နိုင်ငံသမိုင်းဆိုသည်မှာ နိုင်ငံ၏အတ္ထုပ္ပတ္တိ (ဝါ) ရှေးဟောင်းနှောင်းဖြစ်တို့ကို ရေးမှတ် ထားသည့် မှတ်တမ်းပင် ဖြစ်သည်။ သို့ဖြစ်ရကား၊ နိုင်ငံသမိုင်းကို သိလိုသော်၊ ကျွန်ုပ်တို့သည် အချိန်အခါအလိုက် ခေတ်အဆင့်ဆင့်ကို သတိနှင့် ကြည့်ရှု၍၊ မှတ်သားလေ့လာကြရသည်။

ခရီးသွားတစ်ယောက်သည် လမ်းတစ်လျှောက်လုံးတွင် တွေ့သမျှ အရာဝတ္ထုတို့ကို ဗဟုသုတ အလို့ငှါ မှတ်သား သကဲ့သို့ ရှေးလွန်လေပြီးသည်က ယခုအချိန်ထိ လူတို့၏ ရှေးဟောင်းဘဝ ရိုင်းစိုင်းသည့်အခါမှ တစ်စတစ်စ ယဉ်ကျေးမှု ပေါ်ပေါက်လာသည်အထိ၊ ခရီးလမ်းစဉ် တစ်လျှောက်တွင် ပေါ်ပေါက်ဖြစ်ပျက်သမျှ တို့ကို နိုင်ငံသမိုင်းသည် စေ့စပ် သေချာစွာမှတ်သားရသည်။ လူသာမက မြင်မြင်သမျှ အရာဝတ္ထုများပါ တစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်သွယ် ကြောင်း၊ လူအမျိုးမျိုးသည် မိမိတို့၏ ကာလဒေသအလိုက် မည်ကဲ့သို့ ထင်မြင်ယူဆ ပြုမူခဲ့ကြောင်း၊ အသိဉာဏ်တိုးတက်၍ လာသောအခါ အဆိုပါ သဘောတရားများကို မည်သို့ မည်ပုံ လက်ခံကြောင်း၊ မည်မျှလက်ခံကြောင်း၊ မည်သည့် အယူဝါဒ တို့ကို ကိုးကွယ်ယုံကြည်ကြောင်း စသည်တို့ကို လေ့လာခြင်းပင်လျှင် လူတို့၏နိုင်ငံသမိုင်းဖြစ်လေသည်။ သမိုင်း ဆရာ တစ်ဦး၏ ထင်မြင်ယူဆချက်သည် အခြားသမိုင်းဆရာတစ်ဦး၏ ယူဆချက်နှင့် တူချင်မှတူပေမည်။ မိမိ၏ ယူဆချက် များ မှန်မမှန်မှာ ထိုခေတ် ထိုအခါက သက်သေခံ ဝတ္ထုပစ္စည်းများပေါ်တွင်အခြေပြုလျက်ရှိ၏။ ထိုဝတ္ထုပစ္စည်း သက်သေခံ တို့သည်ကား အဆောက်အအုံပျက်ကြီးများ၊ ဂူသချုႋင်းဟောင်းများ၊ ဘုရားပုထိုးများ၊ ရုပ်တုရုပ်လုံးများမှစ၍ ရုံးသုံး၊ နန်းသုံး၊ အရပ်သုံး စာရွက်မှတ်တမ်းများ၊ တရားဥပဒေ ဆိုင်ရာစာတမ်းများ၊ သတင်းစာများ၊ မျက်မြင် ရေးသားချက် မှတ်စု များနှင့် သမိုင်းဝတ္ထု၊ ဒဏ္ဍာရီပုံပြင်များ ဖြစ်သည်။

ဤကဲ့သို့ ဝတ္ထုပစ္စည်း အထောက်အထား သက်သေခံ အကိုးအကားများကို ရှာဖွေသုံးသပ်ရာ၌ အထူး သတိချပ် ရပေမည်။ အဘယ်ကြောင့်ဆိုသော် အချို့သော သက်သေခံ အထောက်အထားများသည် အစစ် မဟုတ်ဘဲ အတုအယောင် ဖြစ်ကောင်း ဖြစ်နေတတ်သောကြောင့်တည်း။ တမင်သက်သက် လီဆယ်ခြင်းကြောင့် သော်လည်းကောင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ဂိုဏ်းဂဏအရေး၊ ပုဂ္ဂိုလ်စွဲစသည်တို့၏ သွေးဆောင်ခြင်းကြောင့် သော်လည်းကောင်း၊ အတုအယောင်တို့သည် ဖြစ်ပေါ်နိုင်၏။ ထို့ပြင် အကယ်ပင် သဘောရိုးဖြင့် မှတ်တမ်းတင်စေကာမူ အမှန်ထင်၍ သော်လည်းကောင်း၊ အမှန်ကို သိလျက်နှင့် ကွယ်ဝှက် ထိန်ချန်၍သော် ၎င်း သမိုင်း အတုအယောင်တို့ကို မှတ်တမ်းတင်မိတတ်သည်။ တစ်နည်းအားဖြင့် စာရေးသူသည် မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့၍သော်လည်းကောင်း၊ သို့မဟုတ် မိမိကိုယ်တိုင် မနှစ်မြို့ဖွယ် အကြောင်းများကို မရေးလို၍သော်လည်းကောင်း သမိုင်း၌ အမှားတို့သည် ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ သမိုင်းလိုက်စားရှာဖွေသူသည် ထိုအချက်များကို ကောင်းစွာ သတိပြုရပေလိမ့်မည်။

နိုင်ငံသမိုင်းကို ရှေးအခါက စာပေပညာရပ်တစ်ခုအနေဖြင့် သဘောထား၍၊ ဖတ်ချင့်စဖွယ် စာပေ မြောက်အောင်ရေးခြင်း သာ အရေးကြီးသည်ဟု မှတ်ထင်ခဲ့ကြရာ၊ ယခုခေတ်၌မူ နိုင်ငံ သမိုင်းပညာရပ်ကို သိပ္ပံပညာရပ်အနေဖြင့် ဆိုင်ရာခေတ်နှင့် လျော်ညီသည့် သဘာဝကို ဖော်ပြကာ၊ တိကျမှန်ကန်သော အချက်အလက်များကို ထုတ်ဖော်ခြင်းကပို၍ အရေးကြီးကြောင်း ယူဆလာကြပြီ။

ရေးခြင်း၊ မှတ်သားစသော မှတ်တမ်းများ စတင်ပေါ်ထွန်းခဲ့ သည်မှာ နှစ်ပေါင်း ၅ဝဝဝ ခန့်သာ ရှိသေး၍၊ ထိုခေတ် မတိုင်မီက၊ ကမ္ဘာဦး လူတို့၏ ယဉ်ကျေးမှု စတင်ခဲ့သော အချိန်ကို သမိုင်းမတင်မီ ခေတ်ဟု ခေါ်၏။ ကျွန်ုပ်တို့ စုဆောင်း ရရှိသမျှဖြစ်သော နိုင်ငံသမိုင်းတွင် ထိုသမိုင်း မတင်မီခေတ်က အဖြစ်အပျက်များ တစ်ဝက်ခန့်ပါရှိ၏။ နှစ်အပိုင်းအခြားအားဖြင့် ဆိုသော်၊ ဘီစီ ၃ဝဝဝ ခန့်မှ အေဒီ ၃၇၅ ခန့်အထိ ဖြစ်လေသည်။

ကမ္ဘာ့သမိုင်းတွင် အေဒီ ၃၇၅ မှ ၁၅ဝဝ အထိ တည်ခဲ့ သော ခေတ်ကို အလယ်ခေတ်ဟု ခေါ်သည်။ ခရစ် ၈ဝဝ ပြည့်နှစ်သို့ တိုင်သော အလယ်ခေတ်၏ အဦးကာလသည် သမိုင်းအနေဖြင့် များစွာ ရှုပ်ထွေးသော အကူးအပြောင်းကာလ ဖြစ်လေရာ၊ ထိုခေတ်ကို အမှောင်ခေတ်ဟု ခေါ်ကြသည်။ ၈ဝဝ ပြည့်နှစ်မှ ၁၃ဝဝ ပြည့်နှစ်အထိသောကာလသည် အလယ်ခေတ်၏ အတိုးတက်ဆုံးကာလဖြစ်သည်။ ထိုခေတ်မှာ ရှားလမိန်းဘုရင် လက်ထက်မှစ၍၊ အီတာလျံအမျိုးသား ကဗျာ ဆရာကြီး ဒန်တီလက်ထက်အထိ ဖြစ်သည်။


ထိုခေတ်တွင် ဦးစွာ၌ ပဒေသရာဇ်စနစ် ထွန်းကားခဲ့သည်။ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများ၏ ပညာရေးစနစ်လည်း ပျံ့နှံခဲ့သည်။ ထိုပညာရေးစံနစ်ကြောင့်၊ ပညာရှာမှီးသော ဓလေ့ လည်း ပေါ်ပေါက်လာ ခဲ့သည်။ ထိုနောက်၌ကား သာသနာရေး ဆိုင်ရာ ကရူးဆိတ်စစ်ပွဲများ ဖြစ်ပွားသည်။


ထိုခေတ်တွင် သုခုမအနုပညာများ ခေတ်စားလာပြီး လျှင်၊ အထူးသဖြင့် ဂေါ့သဗိသုကာအတတ်သည် ဖွံ့ဖြိုးလာလေ သည်။ ၁၃ဝဝ ပြည့်နှစ်မှသည် ၁၅ဝဝ ပြည့်နှစ် အထိသော ကာလသည် ဉာဏ်သစ်အရေးပုံဟု ခေါ်သော ရီနေဆွန်း ခေတ်ဖြစ်သည်။

၁၅ဝဝ ပြည့်နှစ်မှ လွန်သောအခါ နိုင်ငံသမိုင်းအလိုအားဖြင့် ခေတ်သစ်ဟု ခေါ်သော ယခုပစ္စုပ္ပန်ခေတ်သို့ ရောက်လာလေသည်။ ဤခေတ် တွင် ပဒေသရာဇ်ပြည်နယ်တို့ ကွယ်ပျောက်၍၊ ပြည်နယ်တို့ကို စုပေါင်းဖွဲ့စည်းထားသော နိုင်ငံများ ပေါ်ပေါက်လာသည်။ ဥရောပတိုက်ရှိ နိုင်ငံတို့သည်လည်း ပင်လယ်ရပ်ခြားဒေသ တို့တွင် နယ်သစ်များကို ရှာလေကြသည်။ သိပ္ပံပညာ ထွန်းကားလာသည်။ ဒီမိုကရေစီ သဘောတရားတို့လည်း ခေတ်စားလာလေသည်။

နိုင်ငံသမိုင်းဟူသည် အုပ်စိုးသော မင်းတို့၏ အမည်နာမ၊ ခုနှစ်သက္ကရာဇ်စသည်တို့ကိုသာ ပြဆိုရာ ဖြစ်သော မှတ်တမ်းမျှ သာ ဖြစ်ခဲပါမူ၊ ပျင်းရိငြီးငွေ့ဖွယ် ကောင်းပေလိမ့်မည်။ သို့သော် နိုင်ငံသမိုင်းသည် ထိုသို့ကား မဟုတ်။ ရှေးသူဟောင်း တို့နှင့် ကမ္ဘာပေါ်ရှိ တိုင်းကားပြည်ရွာ ဒေသအသီးသီးတို့၌ ရှိသော လူအများတို့ မည်သို့ နေထိုင်၊ ဝတ်ဆင်၊ စားသောက် ကြသည်ကို၎င်း၊ လယ်ယာကို မည်သို့ ထုတ်လုပ်ကြ သည်ကို ၎င်း၊ စားသုံးပစ္စည်းကို မည်သို့ ထုတ်လုပ်ကြသည်ကို၎င်း၊ ကုန်ပစ္စည်းတို့ကို မည်သို့ ရောင်းဝယ် ဖောက်ကားကြသည်ကို ၎င်း၊ မည်သို့သော ဥပဒေတို့ဖြင့် စိုးမိုးအုပ်ချုပ်ကြသည်ကို၎င်း၊ မည်သို့သော စာပေအနုပညာတို့ကို ရေးသားတီထွင်ကြသည်ကို ၎င်း မှတ်တမ်းတင်ခြင်းသည် သမိုင်းကို မှတ်တမ်းတင်ခြင်း ဖြစ်သည်။ ဤသို့ သမိုင်းတင်ခြင်း၌ ဥရောပနိုင်ငံသမိုင်းတို့တွင် ထင်ရှားသောသူတို့ကား၊ ဂရိနိုင်ငံ၌ သမိုင်းကို စတင်ပြုစုသူ ဟီရော့ဒိုးတပ် (ဘီစီ ၄၈၄-၄၂၄)၊ ရောမနိုင်ငံတွင် လစ်ဗီနှင့် တက်စီတပ် (ဘီစီ ၅၄-အေဒီ ၁၇)၊ အင်္ဂလန်ပြည်တွင် အက်ဒွပ်ဂစ်ဗန် (၁၇၃၇-၉၄)၊ မကောလေး (၁၈ဝဝ-၅၉)၊ ထရီဗဲလျန် (၁၈၇၆)၊ ဖစ်ရှား (၁၈၆၅-၁၉၄ဝ) စသည်တို့ ဖြစ်သည်။


တရုတ်နိုင်ငံသမိုင်းတွင် ထင်ရှားသော သမိုင်း ပြုစုသူ ပညာရှင်တို့မှာ ဆူမာချီယန် (ဘီစီ ၁၄၅-၈၇)နှင့် ဆူမာကွန်း (အေဒီ ၁ဝ၆၆-၈၄)တို့ ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းတွင် ဦးကုလားသည် သမိုင်းပြု ပုဂ္ဂိုလ်အဖြစ် ထင်ရှားသည်။