နှစ်လုံးသုံး အမည်ပေးစနစ်

မျိုးစုနှင့် မျိုးစိတ်တို့ကိုသုံးသော သက်ရှိတို့၏ သိပ္ပံအမည်ပေးစနစ်

နှစ်လုံးသုံး အမည်ပေးစနစ် (Binomial nomenclature) သည် သက်ရှိမျိုးစုတို့၏ တရားဝင် အမည်ပေးစနစ်ဖြစ်ပြီး၊ အမည်တစ်ခုတွင် နှစ်ပိုင်းပါဝင်သည်။ ပထမပိုင်းသည် မျိုးစု (genus)ကို ရည်ညွှန်းပြီး၊ ဒုတိယပိုင်းသည် မျိုးစိတ် (species)ကို ရည်ညွှန်းသည်။ အင်္ဂလိပ်ဘာသာတွင် binominal nomenclature သို့မဟုတ် binary nomenclature ဟုလည်း ခေါ်ကြသေးသည်။ လက်တင်အမည် (Latin name) သို့မဟုတ် သိပ္ပံအမည် (scientific name) ဟုလည်း ရည်ညွှန်းကြသည်။ ဥပမာ၊ ခေတ်လူသားတို့သည် ဟိုမို (Homo) မျိုးစုဝင် ဖြစ်ပြီး၊ ဆေပီယန်စ် (sapiens) မျိုးစိတ်ဝင် ဖြစ်သည့်အတွက် ဟိုမို ဆေပီယန်စ် (Homo sapiens)ဟု ၎င်းကို အမည်ပေးခြင်း ဖြစ်သည်။ ဒိုင်နိုဆောအမျိုးတစ်ခုဖြစ်သည့် တိုင်ရဲန်နိုဆောရပ်စ် ရက်ခ်စ် (Tyrannosaurus rex) သည် လူသိအများဆုံး သိပ္ပံအမည်တစ်ခု ဖြစ်နိုင်သည်။[၁] ဤအမည်ပေးစနစ်ကို ကားလ် လင်းနီးယပ် (L.)မှ သူ၏ "Species Plantarum" စာအုပ်တွင် ၁၇၅၃-ခုနှစ်တွင် တရားဝင် စတင်အသုံးပြုခဲ့သည်ကို တွေ့ရသည်။[၂]

အော်ကာ (ဝေလသတ်ငါး)၏ သိပ္ပံအမည် - အော်စိုင်းနပ်စ် မျိုးစု၊ အော်ကာ မျိုးစိတ်၊ အော်စိုင်းနပ်စ် အော်ကာ(Orcinus orca)

သမိုင်းကြောင်းပြင်ဆင်

ခေတ်သစ် နှစ်လုံးသုံး အမည်ပေးစနစ် (binomial nomenclature) မတီထွင်မှီ သိပ္ပံအမည်တစ်ခုတွင် ယေဘုယျအများသုံးအမည် (generic name)တွင် အခြား ပိုအသေးစိတ်သော အမည်တစ်ခုဖြစ်စေ၊ များစွာဖြစ်စေ ပေါင်းစပ်ခေါ်ဝေါ်သည့် စကားလုံးအများသုံး အမည်ပေးစနစ် (polynomial nomenclature) ကို ဖွဲ့စည်းခဲ့သေးသည်။[၃] အဆိုပါစနစ်တွင် မျိုးစိတ်နှစ်မျိုးသာ ပါဝင်သည့် ရိုးရှင်းသော သက်ရှိအုပ်စုတစ်ခုအား မျိုးစုအတွက် ရည်ညွှန်းဝေါဟာရတစ်လုံး၊ မျိုးစိတ်အတွက် ရည်ညွှန်းဝေါဟာရတစ်လုံး အသုံးပြုကာ ခွဲခြားသတ်မှတ်ရန် လွယ်ကူသည်။ သို့သော် မျိုးစိတ်များ ပိုမိုရှာဖွေတွေ့ရှိလာသည်နှင့်အမျှ အမည်များမှာ ပိုမိုရှည်လျားလာပြီး ခေါ်ဝေါ်အသုံးပြုရန် ပိုမိုခက်ခဲလာသည်။ ဥပမာ၊ ယနေ့ Plantago media အဖြစ်သိသောအပင်တစ်မျိုးကို အဖျားရှူးသွားသော ဘဲဥပုံ အရွက်ရင့်များ၊ ဆလင်ဒါပုံဆူး၊ အဖျားရှူးသွားသော ဆလင်ဒါပုံ ရွက်ထွက်ကြား အရိုးတန်ရှိ ပင်ပျော့ (Plantago foliis ovato-lanceolatus pubescentibus, spica cylindrica, scapo tereti)ဟု ဤစနစ်တွင် အမည်ပေးသည်။

 
Plantago mediaဟုခေါ်သော အပင်တစ်မျိုး

Bauhins မိသားစုဝင်များနှင့် အထူးသဖြင့် Caspar Bauhin (၁၅၆၀-၁၆၂၄)တို့သည် လက်တင်ဖေါ်ပြချက် ပါဝင်သော အမည်ရှည်များကို အများအားဖြင့် စကားလုံးနှစ်လုံးသာ ပါဝင်သောအမည်များသို့ ပြောင်းလဲခေါ်ဆိုခြင်းအားဖြင့် နှစ်လုံးသုံး အမည်ပေးစနစ် (binomial nomenclature) ဖြစ်ပေါ်လာရန် အရေးကြီးသောခြေလှမ်းကို စတင်ခဲ့ကြသည်။ ဆွီဒင်လူမျိုး ရုက္ခဗေဒပညာရှင်နှင့် ဆရာဝန် ကားလ် လင်းနီးယပ် (L.) (၁၇၀၇-၁၇၇၈)က သူ၏ ၁၇၅၃-ခုနှစ်ထုတ် "Species Plantarum" စာအုပ်တွင် အမည်ငယ် ("trivial name" သို့မဟုတ် nomen triviale)တစ်ခုကို ယေဘုယျအများသုံးအမည် (generic name သို့မဟုတ် genus name)၏ အနောက်တွင် ဆက်၍ရေးခြင်းအားဖြင့် စာအုပ်တစ်လျှောက်လုံး တသမတ်တည်းသုံးနှုန်းသွားခြင်းဖြင့် နှစ်လုံးသုံး အမည်ပေးစနစ် (binomial nomenclature)ကို တီထွင်ကာ အခြားဇီဝဗေဒပညာရှင်များက အတုခိုး အသုံးပြုနိုင်ရန် စတင်လမ်းဖွင့်ခဲ့သည်။[၄][၂]

 
နှစ်လုံးသုံး အမည်ပေးစနစ် (binomial nomenclature) တီထွင်သူ ဆွီဒင်လူမျိုး ရုက္ခဗေဒပညာရှင်နှင့် ဆရာဝန် ကားလ် လင်းနီးယပ် (L.) (၁၇၀၇-၁၇၇၈)

သက်ရှိအချို့၏ ပုံများနှင့် နှစ်လုံးသုံး အမည်ပေးစနစ်သုံး အမည်များပြင်ဆင်

 
E. coliဟုအတိုကောက်ခေါ်သော Escherichia coli ဘက်တီးရီးယား
 
Erithacus rubecula superbus သို့မဟုတ် Erithacus superbus (the Tenerife robin or petirrojo)
 
Magnolia hodgsonii

ကိုးကားပြင်ဆင်

  1. Busby III, Arthur (1997). A Guide to Rocks and Fossils, 103။ 
  2. ၂.၀ ၂.၁ Knapp, Sandra, What's in a name? A history of taxonomy : Linnaeus and the birth of modern taxonomy, Natural History Museum, London, retrieved 17 June 2011 
  3. Reddy, S.M. (2007), University botany: Angiosperms, plant embryology and plant physiology, New Age International, p. 34, ISBN 978-81-224-1547-6 
  4. Polaszek, Andrew (2009), Systema naturae 250: the Linnaean ark, CRC Press, p. 189, ISBN 978-1-4200-9501-2