နီးလုလုဝေး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

နီးလုလုဝေး ပြင်ဆင်ရန်

ပုထုဇဉ် သတ္တဝါများတို့သည် သက္ကာယဒိဋ္ဌိတရားကြောင့် အမှားမှားအလွဲလွဲ နင်ပဲ ငါပဲ မှတ်ထင်ကြောင်း ရာဂကိုကြဉ်၍ ပရမတ်ကိုမြင်မှ နိဗ္ဗာန်နှင့်နီးမည့်အကြောင်း ဖွဲ့ဆိုသော သံချိုကဗျာ ဖြစ်သည်။

နီးလုလုဝေး ပြင်ဆင်ရန်

ပရမတ် ဓမ္မာကို မြတ်ဘဂဝါပြတဲ့၊ သတ္တဇီဝါ မဟုတ်ဘု၊ ဤရုပ်နာမ် ခန္ဓာငါးတွင်မှ၊ တပါးပယ် ကိုးဆယ်စိတ်ကယ်ကြောင့်၊ မှန်ရိပ်လို မနောအထင်ရှိကြ၊ ဘောဣတ္တိပုရိသေ။

မူအသွင် လူထင်ရသည့်၊ ဘူတရုပ် ကာယော၏၊ မာကြောစွာ ပထဝီနှင့်၊ အာပေါတလီထွေထွေစီးလို့၊ လေမီးစုံစပ်လှုပ်ရှားတော့၊ နှုတ်ဖျား ဝစနာနှင့်၊ သွားအလာ စားကာသောက်ကြ၊ မဖျားမနာမသေ တရားဓာမ္မအခြေမကောက်နိုင်ဘူ့၊ မှားမှောက်ကြပေ။

အမှတ်ကယ် သညာနှင့်၊ သင်္ခါရာ ပြင်ကာဖန်လို့၊ ဝေဒနံ ခံစံဘိသတဲ့၊ အသိမှာဝညာနက်နှင့်၊ နာမက္ခန် တကျိပ်ထဲမို့၊ စိတ်ခွဲကာမဝေချမ်းနိုင်ဘု၊ စွဲလမ်းပုံ၊ သက္ကာယက၊ ငါ − ငါ့ကိုအထင်ရှိလို့၊ ငါသိသည် မြင်အကြားနှင့်၊ ငါသွားနိုင် ငါထိုင်တတ်သည်ဟု၊ တရားပရမတ်ကွာပလေ၊ သတ္တဝါတွေတို့ ကြံဆတွေး။

ပုထုဇနာ ရှုစရာမတတ်နိုင်တဲ့၊ ဥပါဒ်ဌိဘင် တရားက၊ လျင်လျားစွာနာစရာမရှိပြီဘု၊ ဇာတိဇရာနှင့်၊ ဗျာဓိမရဏာ၊ ဝဋ်ကြမ္မာ မငြိမ်းနိုင်တဲ့၊ (ဒွတ္တိံသာကောဋ္ဌသ) ကို၊ ကာယကိုယ်သမုတ်ကြ၊ ထိုရုပ်နာမ် ခန္ဓာကွယ်ခဲ့လျှင်၊ သံသရာဝယ်ခံစရာ မရှိပါဘု၊ အန္တိမာ ဖိုလ်အဆုံး၊ နှလုံးပါကိုယ်နှင့်၊ နှုတ်ကယ်တို့ ဖုံးအုပ်ကာ ဘာဝနာချုံလို့၊ ရာဂါသူပုန်၊ ဖြိုဖျက်ဆီးနိုင်မှ၊ အာသဝါ အကုန်ဖိုလ်မဂ်ပြီးတော့မပ၊ ပရမတ် မသင်ပြန်လျင်၊ ဇာတ်သင်္ခတံ ခရီးရယ်က နီးလှုလှုဝေး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ပရမတ်ဓမ္မာ = မဖောက်ပြန်သောအရာ။

၂။ သတ္တ = သတ္တဝါ။

၃။ ဇီဝါ = အသက်။

၄။ ဘောဣတ္ထိပုရိသေ = အို အချင်းမိန်းမ ယောက်ျားတို့။

၅။ ဘူတရုပ် = အခြေခံရုပ်တရား။

၆။ ကာယော = ကာယ (ပါ)၊ ကိုခန္ဓာ။

၇။ ဝစနာ = စကား။

၈။ သညာ = မှတ်တတ်သော သဘော။

၉။ သင်္ခါရာ = ပြုပြင်စီမံတတ်သော။

၁၀။ ဝေဒနံ = ခံစားမှုဝေဒနာ။

၁၁။ ဝိညာနက် = ဝိညာဏက္ခန္ဓာတရား။

၁၂။ နာမက္ခန် = နာမက္ခန္ဓာတရား။

၁၃။ သက္ကာယ = စွဲလမ်းခြင်း။

၁၄။ ဥပါဒ်ဌီဘင် = ဖြစ်တည်ပျက်တရားသုံးပါး။

၁၅။ ဒွတ္တိံသာကောဋ္ဌာသ = (၃၂) ပါးသော ရုပ်တရားစု။

၁၆။ အန္တိမာ = အဆုံးစွန်သော တရား။

၁၇။ အာသဝါ = အာသဝေါတရားလေးပါး။

၁၈။ သင်္ခတံ = ပြုပြင်မှုမရှိသော နိဗ္ဗာန်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။