နောက်ပိတ်ဆုံးတိုက်ပွဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

နောက်ပိတ်ဆုံးတိုက်ပွဲ ပြင်ဆင်ရန်

သက္ကရာဇ် တွက်စစ်ကာ နောင်ကိုမျှော်တော့၊ တထောင်ကျော်နှစ်ရာဝင်၍၊ ကမ္ဘာတွင် ရှစ်ဆယ်နှစ်ပါဘဲ၊ သည်နှစ်လိုမကြုံဘူး၊ ထူးတဲ့အချိန်သည်အခါ။

မြန်မာပြည်နယ်အတွင်းမှာလ၊ အသင်းတွေတခါစုပြီမို့၊ ကိန်းယခုကြုံလာပြန်၊ ပုန်ကန်မှာတကယ်မဝေး၊ နယ်ထံက ရွံ့လောက်တဲ့၊ မပြတ်ရန် သတ္တံ နှင့် မွှန်းပါလိမ့်၊ နယ်အဝှန်းဗလောင်ဆူ၍၊ သူတလူ ငါတမင်းသာပ၊ မာန်ကင်းကာ အသင်းသားတွေနှင့်၊ ဘုရားမှာ ညီလာခံကြတော့၊ အီတာလျံ ဂျာမန်မျိုးငဲ့ပြင်၊ မုဆိုးကျော် စနေဆက်ကယ်ဘို့၊ ဗျိုင်းဖြူဝိုင်းကူ၍ နှက်မှာကြောင့်၊ ပွဲကြွက်ကြွက်ညာ။

ခေတ်သမယမှာတော့၊ ဖြစ်ရပုံမှန်မပြောချင်ဘု၊ ဆန်ကောတွင် ဆီးဖြူလုံးကဲ့သို့၊ စရုံးကာ ပမာထပ်သော်ကြောင့်၊ မိုးရပ်နေဗြဟ္မာနတ်ကယ်တို့၊ သည်ကပ်ကိုဘယ်လိုလုပ်ရပါ့၊ ခေါင်းကုတ်လို့မှိုင်ကာနေ၊ ကံခေတဲ့ခေတ်ဟောင်း၊ ကမ္ဘာ့ပြောင်းတောင်မှ၊ ထုံးဟောင်းမကြေချင်လို့၊ ဖြစ်ချင်လျှင်ဘာမဝေးဘု၊ ရွှေတိဂုံဟံသာကျေးမှာလ၊ လောဟိတံချောင်းရေပြေးပါလိမ့်၊ တိတ်တဘောင် နိမိတ်ရှေးရယ်က၊ ကြွေးကြော်၍လာ ဖြစ်ပါမည်မလွဲ။

သို့ကတဲ့သာပ၊ စိတ်စွဲကာပဉ္စသီနှင့်၊ အဋ္ဌင်္ဂီသီလထူးတို့ကို၊ ဆည်းပူးကာကိုယ်၌မြဲသူတို့၊ ကပ်ထဲမှာချမ်းသာရပါလိမ့်၊ ရွာမောင်းထောင်ဆရာလှရယ်က၊ စနစ်စုံဖြစ်ပုံပြလိုက်တော့၊ ပါပဆိုလူတကွဲငယ်တို့၊ မကြာခင်ပါဝင်မည့်ပွဲပါဘဲ၊ ရှေးလင်္ကာစာဆိုနှင့်မလွဲပေဘု၊ ကြယ်သောကြာ စနေနှင့် တွဲသော်ကြောင့်၊ ထုတဝေရီရီပ၊ ရန်စီစီမှန်မလွဲပေဘု၊ နှိုးဆော်ခါ မိုးပေါ်က ကြဲပါလိမ့်မကွယ်၊ နောက်ပိတ်ဆုံးပွဲ။

ခက်ဆစ် ပြင်ဆင်ရန်

၁။ သတ္တံ = သတ္တန္တရ၊ လက်နက်ဘေး။

၂။ လောဟိတံ = သွေး။

၃။ တိတ် = အတိတ်၊ ရှေ့ဖြစ်မည့်အကြောင်းကို ကြိုတင်၍ နိမိတ်ပြခြင်း။

၄။ တဘောင် = ကလေး၊ သဘင်သည်၊ သူရူးတို့ သီဆိုသော တေးကဗျာ။

၅။ နိမိတ် = ရှေ့ဖြစ်မည့် အခြင်းအရာကိုစွဲ၍ အရိပ်ပြခြင်း။

၆။ အဋ္ဌင်္ဂီသီလ = ရှစ်ပါးသီလ။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။