ကမ္ဘာပေါ်မှာ နှင်းဆီအမျိုးပေါင်း ၂၅၀ခန့် ရှိပါတယ်။ အဲ့ဒီ နှင်းဆီပန်းတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိကြပါတယ်။ အနီရောင်နှင်းဆီပန်းတွေဟာ ချစ်ခြင်း မေတ္တာ ကို ကိုယ်စားပြုဖော်ပြပါတယ်။ နှင်းဆီပန်း အနီရောင်တစ်ပွင့်တည်းဆိုရင် ဒီတစ်မိုးအောက်မှာ၊ဒီတစ်လောကလုံး မှာ မင်းတစ်ယောက်တည်း လို့အဓိပ္ပာယ် သက်ရောက်ပါတယ်။ အမျိုးသားများဟာ မြတ်နိုးရတဲ့ မိန်းကလေးကို နှင်းဆီနီလေး တစ်ပွင့်ပေးပြီး မေတ္တာတောင်းခံလေ့ရှိကြပါတယ်။ အနီရောင်နှင်းဆီပွင့် နှစ်ပွင့် ဆိုရင်တော့ ကိုယ်ရယ်၊မင်းရယ် နှစ်ယောက်တည်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ နှင်းဆီနီ သုံးပွင့်ကတော့ စကားလေး သုံးခွန်း (I love you) ဖြစ်ပါတယ် ။ မင်းကိုကိုယ်ချစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့မိန်းကလေးကို နှင်းဆီနီလေး သုံးပွင့် နဲ့ ချစ်ခွင့်တောင်းလေ့ရှိကြပြန်ပါတယ်။ ဒါ့အပြင် အနီရောင်နှင်းဆီပန်းတွေဟာ မြင်မြင်ခြင်းချစ်တဲ့အချစ် ( love at first sight)နဲ့ ကြည်နူးနှစ်သက်ခြင်းကို ကိုယ်စားပြုဖော်ပြပါတယ်။ အဖြူရောင်နှင်းဆီပန်းတွေကတော့ သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းခြင်ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။ တစ်ခါတစ်ရံ မှာတော့ သိမ်မွေ့စွာငြင်းဆိုခြင်း ဖြစ်ပါတယ်။ အဖြူရောင်နှင်းဆီဖူးလေးတွေရဲ့ အဓိပ္ပာယ်ကတော့ ချစ်သူရည်းစားထားဖို့ ငယ်လွန်း သေးတယ်။ မေမေဆူလိမ့်မယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ငြင်းရမှာအားနာနေတဲ့ မိန်းကလေးတွေအတွက်နှင်းဆီဖူး အဖြူရောင်လေးတွေက ကိုယ်စားငြင်းပေးပါလိမ့်မယ်။

အနီရောင်နှင်းဆီ နဲ့ အဖြူရောင်နှင်းဆီ နှစ်မျိုးပေါင်းကတော့ ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပြန်ပါတယ်။ အဝါရောင်နှင်းဆီပန်းတွေကတော့ မိတ်ဆွေဖြစ်ခြင်း(friendship)ကိုကိုယ်စားပြုပါတယ်။ ချစ်ရတဲ့သူငယ်ချင်းလေးကို ပန်းလက်ဆောင်ပေးမယ်ဆိုရင် အဝါရောင်နှင်းဆီတွေကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။ ထို့အပြင် အဝါရောင်နှင်းဆီတွေက ပျော်ရွှင်ခြင်း ၊ လွတ်လပ်ခြင်းလို့ အဓိပ္ပာယ်ဖော်ဆောင်ပြန်ပါတယ်။

စိတ်ကောက်နေတဲ့ချစ်သူလေးကိုချော့ဖို့ဆိုရင်လည်း အဝါရောင်နှင်းဆီပွင့် အပွင့်သုံးဆယ် လိုအပ်မှာဖြစ်ပါတယ်။ နှင်းဆီအဝါ နှင်းဆီလှလှ အပွင့်သုံးဆယ်ကို ဖဲကြိုးလေးနဲ့စည်းပြီး စိတ်ကောက်နေတဲ့ ချစ်သူလေးဆီ ပို့လိုက်မယ်ဆိုရင် စူနေတဲ့နှုတ်ခမ်းလေးက ပြုံးလာမှာ အမှန်ပါပဲ။

အနီရောင်နှင်းဆီ နဲ့ အဝါရောင်နှင်းဆီ နှစ်ခုပေါင်းပြီး ပေါင်းစည်းခြင်း၊ အတူတကွမခွဲမခွာရှိခြင်း ဆိုတဲ့သဘောသက်ရောက်ပါတယ်။ မင်း နဲ့ ကိုယ် ဘယ်တော့မှမခွဲဘူးလို့ ဆိုလိုတာမျိုးပါ။ နှင်းဆီနီတစ်ပွင့်ရယ်၊နှင်းဆီဝါတစ်ပွင့်ရယ်ကို နှစ်ပွင့်ပေါင်းပြီး ဖဲကြိုးလေး နဲ့ စည်းလိုက်ရင် စေ့စပ်ခြင်း (engagement )လို့ အဓိပ္ပာယ်ရပါတယ်။

နှင်းဆီပန်း ဘယ်အရောင်မဆို တစ်ပွင့်တည်းကတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးကို ကိုယ်စားပြုပါတယ်။

နှင်းဆီပန်း ပန်းရောင်တွေကတော့ လေးစားဂုဏ်ယူခြင်း ၊ နှစ်သက်ခြင်း၊ပျော်ရွှင်ခြင်း၊စာနာနားလည်ခြင်း အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ ဆရာမကို ပန်းလက်ဆောင်ပေးမယ်ဆိုရင်၊သူငယ်ချင်းလေးကိုပေးမယ်ဆိုရင်၊မွေးမိခင်အတွက် ပေးမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်နှင်းဆီပန်းရောင်လေးတွေက အဆင်ပြေပါတယ်။