နော်မံကျောင်းကြီးဆရာတော်

ကိုလိုနီခေတ်ဦး ရန်ကုန်မြို့ သာသနာရေး ရှေ့ဆောင်ဆရာတော် တစ်ပါး ဖြစ်သည်။ နော်မံကျောင်းကြီးဆရာတော်၊ အင်းစိန်ဆရာတော် ဦးပညာ အမည်နှစ်မျိုးဖြင့် ထင်ရှားသည်။ ပရိယတ်စာပေကို မန္တလေးမြို့ လေးပြင်လေးရပ် တံဆိပ်ရ မရ ဆရာတော်များ၊ ရာဇဂုရုဘွဲ့တံဆိပ်ရ မြင်းမူနယ် တွင်းကြီးရွာ တွင်းကြီးဆရာတော်၊ ညဝါအကျော် မြို့ပြင်ကြီးအနီး ရေကြည်ပေါက် ဦးဝိသုဒ္ဓ၊ ကျမ်းဂန်သွားနည်းယူနည်းတို့၌ အလွန်ဆန်းကြယ် ကျယ်ဝန်း၍ ဉာဏ်ရည်ထင်ရှားလှသော ရေစကြိုမင်းအိုတိုက် ရှင်ဝရသမ္ဗောဓိ တို့ထံ သင်ယူခဲ့သည်။ ရဟန်း ၅ ဝါရမှစ၍ ပရိယတ္တိစာပေ ပြန်လည်ပို့ချခြင်း၊ ၁ဝ ဝါရ ကျောင်းထိုင်ဖြစ်စဉ် ဥဘတောဝိဘင်း အာဂုံ ဆောင်ခြင်း၊ အသက်ထက်ဆုံး ဝိနည်းလေးစောင် အာဂုံဆောင်ခြင်းတို့ကြောင့် ဝိနယဓရပုဂ္ဂိုလ်အဖြစ် ထင်ရှားသည်။ ကိုယ်တိုင် ဝိနည်းလေးစားယုံမျှမက ဝိနည်းဆောင်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ကျောင်းဒါယကာ သူဌေးကြီးဦးဘိုးသာ (ဆာဖိုးသာ)နှင့် ဒါယကာ ဒါယိကာမများ အထောက် အပံ့ဖြင့် ဝိနည်းစာပြန်ပွဲကြီးကို ၁၈၉ဝ ပြည့်နှစ်မှစ၍ နော်မံကျောင်းကြီး၌ နှစ်ပေါင်း ၂ဝ ကျော် ဦးဆောင် ကျင်းပပေးခဲ့ရာ ရန်ကုန်မြို့တော် သာသနာရေးလောကတွင် ဩဇာကြီးမားခဲ့ပါသည်။

နော်မံကျောင်းကြီးဆရာတော် ရှင်ပညာ (၁၈၄၆ — ၁၉၃၄)
နော်မံကျောင်းကြီးဆရာတော် ရှင်ပညာ (၁၈၄၆ — ၁၉၃၄)

ပညာ၊ ရှင်၊ နော်ပံကျောင်းကြီးဆရာတော်—

ပြင်ဆင်ရန်

၁၈၄၆ ခု ဖေဖော်ဝါရီလ ၁၉ ရက် ကြာသပတေးနေ့တွင် ဗန့်ကျီ တိုက်နယ် ပုလဲအုပ်စု ကျေးနင်းကြီးရွာ၌ ဖွားသည်။ အဖ ဦးဗြူး၊ အမိ ဒေါ်ခြူ ဖြစ်သည်။ မွေးချင်းငါးယောက်တွင် အထွေးဆုံး၊ ငယ်မည် မောင်ဖော့ ဖြစ်သည်။ အစ်ကိုဦးဖဲသည် မင်းတုန်းမင်းလက်ထက်၌ နတ်စု လက်ဝဲဗိုလ်ကလေး၊ အမ ဒေါမြိုင်သည် ရွှေလှံမြင်းဝန် ဗိုလ်မှူးကတော် ဖြစ်သည်။

၈ နှစ်အရွယ်တွင် ကျေးနင်းကြီးရွာ လှေတင်ကျောင်းဆရာတော် ရှင်ကလျာဏထံ စာပေသင်ယူသည်။ ၁၄ နှစ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာ၊ ရှင်ကလျာဏက ဥပဇ္ဈာယ်ဆရာပြု၍ သာမဏေဖြစ်သည်။ ဘွဲ့ ရှင်ပညာ ဖြစ်သည်။ သာမဏေဝတ်ဖြင့် အဘိဓမ္မတ္ထသင်္ဂဟ၊ ကစ္စည်းသဒ္ဒါကျမ်းများ သင်ယူသည်။ ၁၆ နှစ်ရွယ် သာမဏေ ၂ ဝါရတွင် မန္တလေးမြောက်ပြင် မဏ္ဍလာရာမခေါ် ပြည်တိုက်၊ မင်းတပ်ဗိုလ်မှူးကျောင်း၊ ပထမစာချ ဘထွေးတော် ရှင်ဇိနထံ ပြောင်းရွှေ့ ပညာသင်သည်။ ရှင်ဇိနမှာ ပြည်ဆရာတော် ရှင်မေဓါလင်္ကာရ (၁၇၈၈- ၁၈၆၄) ၏ လက်ထောက်စာချ၊ ဝိနည်း ငါးကျမ်းပြန် ဖြစ်သည်။

အသက် ၂ဝ ပြည့်ချိန် ၁၈၆၆ ခုနှစ်တွင် ဇာတိကျေးနင်းကြီးရွာ မိဘနှစ်ပါးက ရှင်ဒါယကာ၊ ပုလဲမြို့ ဥဘတောဝိဘင်းဆောင် ဝိနည်းဓိုရ် ဂိုဏ်းအုပ် ရှင်သုမင်္ဂလက ဥပဇ္ဈာယ်ပြု၍ ကျေးနင်းကြီး ရွာကျောင်း၌ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ပညာဖြစ်သည်။ ရဟန်းဖြစ်ပြီး မန္တလေးမြို့ မဏ္ဍလာရာမတိုက် ဘထွေးဆရာတော် ရှင်ဇိနထံ ပြန်၍ စံကျောင်းဆရာ တော် ရှင်သုဒဿန (၁၈၁၅–၁၈၈၈) သစ်ဆိမ့်ဆရာတော်၊ ဘထွေးတော် ရှင်ဇိနတို့ထံ ၂ နှစ်၊ စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် တွင်းကြီးရွာ မြောက် ကျောင်း၌ သီတင်းသုံးနေသော ရာဇဂုရုဘွဲ့တံဆိပ်ရ တွင်းကြီးဆရာတော် နှင့် ညီတော် ပထမကျော် ရှင်ဝဇီရဗုဒ္ဓိတို့ထံ ၃ နှစ် နည်းခံသည်။ တွင်းကြီးဆရာတော်သည် ပုဂံမင်းလက်ထက် သာသနာပိုင် ဗားကရာ ဆရာတော် ရှင်ပညာဇေတ (၁၇၈၅-၁၈၆၀) ထံ စာပေပို့ချ နည်းခံနေစဉ် “ဣတိပုဒ်သည် နိပါတ်ပုဒ်သာမဟုတ်၊ အာချတ်ပုဒ်လည်း ရှိကြောင်း”

ပါဠိအကိုးအထောက်များဖြင့် လျှောက်ရာ သာသနာပိုင်၏ ကျေနပ်အားရခြင်း ခံရသည်။ ပုဂံမင်းလက်ထက် “ဝိလာသာဘိ သီရိဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု” ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။

၁၈၇၁ ခုနှစ်တွင် မန္တလေးမြို့ ဘထွေးတော် ရှင်ဇိနထံ ပြန်လည် သီတင်းသုံးကာ စာပေပို့ချသည်။ ထိုစဉ် မင်းတုန်းမင်းနှင့် စည်ပုတ္တရာ မိဖုရားတို့က စည်ပုတ္တရာတိုက်သစ်တည်၍ တွင်းကြီးဆရာတော်အား ပင့်လျှောက်စေသည်။ တွင်းကြီးဆရာတော်နှင့်အတူ ရှင်ပညာသည် လက်ထောက်စာချအဖြစ် ပရိယတ္တိစာပေ ပို့ချသည်။ စာပေပို့ချလျက်နှင့်ပင် မြောက်ပြင်စံကျောင်းဆရာတော် ရှင်သုဒဿန၊ အရှေ့ပြင် စလင်းဆရာ တော်၊ မောင်းထောင်ဆရာတော်၊ ဘုံကျော်ဆရာတော်၊ ညောင်ကန်ဆရာ တော်၊ ပထမ ရွှေကျင်ဆရာတော် ရှင်ဇာဂရ၊ အနောက်ပြင် စကုတိုက် ရှင်ပဒုမ (ရန်ကုန်မြို့၊ ဘင်္ဂလားဆရာတော်၏ အစ်ကို) ဒက္ခိဏာရာမ ဘုရားကြီးတိုက် ရှင်သုတလင်္ကာရ၊ မြို့ပြင်ကြီးရွာအနီး ရေကြည်ပေါက် စာသင်တိုက် စာချဆရာတော် ရှင်ဝိသုဒ္ဓ၊ ရေစကြိုမြို့ မင်းအိုတိုက် ရှင်ဝရသမ္ဗောဓိ တို့ထံတွင် ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ ထိုသို့ နည်းခံသင်ယူနေစဉ် တွင်းကြီးဆရာတော်၏ ဆန္ဒအရ မြင်းမူမြို့နယ် လှော်ကနတ်ကျောင်း၊ ထို့နောက် ကုလားကြီးရွာ ရွှေရပ်သာ စာသင် တိုက်သို့ ပြောင်း၍ ပရိယတ္တိစာပေ ၆ ဝါ ပို့ချသည်။ ထိုမှတစ်ဖန် တောရ ဆောက်တည်ရန် ကုလားကြီးရွာ သရက်တော တောကျောင်း၌ ၃ ဝါ သီတင်းသုံးသည်။ ထိုစဉ် မျက်စေ့ရောဂါရ၍ တောင်သာမြို့ သမားတော် ကြီးဦးမှုံနှင့်ကုသရာ ရောဂါ ပျောက်ကင်းခဲ့သည်။ တောင်သာမြို့၌ပင် ခုံမင်း ဦးတုပ်က ကျောင်းဆောက်ကိုးကွယ်၍ တပည့်သံဃာ ၅ဝ ခန့်ကို စာပေပို့ချသည်။ မြင်းခြံမြို့ ကိုးဆောင်တိုက်နာယက ဘထွေးတော် ရှင်ဇောတက ကိုးဆောင်တိုက်ကို စာပေပို့ချရန် အပ်နှံသော်လည်း ငြင်းပယ်ခဲ့သည်။ ထို့နောက် ဇာတိ ကျေးနင်းကြီးရွာ ပြန်လည်ကြွရောက်ပြီး လှေဂုတ်ရွာကျောင်း၌ ၁ ဝါ ဆိုသည်။

၁၈၈၇ ခုနှစ်တွင် တိုင်းရေးပြည်ရေး အခြေအနေများကြောင့် တပည့်သံဃာ ၆ ပါးနှင့်အတူ အောက်မြန်မာနိုင်ငံသို့ ရေလမ်းဖြင့် ကြွ ရောက်သည်။ ဟင်္သာတမြို့အရောက် မန္တလေးမြို့ မဏ္ဍလာရာမတိုက်တွင် သီတင်းသုံးဖော် စာသင်ဘက် ဟင်္သာတလယ်တီတိုက် ရှင်သာဂရ (၁၈၄၉ – ၁၉၁၁) ထံ ခေတ္တ သီတင်းသုံးသည်။ ဒွါရဂိုဏ်းတည် အုတ်ဖိုဆရာတော် ရှင် ဥက္ကံဝံသမာလာ (၁၈၁၈-၁၉ဝ၆) နှင့် မိတ်ဆွေ ရှင်သာဂရ တို့၏ ဟင်္သာတတွင် စာပေပို့ချ သာသနာပြုရန် ဖိတ်ခေါ် တိုက်တွန်းခံရသည်။ ဟင်္သာတတွင် ခေတ္တသီတင်းသုံးနေစဉ် မန္တလေးမြို့ ပညာသင်ဘက် ဟင်္သာတ သရက်တောတိုက် ရှင်ရေဝတ၊ မြစ်ကွေ့ ဆရာတော် ရှင်ပုည၊ ရှင်ရဝိန္ဒတို့သည် ဒွါရဂိုဏ်းဝင် ရှင်သာဂရနှင့် အဆက်အဆံမရှိ၊ သီးခြား ဖြစ်နေရာ ဟင်္သာတ၌ မနေတော့ဘဲ ရန်ကုန်မြို့ အထိ စုန်ဆင်းခဲ့သည်။

ရန်ကုန်မြို့ ပုဇွန်တောင် ဆားလင်းတိုက်၊ ထို့နောက် မဲဇာလီကျောင်း၊ ထိုမှတစ်ဖန် ကျိုက်ထီးရိုးကျောင်း၊ ကျောက်တိုင်ကျောင်းများသို့ အသီးသီး ပြောင်းရွှေ့ကာ ပရိယတ္တိစာပေ ပို့ချသည်။ ဆွမ်းကိုယ်တိုင်ခံ၍ ပင်ပမ်း ဆင်းရဲစွာ စာပေပို့ချနေရာ ၁၈၈၈ ခုနှစ်တွင် ပွဲစားကြီး ဦးရင်မောင်၊ ဦးယောင်း၊ ဦးအောင် (ဆာမောင်ခင်၏ အဖိုး)တို့ ဦးဆောင်လျက် ကျောင်းတိုက်တည်ရန် စီမံသည်။ ပွဲစားကြီး ဦးဘိုးသာ (ဆာဖိုးသာ) သည် ယောက္ခမ ဦးဝိုက် ဒေါ်သူတို့၏ အကူအညီဖြင့် အစိုးရနော်မံကျောင်းကြီးကို ငွေနှစ်သောင်းပေး ဝယ်ယူလှူဒါန်းသည်။ ထို့ပြင် ဦးဝိုက် ဒေါ်သူ၏ သားသမီးများဖြစ်သော ပွဲစားကြီး ဦးအောင်ကြီး၊ ဒေါ်စောညွန့်၊ ဦးဖိုးသာ၊ ဒေါ်ပု၊ ဦးရွှေမှန်၊ ဒေါ်အေးမြ၊ ဦးစံချိန်၊ ဒေါ်အေးဖြူနှင့် အခြား စေတနာရှင် များက ကျောင်းရံ၊ ဇရပ်၊ သိမ်၊ ရေတွင်းများ ဆောက်လုပ်လှူဒါန်းခဲ့ရာ နော်မံကျောင်းကြီး ဆရာတော် ရှင်ပညာအဖြစ် အလွန်ထင်ရှားလာသည်။ ရှင်ပညာ၏ အုပ်ချုပ်မှုအောက်တွင် ပရိယတ္တိစာပေ သင်ယူနေသော သံဃာ ၁၀၀ ကျော်ရှိ၍ ရန်ကုန်မြို့၏ ကျက်သရေဆောင် စာသင်တိုက်ကြီး အဖြစ်ထင်ရှားလာသည်။

၁၈၉ဝ ပြည့်နှစ်မှ စတင်၍ နော်မံကျောင်းဒါယကာ ဦးဘိုးသာ၊ ဒေါ်ပုနှင့် ဒါယကာများသည် ရှင်ပညာ၏ ဦးဆောင်မှုဖြင့် နတ်တော်လတိုင်း ဂိုဏ်းဂဏမခြား သံဃာတော်များ ဝိနည်းစာပြန်ပွဲကြီး ကျင်းပခဲ့သည်။ ကိုလိုနီခေတ်အတွင်း ပထမဦးဆုံး ပေါ်ပေါက်ခဲ့သော ဝိနည်းစာပြန်ပွဲကြီး ဖြစ်၍ သမုတိသာသနာပိုင် ပခန်းဆရာတော် ရှင်နန္ဒမာလာ (၁၈၂ဝ- ၁၈၉၈) ရဟန္တာဟု ထင်ရှားသော ပဲခူးတောရ ဦးသီလ (၁၈၃၂–၁၉ဝ၇)

၁၉ဝ၉ ခုနှစ်တွင် တောင်ခွင်သာသနာပိုင် ရှင်ဝိသုဒ္ဓါသီလာစာရ (၁၈၄၄ — ၁၉၃၈) တို့ ကြွရောက် ချီးမြှင့်သည်။ ရန်ကုန်မြို့ပေါ်မှ ဟံသာဝတီဂိုဏ်းချုပ် ငါးထပ်ကြီးဆရာတော် ရှင်အာသဘ (၁၈၃၂-၁၉၂ဝ)၊ ဘင်္ဂလားဆရာတော် ရှင်ရဝိန္ဒ၊ သံယုတ်ဆရာတော် ရှင်ကုမာရ (၁၈၅ဝ-၁၉၂၄)၊ အလယ်တောရ ဆရာတော် ရှင်ကောသလ္လ (၁၈၅၂-၁၉၄၆) တို့ စောင့်ရှောက် အားပေး ခဲ့သည်။ ရဟန်းသံဃာများ စွမ်းနိုင်သမျှ ဝိနည်း ငါးကျမ်းပြန်၊ လေးကျမ်း ပြန်၊ သုံးကျမ်းပြန်၊ ဥဘတောဝိဘင်းပြန်၊ ဝိနည်းငယ်လေးစောင်ပါဌ်၊ ဝိနည်းငယ် သုံးစောင်ပါဌ်၊ ဒွေမာတိကာ နှစ်စောင်ပါဌ်ပြန် ဟူ၍ ပေါ်ထွက် လာခဲ့သည်။ စာပြန်ပွဲကြီးကို ဒါယကာ ဒါယိကာမ၊ ရဟန်းသံဃာများ စုပေါင်း၍ နှစ်ပေါင်း ၂ဝ ကျော်မျှ ကျင်းပခဲ့သည်။ ၁၉၁၅ ခုနှစ် ဒုတိယအကြိမ် လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။

၁၉၁၆ ခုနှစ်တွင် အင်းစိန်စီရင်စု တိုက်ကြီးမြို့နယ် မြရာကုန်းကျောင်း သိမ်သမုတ်ပွဲမှအပြန် အင်းစိန်မြို့နယ် ကျိုက္ကလို့စေတီအနီး တောအုပ်၌ တောထွက် ကျင့်ကြံအားထုတ်သည်။ တောရဆောက်တည်နေရာမှ ဆာဘိုးသာ ဦးဆောင်သော ဒါယကာ ဒါယိကာမ များက အင်းစိန်မြို့ အနီးတွင် ကျောင်းတိုက် ဆောက်လုပ်လှူဒါန်းရာ အင်းစိန်ဆရာတော် ဦးပညာဟု အမည်တွင်ခဲ့သည်။

အင်းစိန်ကျောင်းတိုက်တွင် သီတင်းသုံး နေစဉ် သက်တော် ၈၉၊ သိက္ခာ ၆၉ ဝါရ ၁၉၃၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂း၁၀ နာရီတွင် တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ []

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)