နောက်ဝန်းကျင်ဝန် ပြင်ဆင်ရန်

နောက်ဝန်းကျင်ဝန်သည် အနောက်ဆောင်များအား ထိန်းသိမ်းစောင့်ရှောက်ရသည့် နောက်ဝန်းကျင်အစုသားများအပေါ် ကြီးကြပ်ကွပ်ကဲရသူ ဖြစ်သည်။ နောက်ဝန်းကျင် အစုသားများသည် လက်ခြောက်ဘက်ပါ ဂျွန်းနတ်ရုပ်ပုံကို ကျော၌ ရေးထိုးထားကြရကြောင်း သိရှိရ၏။ နောက်ဝန်းကျင် အစုသားများမှာ လက်နက်ကိုင် အမှုထမ်းများ ဖြစ်ကြသည်။

ညောင်ရမ်းခေတ် နောက်ဝန်းကျင်ဝန် ပြင်ဆင်ရန်

နောက်ဝန်းကျင် ဝန်ရာထူးကို ညောင်ရမ်းခေတ်ကာလကပင် စတင်တွေ့ရှိရသည်။ အစောဆုံး တွေ့ရှိရသူ နောက်ဝန်းကျင်ဝန်မှာ မဟာဓမ္မရာဇာဓိပတိမင်း (၁၇၃၃-၁၇၅၂) လက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် ဦးထွန်းဦး ဖြစ်သည်။ ဦးထွန်းဦးတွင် မွေးချင်းသုံးဦးရှိရာ အစ်ကို ဦးမင်းဘုန်းမှာ အနောက်ဝန် ၊ ညီ ဦးမင်းပုမှာ စာရေးကြီးတစ်ဦး ဖြစ်၏။

နေမျိုးရာဇာ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်ဦးကာလ ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက် နောက်ဝန်းကျင်မှာ နေမျိုးရာဇာ ဖြစ်၏။ ဗဒုံမင်း နန်းတက်စ ၁၂ ဇွန် ၁၇၈၄ တွင် နောက်ဝန်းကျင်ဝန်အား နေမျိုးရာဇာဘွဲ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မုဒ္ဓါဘိသိက် အခမ်းအနားတွင် ယင်းသို့ ပေးအပ်ခဲ့ခြင်း ဖြစ်၏။ နောက်ဝန်းကျင်ဝန် နေမျိုးရာဇာနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

နောက်ဝန်းကျင်ဝန်နှင့် ဝန်းကျင်ဝန် ပြင်ဆင်ရန်

မြန်မာမင်းများ လက်ထက်က နောက်ဝန်းကျင်ဝန်နှင့် ဝန်းကျင်ဝန်ရာထူးများကို သီးခြား ခန့်အပ်လေ့ရှိသည်။ သို့သော် ကုန်းဘောင်ခေတ် လယ်ပိုင်း မင်းများလက်ထက်တွင် နောက်ဝန်းကျင်ဝန် သီးခြားမထားဘဲ ဝန်းကျင်ဝန်ကပင် တာဝန်ယူ ဆောင်ရွက်ခဲ့ဟန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကုန်းဘောင်ခေတ်နှောင်းပိုင်း သီပေါမင်းလက်ထက်တွင်သာ နောက်ဝန်းကျင်ဝန်ရာထူးကို ပြန်လည်တွေ့ရှိရသောကြောင့် ဖြစ်သည်။ သို့တည်းမဟုတ် နောက်ဝန်းကျင်ဝန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသောဖြစ်ရပ်များ မရှိခဲ့၍လည်း ဖြစ်နိုင်သည်။

သီပေါမင်းလက်ထက် ပြင်ဆင်ရန်

သီပေါမင်း နန်းတက်ပြီး များမြကာမိ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ လာရောက်စဉ် စစ်ရေးပြ အခမ်းအနား၌ နောက်ဝန်းကျင်ဝန် မင်းထင်မင်းလှစည်သူသည် အင်အား ၁၇၀ ခန့်ရှိ တပ်တစ်တပ်ကို အုပ်ချုပ်ကွပ်ကဲပါဝင်ခဲ့ရကြောင်း တွေ့ရှိရသည်။ သီပေါမင်းလက်ထက်တွင် နောက်ဝန်းကျင် လက်နက်ကိုင် အမှုထမ်း ၁၇၆ ဦး လစာ ၂၀၂၇ ကျပ် သုံးစွဲ ကုန်ကျကြောင်းလည်း အမှတ်အသားတွေ့ရှိရသည်။ ထိုစဉ်က နောက်ဝန်းကျင်၏ လက်အောက်တွင် နောက်ဝန်းကျင် သေနတ်စာ ရေးတစ်ဦးကိုလည်း ခန့်အပ်ထားရှိခဲ့၏။ နောက်ဝန်းကျင် သေနတ်စာရေး မောင်ကျွန်းရောက်မှာ ၁၈၇၀ ပြည့်နှစ်မတ်လတွင် ခန့်အပ်ခဲ့ရသူ ဖြစ်ရာ မင်းတုန်းမင်း လက်ထက်ကလည်း နောက်ဝန်းကျင်ဝန်ရှိ ခဲ့ပေလိမ့်မည်။ သို့သော် ဘွဲ့အမည်အမှတ်အသားကိုမူ မတွေ့ရသေးပေ။

ဂျွန်းနတ်ရုပ် ပြင်ဆင်ရန်

နောက်ဝန်းကျင် သေနတ်အမှုထမ်းများ၏ ကျောဘက်၌ ရေးထိုးကြရသည့် ဂျွန်းနတ်ရုပ်မှာ လက်ခြောက်ဘက်ရှိသော နတ်ရုပ်ဖြစ်၏။ လက်ခြောက်ဘက်တွင် အထက်လက်နှစ်ဖက်ဝဲယာ၌ သန်လျက်၊ အလယ်လက်နှစ်ဖက်ဝဲယာ၌ တင်းပုတ် နှင့် အောက်ဆုံးလက်နှစ်ဖက် ဝဲယာ၌ ဒိုင်း ကိုင်ထားဟန် ဖြစ်သည်။ ထို့ပြင် က၊ စ၊ ဗ၊ ယ လေးကွက်နင်း အင်းကိုလည်း ရေးထိုးထားကြရ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉