နို့တိုက်သတ္တဝါ

နို့ထုတ်ဂလင်း ပါသော သတ္တဝါအမျိုးအစား
နို့တိုက်သတ္တဝါ
Temporal range: ထရိုင်ရက်စစ်ခေတ်နှောင်း–လက်ရှိ; 225 or 167–0 Ma
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Superclass: Tetrapoda
Clade: Reptiliomorpha
Clade: Amniota
Clade: Synapsida
Clade: Mammaliaformes
မျိုးပေါင်း: Mammalia
လင်းနီးယပ်၊ ၁၇၅၈
ရှင်သန်နေထိုင်ဆဲ အုပ်စုအဖွဲ့ခွဲများ

နို့တိုက်သတ္တဝါ (သိပ္ပံအမည် - Mammalia) များသည် ကျောရိုးရှိသတ္တဝါတစ်မျိုးပင်ဖြစ်သည်။ နို့တိုက်သတ္တဝါများ၏ ထူးခြားချက်မှာ ကိုယ်ခန္ဓာတွင် အမွှေးအမှင်များ၊ ချွေးဂလင်းများ၊ နားစည်ရိုးများနှင့် ဦးနှောက်တွင် neocortex ရှိပြီး အမများတွင် နို့ရည်စစ်ထုတ်ပေးသည့် ဂလင်းများ ပါရှိခြင်းဖြစ်သည်။

သန္ဓေသားမွေးဖွားသည့် နည်းလမ်းကိုအခြေခံ၍ နို့တိုက်သတ္တဝါများအား အကြမ်းဖျင်းအားဖြင့် ဒွါရ တစ်ပေါက်သာပါရှိပြီး ဥ ဥသည့် ‘ မိုနိုထရင်းမ် ’၊ သားပိုက်ကောင်ကဲ့သို့ ရင်သွေးငယ်အား ထည့်ထားနိုင်သော ဝမ်းဗိုက်အိတ်ပါသည့် ‘ မာဆူးပီးယယ် ’ နှင့် လူသားများကဲ့သို့ ‘ အချင်းပါသည့် နို့တိုက်သတ္တဝါ (placental) ’ ဟူ၍ အမျိုးအစား သုံးမျိုးခွဲခြားနိုင်သည်။ ဥချသည့် မိုနိုထရင်းမ် မျိုးစိတ် (၅)မျိုးမှလွဲ၍ ကျန်နို့တိုက်သတ္တဝါများသည် မိမိတို့၏ ရင်သွေးများအား ခန္ဓာကိုယ်အတွင်း သန္ဓေတည်ပြီးမှ မွေးဖွားကြသည်။

နို့တိုက်သတ္တဝါအများစုတွင် ထူးခြားသည့် သွားများရှိကြသည်။ နို့တိုက်သတ္တဝါများအကြား အကြီးမားဆုံးအုပ်စုဖြစ်သည့် အချင်းပါသော နို့တိုက်သတ္တဝါ (placental) များသည် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားအား ချက်ကြိုးမှတဆင့် အာဟာရဓာတ်များကို ပံ့ပိုးပေးသည်။ နို့တိုက်သတ္တဝါများသည် အခန်း (၄)ခန်းပါ နှလုံးဖြင့် ခန္ဓာကိုယ်အတွင်း သွေးများကို လည်ပတ်စေသည့် သွေးနွေးသတ္တဝါများဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း (၅,၄၀၀) ခန့်ရှိပြီး ခန္ဓာကိုယ် အရွယ်အစားအားဖြင့် ၁ လက်မသာသာခန့်သာရှိသော ဘန်းဘီးလင်းနို့မှ ပေ ၁၀၀ ကျော်ရှိသည့် ဝေလငါးအထိ အရွယ်အစားအမျိုးမျိုးရှိကြသည်။ ဝင်ရိုးစွန်းဝက်ဝံ မှအစ သဲကန္တာရ ကုလားအုတ်အဆုံး ကမ္ဘာတဝှမ်းလုံး နို့တိုက်သတ္တဝါများကို တွေ့မြင်နိုင်သည်။ လူသားများသည် နို့တိုက်သတ္တဝါများဖြစ်ပြီး ပရိုင်းမိတ် (Primates) မျိုးစဉ်ထဲတွင် ပါဝင်သည်။

လင်းနို့များသည် တစ်မျိုးတည်းသော ပျံသန်းနိုင်စွမ်းရှိသည့် နို့တိုက်သတ္တဝါ ဖြစ်သည်။ ရေပျော် နို့တိုက်သတ္တဝါများမှာ ဝေလငါးလင်းပိုင်ပင်လယ်ဖျံတို့ဖြစ်ကြသည်။ အခြား နို့တိုက်သတ္တဝါများနည်းတူပင် အသက်ရှူရန် လေကို အဆုတ်ထဲ ရှူသွင်းဖို့ လိုတာကြောင့် ရေမျက်နှာပြင်ကို မှန်မှန်တက်ပြီး နှာခေါင်းဖော် အသက်ရှူရလေ့ ရှိသည်။

ဘဲတူဖျံတူသတ္တဝါတစ်မျိုးသည် မြစ်ကမ်းပါးပေါင်က အသိုက်ထဲမှာ ဥ ဥပြီး သားပေါက်လာသောအခါ မိခင်၏အရေပြားက စိမ့်ထွက်လာသော နို့ရည်များကို လျှာနှင့် လျက်ကြသည်။