နံပဲဖြူထွန်းတဲ့အချိန် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၆ ခု၊ ၇ ခု၊ ၈ ခုနှစ်များတွင် လိဂ်အော့နေးရှင်း ခေါ် လူအမျိုးမျိုး အသင်းကြီးပေါ်လာမည့်အကြောင်းနှင့် ပဲဖြူကလေးဈေးကောင်းမည့်အကြောင်းကို ဖွဲ့ဆိုထားသည်။

နံပဲဖြူထွန်းတဲ့အချိန် ပြင်ဆင်ရန်

 လောကဓာတ်တွင်ဖြင့်၊ မသာသတ်ကယ်အဋ္ဌာကြုံ၍၊ နဗါကုန်နှစ်ကို ဆိုက်အောင်ပ၊ ဆူလှိုက်ကာ ကမ္ဘာကြေသည့်နှယ်၊ မြန်မာတွေ လူတသင်းမှာတော့၊ ပူပြင်းစွာ မနေသာဘု၊ ပြေရွာမှာ ကြေးငွေအမှုရယ်ကြောင့်၊ မြေပထဗျာဆွေးကြွေလုပါပေါ့၊ များဗိုလ်ထု မသက်သာ။

သက္ကရာဇ် ကူးပြန်တော့၊ နှစ်ဦးအတာပေါ်ခဲ့လျှင်၊ အလောင်းတော် မဟာသမ္မတရယ်လို့၊ ရာဇငယ် ရာဇိန္ဒာတို့၊ လာချိန်ခါ အမှန်နီးသော်ကြောင့်၊ ကြယ်ကြီးတွေဂြိုဟ်တာရာတို့၊ ဗဟိုအာကာမှာ စိုဖြာလင်းကြတယ်၊ ဝင်းတောက် ရောင်ဖြာ။

နိမိတ်ထူးပါဘိ၊ ဟိတ်ကူးကာ ရွှေနဘံအဇဋက၊ ငွေစန္ဒာ စန်းယုန်မင်းကိုဖြင့်၊ ကြယ်သောကြာ ဖောက်ကာထွင်းသည့်ပြင်၊ ကြွက်မင်းဘုံတူဆီသို့၊ ယုန်စန္ဒီ ဝင်ကာဖြတ်ပြန်တော့၊ တိုင်းရပ်မှာ ဘုရင်သမုတို့၊ ကမ္ဘာတွင် အနိုင်လုရှာကြ၊ ဘယ်သူ့အနေနှင့်၊ ဘယ်ပြေမှာ ဘယ်သူက အုပ်မယ်လို၊ သရုပ်အခြေခံပ၊ သွေမလှန် ဧကန်ပြရလျှင်၊ ဆန်း (စွန်း) ဒသဤအခါ၊ ပြည်ရွာပ ငြိမ်းအေး။

ဇမ္ဗူဒိပ်မှာဖြင့်၊ နိမိတ်အမှန်ယူကြတော့၊ နံပဲဖြူတခါထွန်းချိန်မို့၊ စနေဂြိုဟ် နေခိုတဲ့ကျွန်းမှာဖြင့်၊ နဂါးမြွေကို ဖားတွေက လွှမ်းပါလိမ့်မဗျာ၊ ပြွမ်းတသိုက်ထွေး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ လောကဓာတ် = သဘာဝလောကကြီး။

၂။ သောသတ် = ၆ ခု၊ ၇ နှစ်။

၃။ အဋ္ဌာ = ရှစ်ခုနှစ်။

၄။ နဝါ = ကိုးခုနှစ်။

၅။ ဟိတ် = ရှေ့ဖြစ်မည့်အကြောင်းနိမိတ်။

၆။ ဘုရင်သမု = သမုတိဘုရင်။

၇။ ဇမ္ဗူဒိပ် = ဇမ္ဗူဒီပါတောင်ကျွန်း။


မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။