နိုင်ငံပေါင်းချုပ် အသင်းကြီး
နိုင်ငံပေါင်းချုပ် အသင်းကြီး သည် ၁၉၁၉ - ၂၀ ခုနှစ်အတွင်း ဗာဆိုင်းစာချုပ်အရ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အစိုးရများအကြား အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၃၄ - ၃၅ ခုနှစ်တွင် အဖွဲ့ဝင် ၅၈ နိုင်ငံရှိခဲ့ပြီး နိုင်ငံပေါင်းချုပ် အသင်းကြီး၏ အတိုင်းအတာ အကြီးမားဆုံး ကာလလည်းဖြစ်သည်။ အသင်းချုပ်၏ ရည်ရွယ်ချက်များတွင် အမျိုးသမီး အခွင့်အရေး၊ စစ်သား အခွင့်အရေး၊ လူဖြူမဟုတ်သူများ၏ အခွင့်အရေး စသည့် လူ့အခွင့်အရေးများအား မြှင့်တင်ပေးရေး၊ လက်နက်မပြန့်ပွားရေး၊ စစ်မက်တားဆီးရေး၊ နိုင်ငံများအကြား ကွာဟချက်များကို သံတမန်နည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရေးတို့ ပါဝင်သည်။
ဖွဲ့စည်းခြင်း | ၂၈ ဇွန် ၁၉၁၉ |
---|---|
ဖျက်သိမ်းချိန် | ၁၈ ဧပြီ ၁၉၄၆ |
အမျိုးအစား | အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း |
ဌာနချုပ် | ဂျနီဗာမြို့ |
ရုံးသုံးဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ်၊ စပိန် |
အတွင်းရေးမှူးချုပ် | Sir James Eric Drummond (၁၉၂၀-၁၉၃၃) Joseph Avenol (၁၉၃၃-၁၉၄၀) Seán Lester (၁၉၄၀-၁၉၄၆) |
သို့သော်လည်း ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားခဲ့ခြင်းမှာ နိုင်ငံပေါင်းချုပ် အသင်းကြီး၏ စစ်မက်တားဆီးရေး ရည်မှန်းချက် မအောင်မြင်သည့် သာဓကတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် အဖွဲ့ဝင်နိုင်ငံများက နိုင်ငံပေါင်းချုပ် အသင်းကြီးကို လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂဖြင့် အစားထိုးခဲ့သည်။