နီတိဟူသောဝါဟာရသည် သင်္သကရိုက်ပါဠိ(Sanskrit-pali) ဘာသာစကားဖြစ်၍ လမ်းညွှန်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ လောက လူသားတို့ သိမှတ်လိုက်နာအပ်သည့် လူမှုကျင့်ဝတ် (Social Conduct)နှင့် လူမှုစည်းကမ်း (Social Disciple)များဆိုင်ရာထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍လောကနီတိ(Loka Niti)ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာ ရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာတို့ကို စုစည်းဖော်ထုတ်၍ လူမှုဆိုင်ရာ နီတိကျမ်းအဖြစ်ထွန်းပေါ်လာသော ဤကျမ်းသည် ဘာသာမရွှေး၊ လူမျိုးမရွှေး၊ အရွယ်သုံးပါးလိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပေသည်။


အိန္ဒိယနိုင်ငံတွင် အတွေးအခေါ် အယူဝါဒများ ထွန်းကားသည့် ခေတ်များ ပေါ်ထွန်းခဲ့ရာ ထိုထိုသော အတွေးအခေါ် အယူအဆများကို အခြေခံ၍ ဖော်ထုတ်ပြုစု မှတ်တမ်းတင်ခဲ့သော စာပေများလည်း ထွန်းကားခဲ့လေသည်။ ထိုထိုများစွာ ပေါ်ထွန်းခဲ့သော စာပေကို ခေတ်အားဖြင့် ဆစ်ပိုင်း၍ ခေါ်နှိုင်းအပ်သည်ရှိသော် နီတိစာပေခေတ် နီတိစာပေခေတ်ဟု ဆိုသင့်ဆိုထိုက်ပေသည်။ မဟာဘာရတ၊ စာဏကျ၊ ပဉ္စတန္တရ၊ ဟိတောပဒေသ၊ လောကနီတိ၊ ဘာထရိဟာရီ (Bhartrihari) စသည်တို့ကား နီတိစာပေခေတ်၏ အဦးအစ သီးပွင့်ရသများဟု ဆိုရပေမည်။ ၎င်းမှတစ်ဆင့် မြစ်ဖျားခံ၍ ဘာသာအသွယ်သွယ်ဖြင့် အနယ်နယ်အရပ်ရပ်သို့ ဆက်စပ်ပျံ့နှံ့ရောက်ရှိကာ ယနေ့ ခေတ်တိုင် တိမ်ကောပျောက်ကွယ်ခြင်းမရှိဘဲ ဆက်လက်ရှင်သန်ထွန်းကား ပြန့်ပွားလျက်ရှိနေလေသည်။

မြန်မာနိုင်ငံတွင်လည်း နီတိစာပေခေတ် တစ်ခေတ် ဆန်းသစ်ခဲ့ရာတွင် နီတိကျမ်းကျော် (၅)ကျမ်း ပေါ်ထွန်းခဲ့ကြောင်း၊ ၎င်းတို့မှာ

  1. တစ်ကျွန်းနီတိ
  2. လောကနီတိ
  3. ရာဇနီတိ
  4. ဓမ္မနီတိ
  5. မဟာရဟနီတိတို့ ဖြစ်ကြကြောင်း လေ့လာသိရှိရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန မှ ထုတ်ဝေသော လောကနီတိ စာအုပ်မှ