နု၊ ဦး (သဘင်ဝန်)
သဘင်ဝန် ဦးနု (၁၂၃၆ခန့် - ၁၃၁၄)
ပြင်ဆင်ရန်သဘင်ဝန် ဦးနုသည် ငယ်စဉ်က စ၍ မည်သည့်မြို့ရွာတွင် ဖွားမြင်သည်ဟု အတိအကျ မသိရသော်လည်း ညောင်တုန်းမြို့တွင် နေထိုင်ခဲ့သည်။ မိဘများမှာ ညောင်တုန်းမြို့ ဈေးအတွင်း ကုန်ဈေးဆိုင် ပိုင်ရှင်များ ဖြစ်ကြသည်။ ဦးနု၏ ဖွားရာဇာတိနှင့် မိဘ အမည်ကို မသိရသေးပေ။
ညောင်တုန်းမြို့တွင် ကြီးပြင်း လာရခြင်းသည် ဦးနု အဖို့ သဘင်ပညာ လေ့လာခွင့် ရစေရန် အထောက်အပံ့ ပြုသော အခြေအနေ တရပ်ပင် ဖြစ်သည်။ ထိုခေတ်က ညောင်တုန်းမြို့သည် အထက်နှင့် အောက် ကုန်များ ဖလှယ်ရာတွင် အရေးပါသောမြို့ ဖြစ်သည်။ ကုန်သည်မျိုးစုံ စုဝေးရာ ဖြစ်သည်။ ဇာတ်သဘင် ပညာသည်တို့ ဆုံတွေ့ရာလည်း ဖြစ်သည်။ အထက် အညာမှ စုန်ဆင်းလာသော ဇာတ်၊ ရုပ်စုံ ပညာသည်တို့သည် ညောင်တုန်းမြစ်ဆိပ်ရှိ ပွဲရုံများတွင် စခန်းချပြီးနောက် အရပ်ရပ် လှည့်၍ ကပြတတ်ကြသည်။ ဦးနုသည် ဇာတ်သဘင် ပညာသည်တို့နှင့် အကျွမ်းဝင်ရာမှ သဘင်ပညာကို စိတ်ဝင်တစား လေ့လာသည်။ ဖခင်ဖြစ်သူမှာ မြန်မာမှု ဗဟုသုတ ရှိသူ ဖြစ်သဖြင့် ဖခင်ထံမှလည်း ဗဟုသုတ ဆည်းပူးသည်။ ဝါသနာကလည်း စေ့ဆော်သည့် အတွက် ဇာတ်သဘင်နယ် ထဲသို့ တစတစ ဝင်ရောက်လာသည်။ ဦးစိန်ကတုံး၏ ဇာတ်အဖွဲ့တွင် ဇာတ်စာရေး ဆရာ အဖြစ် နှစ်အတန်ကြာ ဆောင်ရွက်သည်။
မိဘများ ကွယ်လွန်သော အခါ မိဘ လက်ငုတ်လက်ရင်း ဖြစ်သော ကုန်သေးဆိုင် အလုပ်ကို လုပ်ကိုင်သေးသည်။ အရောင်းအဝယ် ဘက်တွင် စိတ်မဝင်စားသောကြောင့် ဆိုင်ဖြုတ် လိုက်ရသော အခြေအနေသို့ ရောက်သော အခါ ဦးနုသည် သဘင်ဘက်သို့သာ လုံးလုံး အာရုံစိုက်ပြီး လေ့လာသည်။ သဘင် ဗဟုသုတလည်း ကြွယ်ဝလာသည်။ ၁၉၃၉ ခု တဝိုက်က စ၍ သူရိယ မဂ္ဂဇင်းတွင် ဦးနုသည် 'သဘင်ဝန် မှတ်တမ်း' ခေါင်းစဉ်ဖြင့် သဘင်အကြောင်းများ ရေးသားရာမှ 'သဘင်ဝန် ဦးနု' ဟူ၍ ထင်ရှားသည်။
ဦးနုတွင် အိမ်ထောင် ၅ ဆက် ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ဦးနု၏ စိတ်မြန်မှုကြောင့် မည်သည့် ဇနီးနှင့်မျှ အိမ်ထောင်သက် ရှည်ရှည် မပေါင်းလိုက်ရ။ သားသမီးလည်း မရှိပေ။ ဦးနုကို ကာတွန်း ဆရာကြီး ဦးဘဂျမ်းက အိမ်တွင် ပင့်ခေါ် ကျွေးမွေးပြုစု ထားဖူးသည်။ ဆရာကြီး ဦးနုသည် ဆရာ ဇော်ဂျီနှင့် အခြားသူများ၏ မေတ္တာရပ်ခံချက် အရ စာပေဗိမာန်အတွက် မြန်မာ သဘင်လောက အမည်ဖြင့် စာအုပ် တအုပ် ပြုစုပေးသည်။ ထိုစာအုပ်တွင် ကန်းဘောင် ခေတ်မှ မျက်မှောက်ခေတ် အထိ မြန်မာ့သဘင် ပညာ အဆင့်ဆင့် ဖြစ်ပေါ် တိုးတက်လာပုံ၊ သဘင် ပညာသည်ကြီးများ အကြောင်း ဝေဖန်ချက်နှင့် ဂီတပညာ လေ့လာချက်တို့ကို စုံလင်စွာ ဖော်ပြထားသည်။
ဦးနုသည် အသက် ၈ဝ အရွယ်တွင် မကျန်းမာသည့် အတွက် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ဦးနုကို ရန်ကုန် ဆေးရုံကြီးသို့ တင်ပေးကာ ဂရုတစိုက် စောင့်ရှောက်သည်။ ထို့နောက် နှင်းဆီကုန်း လူအိုရုံသို့ ပို့ပေးသည်။
ဘဝနိဂုံး
ပြင်ဆင်ရန်စာရေး ဆရာကြီး သဘင်ဝန် ဦးနုသည် ၁၃၁၄ ခု၊ တပေါင်းလပြည့်ကျော် ၇ ရက် (၁၉၅၃ ခု၊ မတ် ၆ ရက်) နေ့တွင် နှင်းဆီကုန်း လူအိုရုံ၌ ကွယ်လွန် အနိစ္စ ရောက်သည်။[၁]
ကျမ်းကိုး
ပြင်ဆင်ရန်- ↑ မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
- တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ။ စာ ၈၅ - ၉၄။
- သဘင်ဝန် ဦးနု။ မြန်မာသဘင် လောက။
- မြန်မာ့စွယ် စုံကျမ်း၊ အတွဲ (၆)။ စာ ၁၁ - ၁၂။