ဦးတည်ချက် ပြင်ဆင်ရန်

နှစ်သိမ့်ဆွေးနွေးခြင်းဆိုသည်မှာ သင်၏လူနာအား ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန် ကူညီပေးသောအရာတစ်ခုဖြစ်သည်။ လူနာအနေဖြင့် သူ၏ ကျန်းမာရေးအား ထိခိုက်စေသည့် အကြောင်းအရာများကို ဖြေရှင်းနိုင်ရန်၊ ဆုံးဖြတ်နိုင်ရန် အကူအညီပေးသည်။ လူနာအား လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေနိုင်သည်။ ၎င်းအတွက် အကောင်းဆုံးဖြစ်မည့် လမ်းကြောင်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်ပြီး ရွေးချယ်နိုင်ရန် စွမ်းအားဖြစ်စေသည်။


နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပညာပေးခြင်း ပြင်ဆင်ရန်

ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် နှစ်သိမ့်ဆွေးနွေးပေးသူတစ်ဦးဖြစ်သလို ပညာပေးသူတစ်ဦးလည်းဖြစ်သည်။ သို့ရာတွင် ထိုလုပ်ငန်းနှစ်မျိုး၏ မတူညီသောသဘာဝကို နားလည်ထားသင့်သည်။

ပညာပေးခြင်းသည် သူတစ်ပါးအား အသိပညာကို ဖြန့်ဝေသင်ကြားပေးခြင်းဖြစ်သည်။

နှစ်သိမ့်ဆွေးနွေးခြင်းဆိုသည်မှာ လူတစ်ဦးမှ ရှင်းလင်းပြောပြလာသောပြဿနာကို သေချာစွာနားထောင်လျက် ၎င်းအား မှန်ကန်သော ယူဆဆုံးဖြတ်ချက်များရရှိစေရန် အကူအညီပေးခြင်းသာဖြစ်သည်။

လူတစ်ဦးအားဆုံးဖြတ်ချက်ချမှတ်အောင် ကူညီရာတွင် သူ့အနေဖြင့် သူရွေးချယ် ခွင့်ရှိသော လမ်းကြောင်းအားလုံးကို နားလည်ဖို့ လိုပါလိမ့်မည်။ သင့်ထံလာရောက်ဆွေးနွေးသူထက် ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သော သင်၌ကျန်းမာရေးဗဟုသုတ ပို၍ ရှိသည်။ သို့ဖြစ်ရာ သင့်အနေဖြင့် သူမရွေးချယ်ခွင့်ရှိသောလမ်းကြောင်းများအားလုံးကို ရှင်းပြမှထားမှသာလျှင် လူနာအနေဖြင့် သဘောပေါက်နားလည်စွာ ရွေးချယ်နိုင်ပါလိမ့်မည်။

နည်းမူဝါဒများ ပြင်ဆင်ရန်

  1. နှစ်သိမ့်အကြံပေးခြင်းကို နှစ်သိမ့်အကြံပေးသူနှင့် လာရောက်ခံယူသူနှစ်ဦးစလုံး အချင်းချင်းကြားနိုင်သည့် သီးခြားတိတ်ဆိတ်သောနေရာတွင် ပြုလုပ်သင့်သည်။
  2. ၎င်းနှင့်သက်ဆိုင်သည့် အချက်အလက်များ၊ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအပါအဝင် လိုအပ်သောအချက်အလက်များအားလုံး ဆွေးနွေးနိုင်ရန် လုံလောက်သော အချိန် ရှိရမည်။
  3. နှစ်သိမ့်အကြံပေးခြင်းလုပ်ငန်းနှင့် ၎င်း၏မှတ်တမ်းများ ကိုင်တွယ်ထိန်းသိမ်းခြင်း နှစ်မျိုးစလုံး တွင် လုံခြုံစိတ်ချမှုရှိစေရန် သေချာဆောင်ရွက်ရမည်။
  4. နှစ်သိမ့်အကြံပေးခြင်းပြုလုပ်ရာတွင် လူနာသည် လွပ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ရန်အတွက် စီရင်ဆုံးဖြတ်ချက်မဆန်သော လက်ခံခြင်းနှင့် ဂရုစိုက်မှုပေးတို့ကိုပေးနိုင်ရန် အထူးလိုအပ်သည်။
  5. လူနာ နားလည်မည့်အသုံးအနှုန်းကိုသာသုံးသင့်သည်။
  6. ဆွေးနွေးပေးသူသည် ကိုယ်အမူအရာနှုတ်အမူအရာဖြင့် ကျွမ်းကျင်စွာ ဆက်ဆံပြောဆိုနိုင်စွမ်း ရှိရမည်။
  7. ၎င်းအား သတင်းအချက်အလက်များအလွန်အမင်းပေးခြင်းဖြင့် ဝန်ထုတ်ဝန်ပိုးဖြစ်စေရန် မပြုလုပ်သင့်ပါ။ အရေးကြီးဆုံးအချက်ကို ပထမဦးစွာ ဆွေးနွေးပါ။ တိုတုတ်ရှင်းလင်းပြီး တိကျမှုရှိပါစေ။ အရေးကြီးသောအချက်ကို အဖန်ဖန်ပြောဆိုခြင်းသည်၎င်းအချက်ကို အလေးထားလာစေရန်အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
  8. သူမရွေးချယ်သော နည်းလမ်းကိုပိုမိုနားလည်သဘောပေါက်စေရန် ကူညီသည့်အနေဖြင့် အထောက်အကူ ပစ္စည်းတို့ကို အသုံးပြုပါ။
  9. ဆွေးနွေးပြီးသည့်အကြောင်းအရာများကို၎င်းနားလည်ခြင်းရှိမရှိအမြဲတမ်းစစ်ဆေးပါ။ အရေးကြီးဆုံး သတင်းအချက်အလက်များ (သို့) ညွှန်ကြားချက်များကို ထပ်တလဲလဲ မေးမြန်းပါ။