့အဆွေ ပေါဋ္ဌိကလာသည် လျှောက်ထားပေးပါ” ဟု စေခိုင်း၏၊ တံခါးစောင့် သွား၍ လျှောက်ထားရာ မင်းအဖြစ်ကို မပေး၍ ရန်ငြိုးထားခဲ့ဘူးသဖြင့် ပေါဋ္ဌိက အမည်ကို ကြားကာမျှဖြင့်ပင် အမျက်ထွက်၍ “ပေါဋ္ဌိက၏ အဘယ်အဆွေနည်း၊ ကျွန်မသား အရူးဖြစ်၏”ဟု ပြောဆိုကာ ရိုက်ပုတ်ထောင်းထုစေပြီးလျှင် လည်ပင်းကိုကိုင်၍ ထုတ်စေ၏။
ပေါဋ္ဌိကပြန်ရောက် ကြောင်းစုံလျှောက်
ပေါဋ္ဌိကသည် ... သာခကား ငါ့ထံမှ စစ်သူကြီးအရာကိုရပါလျက် သူ့ကျေးဇူးကိုမသိ၊ ကျေးဇူးရှင်အဆွေခင်ပွန်းကို ရိုက်ပုတ်ထောင်းထု၍ နှင်ထုတ်စေဘိ၏၊ ငါ့အဆွေနိဂြောဓ မင်းကြီးကား ပညာရှိ၏၊ သူ့ ကျေးဇူးကိုသိတတ်၏၊ သူတော်ကောင်းတည်းဟု ကြံစည်လျက် မင်းကြီး၏ အိမ်တံခါးသို့ သွား၍ တံခါးစောင့်အား “အဆွေတော် ပေါဋ္ဌိက လာကြောင်း လျှောက်စေ၏၊ မင်းကြီးလည်း ခေါ်စေ၍ နေရာမှထပြီးလျှင် ခရီးဦးကြိုဆို၍ ထမင်းစားစေပြီးလျှင် မယ်တော် ခမည်းတော်တို့ အကြောင်းကို မေးသဖြင့်ပေါဋ္ဌိကလည်း အကြောင်းစုံ လျှောက်ထားလေ၏။
စစ်သူကြီးရှေ့ မှောက် ပေါဋ္ဌိက လျှောက်
သာခ စစ်သူကြီးလည်း ပေါဋ္ဌိကသည် မင်းကြီးနှင့် ငါ့ကို အချစ်ပျက်အောင် ကုန်းတိုက်လိမ့်မည်၊ ငါ့မျက်မှောက် ဖြစ်လျှင် တိုက်ဝံ့မည်မဟုတ်ဟု မင်းကြီးထံအမြန်လိုက်သွားရာ ပေါဋ္ဌိကနှင့်ဆုံမိလေ၏၊ ပေါဋ္ဌိကလည်း သာခစစ်သူကြီး မျက်မှောက်မှာပင် “အရှင်မင်းကြီး...အကျွန်ုပ်သည် သာခစစ်သူကြီးအိမ်၌ အပန်းဖြေမည်ဟု မိမိလာကြောင်း ပြောကြားစေရာ သာခစစ်သူကြီးသည် ထိုသူကိုငါမသိဆို၍ ရိုက်ပုတ် ထောင်းထု၍ နှင်ထုတ်စေပါ၏၊ ယုံတော်မူပါ” ဟု လျှောက်ထားပြီးလျှင်–
“အရှင်မင်းကြီးက ဤသူကား အဘယ်သူနည်း၊ အဘယ်သူ၏ အဆွေခင်ပွန်းနည်း၊ ဤသူကိုငါမသိ ဆို၍ သာခစစ်သူကြီး ပြုလုပ်သကဲ့သို့ အရှင်မင်းကြီးသည် အဘယ်ကြောင့် မပြုလုပ်ပါသနည်း”။
“အရှင်မင်းကြီး...ရိုက်ပုတ် ထောင်းထု စေပြီးမှ သာခစစ်သူကြီးစကားကို လိုက်နာကုန်သော သူတို့သည် အကျွန်ုပ်ကို နှုတ်လှံထိုးကာ လည်ပင်း ကိုကိုင်၍ ငင်ထုတ်ကုန်၏”။
“အရှင်မင်းကြီး...ပညာဉာဏ်မရှိ၊ ကျေးဇူးကိုလည်းမသိ၊ အဆွေခင်ပွန်းကိုပြစ်မှားတတ်သော အရှင်မင်းမြတ်၏ အဆွေခင်ပွန်းဖြစ်သော သာခသည် ဤသို့ သူတော်မဟုတ် သူယုတ်တို့အကျင့်ကို ကျင့်အပ်ပြီ”-
ဟု ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားပြန်၏။
ကျေးဇူးရှိဘူး မင်းချီးကျူး
ထိုအခါ နိဂြောဓမင်းကြီးသည် ပေါဋ္ဌိက ကျေးဇူးကို သာခစစ်သူကြီးအား ပြောလိုသဖြင့်–
“အဆွေပေါဋ္ဌိက...ဤသူကို ငါမသိဆို၍ သာခသည် ရိုက်ပုတ် ထောင်းထု၍ နှင်ထုတ်ခြင်းအမှုကို ပြုအပ်၏ဟူသော စကားကို သင်သည် ငါ့အား လျှောက်ထား၏၊ တစုံ တယောက်သော သူသည် မလျှောက်ထား”။
“အဆွေပေါဋ္ဌိက သင်သည် ငါနှင့် သာခ နှစ်ပါးစုံသော အဆွေခင်ပွန်းတို့အား ချမ်းသာစွာ အသက်မွေးကြောင်းကို ပေးသောသူ ဖြစ်ပေ၏၊ သင်သည် ငါတို့နှစ်ယောက်အား လူ့ပြည်၌ မွန်မြတ်သော မင်းစည်းစိမ်ကို ပေးသောသူဖြစ်ပေ၏”။
သူမိုက်ကျင့် ပျက် ကျေးဇူးဖျက်
“အဆွေပေါဋ္ဌိက ... ဤမင်း စည်းစိမ်တို့ကိုငါတို့သည် သင့်ထံမှ ရအပ်ကုန်၏၊ ဤမင်းစည်းစိမ်ရရာ၌ ငါ့အားယုံမှား
သံသယမရှိပေ၊ မီး၌ထည့်အပ်သော မျိုးစေ့သည် အပင်မပေါက် ပြာဖြစ်သကဲ့သို့ ထို့အတူ သူယုတ်မာ၌ ပြုအပ်သောကျေးဇူးသည် အကျိုးမရှိပျောက်ပျက်၏”။
“ကျေးဇူးကိုသိ၍ မြတ်သောအကျင့်သီလရှိသော သူ၌ ပြုအပ်သော ကျေးဇူးကား များစွာ အကျိုး ရှိ၏၊ ချိုင်းဝှမ်းသော လယ်မြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် အပင်ပေါက်၍ မပျောက် ပျက်သကဲ့သို့ ထို့အတူ ထိုကျေးဇူးကိုသိတတ်သော သူ၌ ပြုအပ်သော ကျေးဇူးသည် မပျောက်ပျက်လေ”-
ဟု သာခ၏အပြစ်ကို ပြောဆိုလေ၏၊ ထိုအခါ သာခလည်း မင်းကြီး၏ရှေ့တော်မှာပင် တည်၏။
ကျေးဇူးမသိ လတ် လှံနှင့်ထိုးသတ်
တဖန် မင်းကြီးသည် သာခစစ်သူကြီးကို “သင်သည် ပေါဋ္ဌိကကို သိပြီ လော”ဟု မေး၏၊ သာခ စစ်သူကြီးသည် ဆိတ်ဆိတ်သာနေ၏၊ တဖန် နိဂြောဓမင်းကြီးသည်– “အို-အမတ်တို့...ယုတ်မာလျက် စဉ်းလဲ လှည့်ပတ်တတ်၍ သူယုတ်တို့အကြံကို ကြံစည်တတ်သော ဤသာခကို လှံသေးလှံမတို့ဖြင့် ထိုးသတ်ကြကုန်လော့၊ သာခအား အသက်ရှင်ခြင်းကို ငါအလိုမရှိ”— ဟု မင်းဒဏ် ပေးလေ၏။
ပေါဋ္ဌိကလျှောက်ပြန် မင်းသည်းခံ
ထိုအခါ ပေါဋ္ဌိကသည် ဤသူယုတ်ကား ငါ့ကိုမှီ၍ မပျက်စီးပါစေလင့်ဟု ကြံစည်၍–
“မြတ်သော မင်းကြီး...ဤသူယုတ်မာအား သည်းခံတော်မူပါ၊ အသက်ကို တဖန်ဆောင်ခြင်းငှာ မတတ်ကောင်း၊ သူတော်ကောင်း၏ ဆန့်ကျင်ဘက် ရန်သူဖြစ်သော သူယုတ်မာအား သည်းခံတော်မူပါ၊ ဤသူယုတ်မာ သာခအား သတ်ခြင်းကို အကျွန်ုပ် အလိုမရှိပါ”—
ဟု သားခအား အသက်ကို ချမ်းသာပေးရန် လျှောက်ထားပြန်၏၊ မင်းကြီးသည် ပေါဋ္ဌိကစကားကို ကြားလျှင်–
“သာခအား ငါသည်းခံ၏”ဟု ဆို၏။
ကျေးဇူးဂုဏ်မြတ် ရာထူးအပ်
ထိုအခါ ... မင်းကြီးသည် စစ်သူကြီး ရာထူးကို ပေါဋ္ဌိကအား ပေးလို၏၊ ပေါဋ္ဌိကမူကား အလိုမရှိ၊ မင်းကြီးသည် ပေါဋ္ဌိကအား အလုံးစုံသော စစ်သူကြီးတို့ကို စီမံရသော ဘဏ္ဍာစိုးရာထူးကိုပေးလေ၏၊ [ထိုဘဏ္ဍာစိုးရာထူးကား ရှေးအခါ၌မဖြစ်စဖူး၊ နိဂြောဓမင်းကြီး လက်ထက်တော်မှစ၍ ဖြစ်သတတ်။]နောက်အဖို့၌ဘဏ္ဍာစိုး ပေါဋ္ဌိကသည် စည်းစိမ်ဥစ္စာ သားသမီးတို့ဖြင့် ကြီးပွားသည်ဖြစ်၍–
“ချစ်သားချစ်သမီးတို့... သာခစစ်သူကြီး၏ထံ၌ အသက်ရှင်နေရခြင်းထက် နိဂြောဓမင်းကြီး၏ထံ၌ သေရခြင်းကမြတ်လှ၏၊ ထို့ကြောင့် အမောင်တို့သည် နိဂြောဓမင်းကြီးကိုသာလျှင် မှီဝဲဆည်းကပ် ကြရာ၏၊ သာခစစ်သူကြီးကို မမှီဝဲ မဆည်းကပ်
ကြရာ”-
ဟု သားသမီးတို့အား အမြဲဆုံးမလေ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-
ရဟန်းတို့...
*ထိုအခါသာခသည်-ယခုအခါဒေဝဒတ်။
*ပေါဋ္ဌိကသည်-အာနန္ဒာ။
*နိဂြောဓသည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ကျေးဇူးမဲ့ရေး၊ ငမိုက်ခွေး၊ ညစ်ထေးသူယုတ်မာ။
(၂) ကျေးဇူးသိလျှင်၊ ပညာရှင်၊ ဖြူစင်သူတော်စွာ။
(၃) သူယုတ်ထံဦး၊ ပြုကျေးဇူး၊ ထိမ်မြှေးပျောက်ကွယ်ရာ၊
(၄) သူတော်ထံဦး၊ ပြုကျေးဇူး၊ မမြူးမထိမ်ရာ၊
နိဂြောဓဇာတ် ပြီး၏။
***
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။