နေပြည်တော် ဗစ်တိုးရီးယား မုဒိမ်းမှု

နေပြည်တော် ဗစ်တိုးရီးယား မုဒိမ်းမှု သည် မြန်မာနိုင်ငံရှိ ပြည်သူအများကို အမျက်ဒေါသထွက်စေခဲ့သော နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်း၌ ဖြစ်ပွားခဲ့သည်ဟု ယူဆရသော ၎င်းမူကြိုကျောင်းမှ နှစ်နှစ်အရွယ် ကျောင်းသူလေး ဗစ်တိုးရီးယား၏ သက်ငယ်မုဒိမ်းမှုကို ခေါ်ဆိုခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် ၎င်းမူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းအဖြစ်လုပ်ကိုင်နေသည့် အောင်ကျော်မျိုး(ခ)အောင်ကြီးကို တရားခံအဖြစ် ဇူလိုင် ၄ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။[၁] ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ရှိ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးရှေ့တွင် လူထောင်ပေါင်းများစွာစုရုံးပြီး ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သတ်၍ မကျေနပ်သည်များကို ဆန္ဒပြခဲ့ကြသည်။ [၂]

၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စီအိုင်ဒီ ရုံးရှေ့၌ ဆန္ဒပြနေကြပုံ

နိုင်ငံ့အကြီးအကဲများမှလည်း ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများအား ဤအမှုကို တရားမျှတမှုရရှိစေရန် နှုတ်ဖြင့်မှာကြားခဲ့ပြီးဖြစ်သည်။[၃]

ဖြစ်ပွားခြင်း ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့ ဗစ်တိုးရီးယားဟု အမည်ဝှက်ပေးထားသည့် ကလေးကယ် ကျောင်းမှပြန်လာပြီး ယင်းနေ့ညဘက်တွင် ဒဏ်ရာရရှိနေသည်ကို မိခင်ဖြစ်သူမှ သိရှိပြီး အစိုးရဆေးရုံမှလည်း အဓမ္မပြုကျင့်ခံရမှု၏ရလဒ်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ [၄] နောက်ရက်တွင် သူမ၏မိခင်သည် ရဲစခန်း၌ တိုင်ကြားချက်ဖွင့်လှစ်ခဲ့သည်။ [၅]

ရဲတပ်ဖွဲ့မှနေ၍ ယာဉ်မောင်း အောင်ကျော်မျိုး(ခ)အောင်ကြီး ကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း မေလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဇူလိုင် ၂ရက် နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၄ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် တရားစွဲဆိုခံခဲ့ရသည်။ [၆]

ဖြစ်စဉ်နောက်ပိုင်းနှင့် သုံးသပ်ချက်များ ပြင်ဆင်ရန်

အစိုးရမှ နေပြည်တော်ရှိ မူကြိုကျောင်း ၇ ကျောင်းကို ခေတ္တပိတ်ခဲ့သည်။ အင်တာနက်သုံးစွဲသူအများစုသည် မိန်းကလေးငယ်တစ်ဦး၏ အရိပ်ပုံစံပါရှိသော ပုံတွင် "Justice for Victoria"ဟု ခေါင်းစဉ်တပ်ထားသော ပုံကို Facebook profile picture အဖြစ်ပြောင်းလဲခဲ့ပြီး အမှုအတွက် တရားမျှတမှုကို ပါဝင်တောင်းဆိုခဲ့ကြသည်။[၄] လူမှုကွန်ယက် အထူးသဖြင့် Facebook ပေါ်တွင် ပြည်သူအများမှ အစိုးရအနေဖြင့် ပါဝင်ရန်တောင်းဆိုခဲ့ကြပြီး အစိုးရဘက်မှလည်း အမှန်တရားပေါ်ထွက်လာစေရန် ကတိပြုခဲ့သည်။[၅]

ဇူလိုင်လ ၁ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန သည် နေပြည်တော်တစ်ဝှမ်း Wisdom Hill အပါအဝင် မူကြိုကျောင်း ၁၀ ကျောင်းကို တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားသည့်အတွက် ပိတ်ပစ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ [၅]

နိုင်ငံအဝှမ်း ဆန္ဒပြမှုများ ပြင်ဆင်ရန်

လူမှုကွန်ယက်သုံးစွဲသူများကမူ တစ်လကျော်ကြာမြင့်လာမှုနှင့် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ဝေဖန်ခဲ့ကြသည်။ [၇]

ရန်ကုန် ပြင်ဆင်ရန်

ဇူလိုင်လ ၆ ရက်တွင် ထောင်ချီသော ဆန္ဒပြသူများသည် ရန်ကုန် ရှိ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရှေ့တွင် စစ်ဆေးရာတွင် မြန်ဆန်မှုရှိရေး၊ တရားမျှတမှုရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဦးဆောင်သူများက ဆန္ဒပြသူ ၆၀၀၀ ခန့်က အဖြူရောင်တီရှပ်များဝတ်ဆင်ကာ "ဗစ်တိုးရီးယားအတွက်တရားမျှတမှု" စသောဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြခဲ့ကြသည် ဟုဆိုသည်။[၈] [၉]

တောင်ကြီး ပြင်ဆင်ရန်

တောင်ကြီးမြို့တွင်လည်း ဇူလိုင်လ ၆ရက်နေ့၌ လူအင်အား ၁၀၀ခန့်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှ စူဠာမုနိဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။ [၁၀]

ပြည် ပြင်ဆင်ရန်

ပြည်မြို့ တွင် ဇူလိုင်လ ၆ ရက်နေ့ ညနေ၌ လူအင်အား ၁၀၀ခန့်ဖြင့် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့မှ ဗိုလ်ချုပ်လမ်းဘူတာရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆိုင်းဘုတ်၊ဗီနိုင်းများကိုင်ဆောင်ကာ အသံတိတ်ဆန္ဒပြခဲ့ကြသည်။ [၁၁]

တောင်ငူ ပြင်ဆင်ရန်

တောင်ငူမြို့ တွင်ဇူလိုင်လ ၇ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် လူအင်အား ၃၀၀ခန့်ဖြင့် သမိုင်းဝင် ရွှေဆံတော်ဘုရားကြီး အရှေ့ဘက်မုခ်မှစတင် ထွက်ခွာပြီး ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ [၁၂]

မန္တလေး ပြင်ဆင်ရန်

မန္တလေးမြို့တွင် ဇူလိုင်လ ၈ ရက်နေ့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊၃၅ လမ်းမှ မနော်ရမ္မံပြည့်သူ့ဟစ်တိုင်ကွင်းအထိ ဆန္ဒပြခဲ့ကြသည်။ သုံးဘီးကား ၈၀ခန့်မှလည်း လာရောက်ပူးပေါင်းခဲ့သည်။ ဆန္ဒပြရာတွင် ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါ်စေရေး၊ သက်ငယ်မုဒိန်းမှု လျော့နည်းပပျောက်စေရေး စသဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ [၁၃]

အခြာမြို့များ ပြင်ဆင်ရန်

မကွေးမြို့ တွင် ၂၀၁၉ ဇူလိုင် ၁၄ ရက် နံနက် ၉:၀၀ နာရီခန့်တွင် လူအင်အား ၅၀၀ ခန့်ဖြင့် ကန်သာရပ်ကွက် အေးစေတီအနီးမှ စတင်၍ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေးအတွက် ဆန္ဒပြခဲ့ကြသည်။[၁၄]

ပုသိမ်မြို့ တွင် ၂၀၁၉ ဇူလိုင် ၁၄ ရက် နံနက် ၉:၀၀ နာရီခန့်တွင် လူအင်အား ၂၀၀၀ ခန့်ဖြင့် အမှုမှန် ပေါ်ပေါက်ရေး၊ ကလေးသူငယ်များ လွတ်လပ်လုံခြုံသည့် ပတ်ဝန်;ကျင် ရရှိရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၅]

ဘားအံမြို့ တွင် ၂၀၁၉ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် လူအင်အား ၃၀၀ ခန့်ဖြင့် ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၆]

လားရှိုးမြို့ တွင် ၂၀၁၉ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် လူအင်အား ၂၀၀ ခန့်ဖြင့် ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[၁၇]

ရုံးထုတ်စစ်ဆေးခြင်း ပြင်ဆင်ရန်

ပထမအကြိမ် ပြင်ဆင်ရန်

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ၂၀၁၉ ဇူလိုင် ၁၅ ရက်နေ့၌ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။ စစ်ဆေးခြင်းမရှိသေးပဲ ရှေ့နေကိုယ်စားလှယ်စာတင်ခြင်း နှင့် အခြားဥပဒေဆိုင်ရာကိစ္စရပ်များကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ [၁၈][၁၉]

ကိုးကား ပြင်ဆင်ရန်

  1. "Deputy Police Chief Defends Handling of Toddler Sexual Assault Case"၊ The Irrawaddy၊ 5 July 2019။ 
  2. "Thousands protest Myanmar child rape"၊ Bangkok Post၊ 6 July 2019။ 
  3. "State leaders order justice for sexually abused child in Nay Pyi Taw" (in en)၊ Eleven Media Group၊ 1 July 2019။ 
  4. ၄.၀ ၄.၁ "Myanmar shuts nurseries, makes arrest in rape of 2-year-old" (in en-US)၊ Straits Times၊ 4 July 2019။ 
  5. ၅.၀ ၅.၁ ၅.၂ "Govt Pledges Truth will be Revealed in Toddler Rape Case" (in en-US)၊ The Irrawaddy၊ 2 July 2019။ 
  6. "Child-rape suspect appears in court" (in en-US)၊ The Myanmar Times၊ 5 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 5 July 2019။ 
  7. "Protesters in Myanmar demand justice after 2-year-old raped" (in en)၊ The Washington Post၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။ 
  8. "Protesters in Myanmar demand justice after 2-year-old was allegedly raped"၊ The Japan Times၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။ 
  9. "Thousands protest amid outcry over Myanmar child-rape case"၊ CNA၊ 6 July 2019။ 6 July 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 6 July 2019။ 
  10. http://burmese.dvb.no/archives/335835
  11. https://www.youtube.com/watch?v=PTIp0yDSb2k
  12. https://news-eleven.com/article/121488
  13. http://burmese.dvb.no/archives/336105
  14. https://news-eleven.com/article/122624
  15. https://news-eleven.com/article/122624
  16. https://news-eleven.com/article/122624
  17. https://news-eleven.com/article/122624
  18. http://burmese.dvb.no/archives/337249
  19. https://www.bbc.com/burmese/burma-48985994