ဘုရားအလောင်းတော် ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီးများနှင့်၊ ဘုရားအလောင်းတော် ပဋိသန္ဓေ တည်နေသောအခါ၊ ဖွားတော်မူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာတရားဦး ဟောတော်မူသောအခါတို့၌ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့မှာ မတူကြပေ၊ တမျိုးစီသာဖြစ်သည်၊ []

ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါး

ပြင်ဆင်ရန်

အလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံသောအခါ ဖြစ်ပေါ်သော နိမိတ်ကြီး (၃၂)ပါးတို့ကို မုံရွေးဇေတဝန် ဆရာတော်က မိမိ၏ ရာဇောဝါဒကျမ်း၌-

“မြစ်ရေပြန့်ပြန့်၊ တန့်၍ရှည်ကြာ၊ မနေရာသော်လည်း၊ ရွှေဗျာဒိတ်ပွဲ၊ ကာလဆဲတွင်၊ လွှဲ၍မစီး၊ ငရဲမီးချမ်းသာ၊ သုမေဓာ၏၊ ဂုဏ်အာနုဘော်၊ ဉာဏ်တော်ရင့်ညောင်း၊ သူတော်ကောင်းကြောင့်၊ အပေါင်းသတ္တဝါ၊ ဒုက္ခကွာ၍၊ ချမ်းသာ ရောက်ဘူးကြလေသည်”..

ဟူသော စာပိုဒ်၏ အဓိပ္ပါယ်ကို အကျယ်ဖော်ပြရာ၌ နိမိတ်ကြီး (၃၂)ပါးတို့၏ သရုပ်ကို..

  • (၁) အချမ်းအအေး ကင်း၏၊
  • (၂) အပူငြိမ်း၏၊
  • (၃) တသောင်းသော စကြဝဠာ၌ အသံမရှိ ဆိတ်၏၊ နှောက်ရှက်ခြင်း ကင်း၏၊
  • (၄) ပြင်းစွာသော လေတို့သည် မလာကုန်၊
  • (၅) အယဉ်ထန်စွာစီးသော မြစ်ကြီးတို့သည် မစီးကုန်၊
  • (၆) ကြည်းပန်း ရေပန်း ဟူသမျှတို့သည် အလုံးစုံ ပွင့်ကုန်၏၊
  • (၇) နွယ်ပင် သစ်ပင် (ပင်စောက်)တို့သည် အသီး သီးကုန်၏၊
  • (၈) ကောင်းကင်ရတနာ မြေပြင်ရတနာတို့သည် ကောင်းစွာ ထွန်းထောက်ပကုန်၏၊
  • (၉) လူ၌ဖြစ်သော တူရိယာ နတ်၌ဖြစ်သော တူရိယာတို့သည် အလိုလို မြည်ကုန်၏၊
  • (၁ဝ) ကောင်းကင်မှ ဆန်းကြယ်သော ပန်းမိုယ်းတို့သည် ရွာကုန်၏၊
  • (၁၁) မဟာသမုဒြာသည် ဝဲလည်၏၊
  • (၁၂) တသောင်းသော စကြဝဠာတိုက် တုန်လှုပ်၏၊
  • (၁၃) တသောင်းသော စကြဝဠာတိုက်၌ ငရဲမီးတောက်တို့သည် ငြိမ်းအေးကုန်၏၊
  • (၁၄) နေသည် ကင်းသော အညစ်အကြေးရှိ၏ (အညစ်အကြေးကင်း၏)၊
  • (၁၅) ကြယ်တို့သည် နေ့အခါ၌ ထင်ကုန်၏၊
  • (၁၆) မိုဃ်းမရွာပဲ ရေသည် မြေမှထွက်၏၊
  • (၁၇) ကြယ်အပေါင်းနှင့် နက္ခတ် နှစ်ဆယ့်ခုနှစ်လုံးတို့သည် အလွန်ထွန်းပ တင့်တယ်ကြကုန်၏၊
  • (၁၈) ဝိသာခါနက္ခတ်သည် လပြည့်ဝန်း (စန်း)နှင့် ယှဉ်၏၊
  • (၁၉) တွင်း၌နေသော မြွေ, မြွေဘာ၊ ချောက်၌နေသော မြေခွေး, ဝံ, သစ် အစရှိသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကုန်၏၊
  • (၂၀) သတ္တဝါတို့ မမွေ့လျော်ခြင်းပျောက်၍ မွေ့လျော်ခြင်း ရှိကြကုန်၏၊
  • (၂၁) အနာတို့သည် ငြိမ်းကုန်၏၊
  • (၂၂) မွတ်သိပ်ဆာလောင်ခြင်း ကင်းကုန်၏၊
  • (၂၃) ရာဂ, ဒေါသ, မောဟ ပျောက်ကင်း၏၊
  • (၂၄) ဘေးကင်းကြ၏၊
  • (၂၅) မြူထခြင်း မရှိ၊
  • (၂၆) မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏၊
  • (၂၇) နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏၊
  • (၂၈) (အရူပ-ဗြဟ္မာတို့ကို ထား၍) ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ထင်ကုန်၏၊
  • (၂၉) တသောင်းသော လောကဓာတ်၌ ငရဲတို့သည် ထင်ကုန်၏၊
  • (၃ဝ) တံတိုင်း တိုက်နံရံ တံခါးရွက် ကျောက်တောင်တို့ဖြင့် ပိတ်ပင်ဆီးတားခြင်း မရှိကုန်၊
  • (၃၁) စုတေခြင်း မရှိကုန်၊
  • (၃၂) ပဋိသန္ဓေနေခြင်း မရှိကုန်

ဟူ၍ ရေတွက်ဖော်ပြထားသည်။[]

အချို့ဆရာကြီးတို့ကမူကား

ပြင်ဆင်ရန်

မုံရွေးဇေတဝန်ဆရာတော် ပြအပ်သည့် (၃)အမှတ် နိမိတ်တခုကို နှစ်ခုခွဲ၍ ယူလိုကြ၏၊ ယူလိုကြရင်း နှလုံးသွင်း အာဘော်မှာ... မုံရွေးဆရာတော် မိန့်ဆိုသည့်အတိုင်း တခုတည်းယူလိုက်လျှင် အနှောက်အရှက်မရှိဆိုသော စကားအရ အသံတိတ်ဆိတ်နေသည့်အတွက် မည်သူ့နားမှာမှ အသံရှုပ်ထွေး နှောက်ရှက်ခြင်းမရှိဟု ဆိုရာရောက်၏၊ ဤအတိုင်းလျှင် အနှောက်အရှက်မရှိဟူသော စကား၏ အဓိပ္ပါယ်မှာ လေးလေးနက်နက် မရှိလှ၊ လူတို့၏နားမှာ အသံကြားရပုံ ရှုပ်ထွေးနှောက်ရှက်မှုကိုသာ အနှောက်အရှက်ဟူ၍ မယူပဲ မည်သည့်နည်းနှင့်မဆို တဦးအပေါ်မှာ အခြားသူ တဦးကဖြစ်စေ၊ အများကဖြစ်စေ နှောက်ရှက်မှု မရှိနိုင်ဟု ယူလိုက်လျှင် သာလွန်၍ အဓိပ္ပါယ် လေးနက်မည်ဖြစ်၏။


သို့ဖြစ်၍ ဤ အနှောက်အရှက်မရှိဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူသင့်သည်။ ထိုသို့ ယူလိုက်သည်ရှိသော် နိမိတ်တပါး ပိုသွားမည်ဖြစ်၍ မပိုစေရန် (၂၆) အမှတ်နှင့် (၂၇)အမှတ် နိမိတ်တို့ကို နိမိတ်တခုတည်းအဖြစ် စုပေါင်း၍ ယူလိုက်လျှင် တပါးမပိုတော့ပေ။ စုပေါင်းယူရန်လည်း သင့်ပေသည်… (၂၇)အရ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟု ဆိုလိုက်လျှင်ပင် မကောင်းသော အနံ့တို့သည် ပျောက်ကုန်၏ဟူသော စကားကို နိမိတ်သီးခြား တပါးအဖြစ် ယူရန် မလိုတော့ပေ၊ နတ်၌ဖြစ်သော ရနံ့လှိုင်သည်ဟူသော စကား၏ ဝိသေသနအဖြစ်ဖြင့်သာ မကောင်းသောအနံ့ ပျောက်ကင်း၍ နတ်၌ဖြစ်သော ရနံ့တို့သည် လှိုင်ကုန်၏ဟူ၍ နိမိတ်တပါးတည်းသာ ယူလိုက်ပါလျှင် (၃၂)ပါးပင်ဖြစ်၍ အဋ္ဌကထာတို့နှင့်လည်း မဆန့်ကျင်ချေဟူ၍ မိန့်ဆိုတော်မူကြ၏။[]

နိမိတ်ထင်ပုံနှင့်စပ်၍ မှတ်ဖွယ်

ပြင်ဆင်ရန်

“နိမိတ်ကြီး (၃၂)ပါးတို့ ထင်မြင်ကြသည်” ဆိုရာ၌ အချို့သော နိမိတ်တို့မှာ အပြိုင်အဆိုင် တချိန်တည်းမှာ ထင်မြင်ကြ၍ အချို့သော နိမိတ်ကြီးတို့မှာ သဘောချင်း ဆန့်ကျင်သဖြင့် အပြိုင်အဆိုင် တချိန်တည်းမှာ မထင်မြင်ပဲ အလှည့်ကျ ထင်မြင်သည်ဟု မှတ်ရာ၏။

ပုံစံမှာ.. ကုန်းပန်း ရေပန်းတို့ တပြိုင်နက် ပွင့်ကြသည်။ အသီးပင်တို့သည် တပြိုင်နက် သီးကြသည် ဆိုရာ၌ အပွင့်နှင့် အသီးတို့သည် သဘောချင်း မဆန့်ကျင်ပဲ အထည် ဝတ္ထုကိုယ် တခြားစီ ထင်ရှားကြသော အရာများဖြစ်၍ အပြိုင်အဆိုင် တချိန်တည်းမှာပင် ထင်မြင်နိုင်ကြကုန်၏။

တသောင်းသော လောကဓာတ် အသံဆိတ်သည်၊ တူရိယာများ အလိုလို မြည်ကြသည် ဆိုရာ၌ အသံဆိတ်ခြင်းနှင့် အသံမြည်ခြင်းတို့မှာ သဘောချင်း ဆန့်ကျင်၍ အထည် ဝတ္ထုကိုယ် သီးခြားမရှိကြသော အရာမျိုးဖြစ်၍ (အပွင့်နှင့် အသီးမှာကဲ့သို့) တွဲဖက်ယှဉ်ပြိုင် တချိန်တည်း တပြိုင်တည်း တည်နေနိုင်ကြသည် မဟုတ်၊ အသံ တိတ်ဆိတ်သွားသည့် အခိုက်အတန့်မှာ နတ်လူအများ ထင်ရှားသိရှိနိုင်အောင်ပင် တိတ်ဆိတ် သွား၍၊ တူရိယာတို့ မြည်သောအခါ နတ်လူအများ ထင်ရှားသိရှိအောင် မြည်ကြသည်ဟူ၍ မှတ်ယူရာ၏။

ဤနည်းအတူ စီးဆင်းနေကျ မြစ်ရေများ ရပ်တန့်သွားသည်၊ သမုဒြာရေ ဝဲလှည့်သည် ဆိုရာ၌ တပြိုင်နက်တည်း မရနိုင်၊ မြစ်ရေ ရပ်တန့်နေဆဲမှာ(လှည့်နေကျမဟုတ်သော) သမုဒြာထဲမှာ ဝဲလှည့်နိုင်မည်မဟုတ်၊ အမှန်မှာ ဗျာဒိတ်ပွဲနှင့် ကြုံကြိုက်သဖြင့် မဖြစ်စဘူး ထူးကဲအံ့ဩဘွယ်ရာ မြစ်ရေမှာ မစီးပဲ ရပ်စဲ၍ နိမိတ်ပြသည်၊ ဤကဲ့သို့ နိမိတ်ပြနေသည့်အတွင်း သမုဒြာထဲမှာလည်း ဝဲလှည့်ရန်ကို မဆိုထားဘိ ရေပြင်ပေါ်၌ လှိုင်းတံပိုးမျှ မထပဲ မြစ်ရေအသွင် ငြိမ်သက်၍ပင် နေရပေမည်။ သမုဒြာက နိမိတ်ပြဘို့ အလှည့်ရောက်သဖြင့် ဝဲလှည့်၍ နိမိတ်ပြလိုက်သောအခါ မြစ်ရေမှာ မရပ်တန့်ပဲ စီးမြဲ စီးဆင်းနေသည်ဟု မှတ်ယူရာ၏။[]

ပါရမီတော်ခဏ်းပျို့

ပြင်ဆင်ရန်

ဤနိမိတ်ကြီး (၃၂)ပါးအကြောင်း ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၃)တို့၌ စပ်ဆိုထားသည်ကို သိမှတ်လွယ်ကူရန် ထုတ်ဆောင်ပြပေဦးအံ့..၊

ရှေးတွင်သောခါ၊ ဘုရားလျာတို့၊ ပတ္ထနာဆုံး၊ ထက်ဝယ်ကြုံးလျက်၊ နှလုံးသာယှဉ်၊ နေသော်စဉ်၌၊ တမျဉ်နိမိတ်၊ ထင်မြဲဟိတ်သို့၊ ဗျာဒိတ်ရခါ၊ တို့မြတ်စွာ၏၊

၁-၂။ အခါခပ်သိမ်း၊ မငြိမ်းဘူးပဲ၊ နှစ်ကွဲရတု၊ ပူချမ်းမှုလည်း၊ သာဓုနုမော်၊ ခေါ်ကြလာဘိ၊ အညီညှိသို့၊ မရှိဘန်ပြု၊ သာယာနု၏။

၃။ မြတ်ဆုတောင်းရာ၊ နာခံပါသို့၊ စကြဝဠာခပင်း၊ သောင်းတွင်း လောကဓာတ်၊ ထက်ဝန်းပတ်လည်း၊ အမှတ်တရ၊ ရုတ်ဆန်းမျှလျှင်၊ နိစ္စအဓွန့်၊ လိုလွန့်သောင်းသဲ၊ မြည်ကုန်မြဲလျက်၊ ညံစဲတိတ်တိတ်၊ အသံဆိတ်၏။

၄။ မထိတ်အားနည်း၊ မုန်တိုင်းသည်းလည်း၊ ယမ်းပည်းထွေငေါ်၊ ကျွန်လျှင်တော်သို့၊ ထိုရော်အခါ၊ ညောင်းလျက်လာ၏။

၅။ ဂင်္ဂါမကြွင်း၊ မြစ်ခပင်းလည်း၊ စီးခြင်းမရှိ၊ တုံ့ဘိညာရေ၊ အကြေမသွား၊ တန့်၍နား၏။

၆။ နုထွားနှင်နှင်၊ ပန်းသစ်ပင်လည်း၊ ရေပြင်မြေလုံး၊ မိုးဖုံးပိတ်ကာ၊ ဗျာဒိတ်ခါဝယ်၊ ကြိုက်ပါသဖြင့်၊ ကြို့၍ပွင့်၏။

၇။ လှတင့်လှတယ်၊ သစ်ပင်နွယ်လည်း၊ ကြီးငယ်မလွတ်၊ ပင်လုံးကျွတ်လျှင်၊ ခိုင်ပြွတ်လက်ဆောင်၊ သစ်သီးတောင်သို့၊ ကုန်အောင်ထိုမျှ၊ သီးခွင့်ရ၏။

အံ့ဩဘနန်း၊ ဤသို့ထွန်းသည်၊ ၊ပွင့်ခန်းဆုတောင်း ခေါက်ရက်တည်း။

၈။ မိုးရပ်ဆုံးစွန်၊ ဗိမာန်တခွင်၊ ဤမြေပြင်၌၊ အကြင်မျှလောက်၊ မြတ်ထွတ်မြောက်သား၊ လျှံတောက်ကြက်သရေ၊ မြုတေဘဏ္ဍာ၊ ရတနာလည်း၊ ထိုခါအရောင်၊ လွန်၍ဆောင်၏။

၉။ လူ့ဘောင်နတ်ဘောင်၊ မှုများဆောင်လျက်၊ သာအောင်မှုတ်သီ၊ အညီပြုပြင်၊ ပွဲသဘင်သို့၊ ပဉ္စင်တူရိယာ၊ မှုတ်တီးရာသား၊ အင်္ဂါငါးမည်၊ လူနတ်စည်လည်း၊ ဧမြည်သံချို၊ အလိုလိုလျှင်၊ ထိုထိုရပ်သား၊ ခြိမ့်မျှကြား၏။

၁၀။ ပေါက်သားမုန်အိုက်၊ ခိုက်၍ကျကြွေ၊ ပင်ခြေထက်ဝန်း၊ အင်ကြင်းပန်းသို့၊ ထူးဆန်းတရိုး၊ နတ်ပန်းမျိုးလည်း၊ ဖြိုးဖြိုးမြေထက်၊ ဖမျက်ပုဆစ်၊ ကျွံဘွယ်နစ်၏။

၁၁။ ကြွေးဟစ်သံရင့်၊ ချီးမွမ်းလင့်သို့၊ မြည်ခွင့်ရရ၊ ပင်လယ်မနှင့်၊

၁၂။ ညီကြနဂိုရ်၊ မြင်းမိုရ်တသောင်း၊ တိုက်အပေါင်းအား၊ ကြည်းကောင်းခံပေ၊ ဤသည့်မြေလည်း၊ ရိုသေလှစွာ၊ ကြည်းနာသံဟည်း၊ တော်တိလည်း၏။

စနည်းဤသို့၊ အံ့ဘွယ်မြို့လည်း၊ ၊ငါတို့ မြင်ကုန်လိုက်လျက်တည်း။

၁၃။ စကြဝဠာ၊ ရိုက်ရာအပေါင်း၊တိုက်တသောင်းတွင်၊ ဆိုးကောင်းခံမြဲ၊ မီးငရဲလည်း၊ ရေကြဲလက်ဖျန်း၊ မယ်ဖျူးပန်းသို့၊ ပူမှန်းမသိ၊ တောက်ညိမထိန်၊ အရှိန်စဲလေ၊ တိတ်တိတ်သေလျက်၊ ပြေ၏ထိုမြို့-

၁၄။ နေရောင်ပျို့လည်း၊ မဆို့ထိန်လင်း၊ မြူမိုက်ကင်း၍၊ သန့်ရှင်းကောင်းကင်၊ ကြည်ကြည်စင်၏။

၁၅။ ပေါ်ထင်မိုးလယ်၊ ခပ်သိမ်းကြယ်လည်း၊ နန်းဝယ်ကြက်ဟန်၊ မျက်ဗိတာန်သို့၊ တသွန်ဝန်းကျင်၊ ပြဲ့ပြဲ့မြင်၏။

၁၆။ မြေပြင်မျက်နှာ၊ မိုဃ်းမရွာလည်း၊ ရွံရှာစွာဘိ၊ အညှိစေးညှော်၊ ဆေးပေးလျှော်သို့၊ လျှံပေါ်ရေကြီး၊ ပြင်းခပ်စီး၏။

၁၇။ ဖြင်ညီးရိပ်ရိပ်၊ ကောင်းကင်ထိပ်၌၊ အနိပ်အပြ၊ မရှနတည့်၊ ထွန်းပရောင်ဝါ၊ သောကြာစိုင်ရှူး၊ ဗုဒ္ဓဟူးက၊ စသည်အလို၊ လူတို့ဂြိုဟ်လည်း၊ မပြိုမကွဲ၊ ပြိုင်တွဲမခွပ်၊ ထိန်ဝါလျှပ်၏။

၁၈။ ခပ်စပ်နက္ခတ်၊ သမသတ်နှင့်၊ ပါဒ်ဗီဇနာ၊ ဝိသာခါလည်း၊ တရာမရွေ့၊ ပြည့်သည့်နေ့လယ်း၊ ဖြစ်မြေ့ဧကန်၊ ကြိုက်မြဲမှန်၏။

တသွန်ဤသို့၊ စနည်းမြို့လည်း၊ ၊ငါတို့ မြင်တိုင်းပင်ပက်တည်း။

၁၉။ ခပ်သိမ်းတသွန်၊ တိရစ္ဆာန်များ၊ ချောက်ကမ်းပါးနှင့်၊ တွင်းနားလိုဏ်ခေါင်း၊ မြေထဲအောင်းလည်း၊ ဝပ်ညောင်းပြင်းစွာ၊ ဗျာဒိတ်ခါမှ၊ ထွက်ပါလွင်ကျင်း၊ ပြင်သန့်ရှင်း၏။

၂၀။ အခြင်းထူးခြား၊ ကြံဘွယ်များကို၊ သိကြားမည်မှည့်၊ သူ့လိုဖြည့်လည်း၊ မပြည့်တန်ပဲ၊ အင်ယုတ်မြဲလျက်၊ ရောင့်ရဲခြင်းပြေ၊ လူဗိုလ်ခြေအား၊ ကောင်းတေစုံမက်၊ လွန်နှစ်သက်၏။

၂၁။ နှိပ်စက်အနာ၊ လူတကာလည်း၊ သက်သာအီကျန်း၊ လန်းလန်းထူထ၊ လွတ်ခွင့်ရ၏။

၂၂။ မဝရေစာ၊ ငတ်စွာသသူ၊ ပြိတ္တာမူလည်း၊ မပူမလောင်၊ ဝမ်းခေါင်တက်ဆို့၊ ပြည့်၏သို့လျှင်၊ နှစ်လို့သောလျောက်၊ မွတ်သိပ်ပျောက်၏။

၂၃။ မွှေနှောက်ရမ္မက်၊ ခေါင်းပါးလျက်လျှင်၊ အမျက်ဒေါသ၊ မိုက်မဲစသား၊ မာန်မျှမကျန်း၊ ရေသို့ခန်း၏။

အဆန်းထူးပြား၊ တံဘောင်များကို၊မှတ်သားငါတို့၊ ယခုမြို့လည်း၊ ၊တချို့ မမေ့စေရက်တည်း။

၂၄။ လူ့ရပ်ခန်းဝါ၊ ပါယ်လေးရွာကား၊ အခါခပ်သိမ်း၊ ဘေးမုဒိမ်းဖြင့်၊ ကြောက်ကြိမ်းသရဲ၊ လွန်စွာမြဲလျက်၊ရန်လွှဲကာရွတ်၊ နတ်မှုတတ်သို့၊ သတ်ခတ်နိုင်နင်း၊ ဘေးဒဏ်ကင်းလျက်၊

၂၅။ မိုးဝင်းစဉ်၌၊ အခါကြိုက်သို့၊ ခိုးမှိုက်မြူမှက်၊ အထက်မဝှန်၊ ရတုမွန်၏။

၂၆။ လေသွန်တကြောင်း၊ နံ့မကောင်းလည်း၊ ဆဲမောင်းသောခါ၊ ကျွန်နှယ်ခွါလျက်၊

၂၇။ လေညာဘက်ပြည်၊ လွင်မှုန့်တည်သို့၊ မွန်ရည်စွာရှောင်း၊ နတ်နံ့လှောင်း၏။

၂၈။ ဆိုးကောင်းသတ္တဝါ၊ ဗြဟ္မာထုတ်ချင်း၊ လင်းလင်းတရှက်၊ ဘဝဂ်လေးထပ်၊ ရုပ်မဲ့ရပ်ကို၊ လပ်စေထိုမှ၊ ကြွင်းသမျှကား၊ ကြည့်ကထင်ထင်၊ ရှိတိုင်းမြင်၏။

၂၉၊ အောက်ခွင်တလွှား၊ ငရဲများလည်း၊ ကြိုးကြားတိမ်မြုပ်၊ မငုပ်မကွယ်၊ ကြောက်ကြိမ်းဘွယ်လျှင်၊ ကြီးငယ်မကျန်၊ တင်ပြညွှန်သို့၊ တုံးသန်ရင်တား၊ မခြားနားတည့်၊

၃၀။ တံခါးနံထောင်၊ တောင်လည်းမတန်း၊ စောင်ရန်းထရံ၊ အကြံရရ၊ ညှာတာကြသို့၊ ပိတ်တွမတည်း၊ ဟင်းလင်းချည်းလျှင်၊ စည်းလည်းမသား။

၃၁။ မလားသေဟိတ်၊ စုတိစိတ်ဖြင့်၊ မဖိတ်မစဉ်၊

၃၂။ ဝိညာဉ်လှဲဘောက်၊ မရောက်သူသစ်၊ မဖြစ်လာတွန်၊ ကိုယ်ဝန်မစွဲ၊

ဤခပဲလည်း၊ ဖြစ်မြဲပင်ပက်၊ ရှင်လက်ထက်တုံ၊ ယခုကြုံ၏၊ ၊စေ့စုံဆိုရိုး မပျက်တည်း။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်