ပခုက္ကူ တိပိဋကဆရာတော်
မြန်မာနိုင်ငံ သာသနာဝင်တွင် ဒုတိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပခုက္ကူ၊ တိပိဋကဆရာတော် အမည်ဖြင့် ထင်ရှားသည်။ သာမဏေဘဝ ကပင် ပခုက္ကူ၊ မဟာဝိသုတာရာမဆရာတော်များ ချီးမြှောက်မှုဖြင့် နိကာယ်ငါးရပ်ကို ကျမ်းပေါက်သင်ယူခဲ့ရာ ရဟန်း ၄ ဝါရတွင် အစိုးရ ပထမပြန် ငယ်၊ လတ်၊ ကြီးနှင့် ဓမ္မာစရိယ စာချတန်းအောင်ပြီး သာသနဓဇ သီရိပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ဆက်ကပ်ခံရသည်။ ရဟန်း ၅ ဝါရတွင် ပခုက္ကူ မဟာဝိသုတာရာမ စာချ၊ ဆဋ္ဌသင်္ဂါယနာ ပဋိဝိသောဓက တာဝန်ပေးအပ်ခံရသည်။ ရဟန်း ၈ ဝါရ ၁၉၅၅ ခုနှစ် ၇-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲ၌ ဝိနယပိဋက အာဂုံနှင့်ရေးဖြေတွင် ဂုဏ်ထူး ၂ ဆင့်ဖြင့် ဝိသိဋ္ဌ ဝိနယဓရ၊ မဟာဝိနယ ကောဝိဒဘွဲ့။ ၁၉၅၆ ခုနှစ် ၈-ကြိမ်မြောက်နှင့် ၁၉၅၇ ခုနှစ် ၉-ကြိမ်မြောက် ရွေးချယ်ပွဲ သုတ္တန္တ ပိဋကသင်ရိုး ဒီဃနိကာယ် ၃ ကျမ်း အာဂုံ၌ ဂုဏ်ထူး၊ ရေးဖြေ၌ ရိုးရိုး အောင်မြင်၍ ဝိသိဋ္ဌဒီဃဘာဏက၊ ဒီဃနိကာယ ကောဝိဒဘွဲ့။ ၁၉၅၈ ခုနှစ် ၁၀ ကြိမ်မြောက်နှင့် ၁၉၆၀ ပြည့်နှစ် ၁၂-ကြိမ်မြောက် ရွေးချယ်ပွဲတွင် အဘိဓမ္မာ ၇ ကျမ်း အာဂုံ၌ ဂုဏ်ထူး၊ ရေးဖြေ၌ ရိုးရိုးအောင်၍ ဝိသိဋ္ဌ အာဘိဓမ္မိက၊ အဘိဓမ္မကောဝိဒဘွဲ့များ ဆက်ကပ်ခံရကာ သက်တော် ၃၃ သိက္ခာ ၁၃ ဝါရတွင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်အဖြစ် ပူဇော်ခံရပါသည်။
နေမိန္ဒ၊ ရှင်၊ ပခုက္ကူ၊ တိပိဋကဆရာတော်
ပြင်ဆင်ရန်၁၉၂၈ ခုနှစ် ဇန်န်ဝါရီလ ၁၄-ရက် စနေနေ့တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ် ဘင်းကန်အုပ်စု ဂွေးပင်ကွင်းရွာ၌ ဖွားသည်။ အဖ ဦးဘိုတစ် အမိ ဒေါ်ထွားတုတ် ဖြစ်သည်။ အမည် မောင်ထွန်းရှိန် ဖြစ်သည်။
၆-နှစ်အရွယ်တွင် ဂွေးပင်ကွင်းရွာ ပေတောကျောင်းဆရာတော် ရှင်နာရဒထံ စတင်ပညာသင်သည်။ ၁၀ နှစ်အရွယ်တွင် မိဘနှစ်ပါးက ရှင်ဒါယကာခံ၍ သာမဏေဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ ရှင်နာရဒ ဖြစ်သည်။ သာမဏေဘွဲ့ ရှင်နေမိန္ဒ။ သာမဏေဝတ်ဖြင့် ဥပဇ္ဈာယ်ဆရာထံ ပရိယတ္တိစာပေများ ဆက်လက်သင်ယူသည်။ ငယ်စဉ်ကပင် ဉာဏ်ထက်သည်။ သာမဏေ ၅ ဝါရတွင် သဒ္ဒါ သင်္ဂြိုဟ် ပါတိမောက် ဋီကာကျော် ရူပသိဒ္ဓိ ကင်္ခါဝိတရဏီအဋ္ဌကထာ ဝိနည်းငါးကျမ်း သင်ယူ၍ မြိုင်မြို့ အမျိုးသားပရိယတ္တိ စာပြန်ပွဲ၌ အထောက်အမကင်းစွာ ပြန်ဆို အောင် မြင်သည်။ စာထောက်စာမ ဆရာများ၏ ချီးကျူးမှုခံရသည်။
သာမဏေ ၇ ဝါရ ၁၉၄၅ ခုနှစ်တွင် ပခုက္ကူမြို့ အလယ်တိုက်ခေါ် မဟာဝိသုတာရာမတိုက် သုဝဏ္ဏဝတီကျောင်း ဆရာတော် ရှင်သုန္ဒရ (၁၈၇၉-၁၉၇၂)ထံ ရောက်သည်။ ဥပဇ္ဈာယ်ဆရာ၏ အပ်နှံမှုဖြင့် သီဟိုဠ် ရှင်ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောလှိုင်မှတစ်ဆင့် ရောက်လာခြင်း ဖြစ်သည်။ ရှင်သုန္ဒရထံ ဋီကာကျော် ထပ်မံသင်ယူသည်။ မဟာဝိသုတာ ရာမဆရာတော် ရှင်ပညာ (၁၈၇၈-၁၉၄၆)ထံ ပါရာဇိကဏ် ပါဠိတော် အဋ္ဌကထာ၊ သာရတ္ထဒီပနီဋီကာ၊ ဋီကာကျော်တို့ကို ဆိုဝါလိုက်ပါ နှစ်မျိုးဖြင့် သင်ယူသည်။ ၁၉၄၆ ခုနှစ်တွင် မဟာဝိသုတာရာမနာယက ရှင်ပညာ ပျံလွန်၍ ရှင်သုန္ဒရနှင့် ရှင်နန္ဒဝံသ (၁၈၈၂-၁၉၅၇)တို့ မဟာဝိသုတာရာမ နာယကဆရာတော်များ ဖြစ်လာသည်။ ရှင်နေမိန္ဒသည် ဓမ္မာစရိယဆရာရင်း ရှင်သုန္ဒရ၏ အားပေးချီးမြှောက်မှုဖြင့် တိုက်အုပ်စာချဆရာတော် ရှင်နန္ဒိယ (၁၉၀၃-၁၉၇၁)၊ စာချအကျော် ရှင်မာဃိန္ဒ (၁၉၀၃-၁၉၆၆) တို့ထံမှ နိကယ်ငါးရပ်ကို ပခုက္ကူစာချနည်းဖြင့် သင်ယူသည်။ သာမဏေဝတ်ဖြင့် ၁၉၄၆ ခုနှစ်တွင် အစိုးရပထမပြန် ပထမငယ်တန်း၊ ၁၉၄၇ ခုနှစ်တွင် ပထမလတ်တန်းတို့ကို ပါဠိဘာသာဖြင့် ရေးဖြေ အောင်မြင်သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၃-ရက် ကြာသပတေးနေ့တွင် မဟာဝိသုတာ ရာမတိုက် သာသနဇောတိပါလသိမ်၌ ရဟန်းဖြစ်သည်။ မဟာဝိသုတာ ရာမတိုက် နာယက ရှင်သုန္ဒရက ဥပဇ္ဈာယ်ဆရာ၊ ရှင်နန္ဒဝံသက အနုသာ သကအဖြစ် ဆောင်ရွက်သည်။ ရဟန်းဘွဲ့ ရှင်နေမိန္ဒ ဖြစ်သည်။ ရဟန်း ဒါယကာမှာ တောင်သာမြို့နယ် ကန်တော်အရှေ့ရွာမှ ဘကြီး ဦးဘိုးမြစ် ဒေါ်ဖွားရှင်မိသားစုဖြစ်သည်။ ရဟန်းဖြစ်ပြီး မဟာဝိသုတာရာမ နာယက ရှင်သုန္ဒရ၊ ရှင်နန္ဒဝံသနှင့် စာချ ရှင်နန္ဒိယ၊ ရှင်မာဃိန္ဒ၊ ရှင်တေဇနိယ၊ ရှင်နာရဒ (မကွေး မဟာဝိသုတာရာမ ဆရာတော်) တို့ထံ နိကာယ်ငါးရပ်ကို ဆက်လက်သင်ယူသည်။ ရဟန်း ၄ ဝါရ ၁၉၅၁ ခုနှစ်တွင် ပထမကြီးတန်း အောင်မြင်သည်။
အစိုးရပထမကြီးတန်းအောင်ပြီး အစိုးရဓမ္မာစရိယ စာချတန်း စာမေးပွဲဖြေရန် မန္တလေးမြို့ ချမ်းသာကြီးတိုက် ရှင်နန္ဒမဉ္ဇူ (၁၉၀၂-?)ထံ သီတင်းသုံး၍ ရှင်သုနန္ဒရ၏ လမ်းညွှန်မှုဖြင့် ခင်မကန်တိုက် စံကျောင်း ဆရာတော် ရှင်နန္ဒိမာ (၁၈၈၅-၁၉၆၄)ထံ စာချတန်းဆိုင်ရာ လေ့ကျင့် ဖြေဆိုရသည်။ လေ့ကျင့်ရန် ပုစ္ဆာ ၇-ရက်စာကို ၁-ရက်တည်းဖြင့် ဖြေဆို၍ စံကျောင်းဆရာတော်၏ ချီးမွမ်းအားရမှုခံရသည်။ ၁၉၅၂ ခုနှစ် အစိုးရ ဓမ္မာစရိယ စာချတန်းတွင် ကျမ်းရင်း ၃ ကျမ်း၊ ဂုဏ်ထူး ၆ ကျမ်းကို ၆ တစ်ကြိမ်တည်း ဖြေဆိုအောင်မြင်၍ သာသနဓဇ သီရိပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့ ဆက်ကပ်ခံရသည်။ မန္တလေး တောင်သမန်တိုက်ဆရာတော် ရှင်ကေသဝ (၁၉၀၇-၁၉၇၃) ထံတွင် မန္တလေးစာချနည်း ထပ်မံ လေ့လာသင်ယူခဲ့သည်။
အစိုးရဓမ္မာစရိယစာချတန်း အောင်ပြီး သက်တော် ၂၅ သိက္ခာ ၅ ဝါရတွင် ပခုက္ကူ၊ မဟာဝိသုတာရာမတိုက် ဂဏဝါစက စာချ အဖြစ် တာဝန်ပေးအပ်ခံရကာ နိကာယ်ငါးရပ်ကို ပါဠိတော် အဋ္ဌကထာ, ဋီကာ တွဲလျက် ပခုက္ကူစာချနည်းဖြင့် ပြန်လည်ပို့ချသည်။ ၁၉၅၄ ခုနှစ် ဆဋ္ဌ သင်္ဂါယနာတင်ပွဲတွင် ပခုက္ကူ၊ မဟာဝိသုတာရာမတိုက်မှ မူလဝိသောဓက၊ ပဋိဝိသောဓက တာဝန်များ ထမ်းဆောင်ခဲ့သည်။
ရဟန်း ၈ ဝါရ ၁၉၅၄ ခုနှစ် ၇-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ် ပွဲကို စတင်ဝင်ရောက်ဖြေဆိုရာ ဝိနယပိဋက အာဂုံ၌ ဝိသိဋ္ဌ (ဂုဏ်ထူး)၊ ရေးဖြေ၌ မဟာ (ဂုဏ်ထူး) နှစ်ရပ်ဖြင့် အောင်မြင်၍ ဝိသိဋ္ဌ ဝိနယဓရ၊ မဟာဝိနယကောဝိဒ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ ၁၉၅၅ ခုနှစ် ၈-ကြိမ်မြောက်နှင့် ၁၉၅၆ ခုနှစ် ၉-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ် ပွဲ၌ သုတ္တန္တပိဋကသင်ရိုး ဒီဃနိကာယ် ၃ ကျမ်း အာဂုံ၌ ဝိသိဋ္ဌ (ဂုဏ်ထူး)၊ ရေးဖြေ၌ အောင်မှတ် (ရိုးရိုး) အောင်မြင်၍ ဝိသိဋ္ဌ ဒီဃဘာဏက၊ ဒီဃနိကာယ ကောဝိဒဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ ၁၉၅၇ ခုနှစ် ၁၀ ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲ၌ အဘိဓမ္မပိဋက ပထမပိုင်း ၅ ကျမ်း အာဂုံနှင့် ရေးဖြေ၊ ၁၉၅၉ ခုနှစ် ၁၂-ကြိမ်မြောက် တိပိဋက ရွေးချယ်ပွဲ၌ အဘိဓမ္မပိဋက ဒုတိယပိုင်း ၂ ကျမ်း အာဂုံနှင့် ရေးဖြေ အောင်မြင်၍ ဝိသိဋ္ဌအာဘိဓမ္မိက အဘိဓမ္မကောဝိဒဘွဲ့ ဆက်ကပ်ခံရသည်။ သက်တော် ၃၃ သိက္ခာ ၁၃ ဝါရတွင် ဝိသိဋ္ဌ တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့ ဆက်ကပ်ခံရရာ ဒုတိယမြောက် ပခုက္ကူ၊ တိပိဋကဓရဆရာတော်အဖြစ် ပူဇော်ခံရသည်။
၁၉၆၀ ပြည့်နှစ် ဇွန်လ ၂၆-ရက် တနင်္ဂနွေနေ့တွင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း သာသနဗိမာန်တော်ကြီး နိုင်ငံတော်သမ္မတ က ဘွဲ့တံဆိပ် ဆက်ကပ်ကျင်းပ၍ တိပိဋကဓရ တိပိဋကကောဝိဒ အရှင်နေမိန္ဒသည် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်ရပြီးနောက် နိကာယ်ပါဠိတော်များကို ဆက်လက်ပြန်ဆိုရန် မဇ္ဈိမနိကာယ် ၃ ကျမ်း အာဂုံရပြီးချိန်တွင် ဓမ္မာစရိယဆရာရင်း ရှင်သုန္ဒရ တားမြစ်၍ လက်လျော့ခဲ့ရသည်။
၁၉၆၁ ခုနှစ် ဆဋ္ဌမအကြိမ် မဟာဝိသုတာရာမိက ဂဏဝါစက နိကာယ အစည်းအဝေးတွင် မဟာဝိသုတာရာမတိုက်အုပ် ရှင်နန္ဒိယ၊ စာချ ရှင်မာဃိန္ဒ၊ ရှင်ဓမ္မိက၊ ရှင်နာယက တို့နှင့်အတူ နိကာယ ဂိုဏ်းဝန်ဆောင် ဆရာတော်အဖြစ် တင်မြှောက်ခံရသည်။
၁၉၇၅ ခုနှစ်၊ ဧပြီလ ၁၈-ရက် သောကြာနေ့ ည ၇ နာရီတွင် မဟာဝိသုတာရာမ အဓိပတိ မဟာနာယက ရှင်ဂန္ဓမာ (၁၈၉၃-၁၉၈၀)သည် မဟာဝိသုတာရာမတိုက်ကြီး၏ နောင်ရေးကိုမျှော်ကိုး၍ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရှင်နေမိန္ဒအား တိုက်တာလွှဲအပ် တာဝန်ပေးအပ်သည်။ ၁၉၇၉ ခုနှစ် ဇွန်လ ၂၃-ရက် စနေနေ့တွင် မဟာဝိသုတာရာမ အဓိပတိ နာယက ရှင်ဂန္ဓမာသည် သံဃာ ၅၃၀ ကျော် မျက်မှောက်၌ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရှင်နေမိန္ဒအား မဟာဝိသုတာရာမတိုက်ကြီး၏ မဟာ နာယကအဖြစ် တိုက်တာလွှဲအပ် စာတမ်းဖြင့် ထပ်မံလွှဲအပ်သည်။ လွှဲအပ် စာတမ်းတွင် “ဤကျောင်းတိုက်ကြီး၏ တာဝန်ကိစ္စများကို ထူးခြားစွာ ဆောင်ရွက်နေသော သာသနာ့အာဇာနည်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မည်သည့်အရပ်၌ နေသည်ဖြစ်စေ၊ မည်သို့ဖြစ်စေ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကဖြစ်သော အရှင်နေမိန္ဒကို ဤ မဟာဝိသုတာရာမကျောင်းတိုက်ကြီး၏ မဟာနာယကအဖြစ်ဖြင့် အသိအမှတ်ပြုလိုက်သည် ဟု ဖော်ပြ ထားသည်။ ရှင်နေမိန္ဒသည် ယခင် နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သော်လည်း တတိယအကြိမ်တွင် ဆရာတော်ကြီး၏ ဆန္ဒကို လက်ခံခဲ့သည်။ ၁၉၈၀ ပြည့်နှစ် မေလ ၁၆-ရက် သောကြာနေ့တွင် မဟာဝိသုတာရာမ အဓိပတိ နာယက ရှင်ဂန္ဓမာ စုတိကမ္မဇရုပ် ချုပ်တော်မူခဲ့သည်။
ပခုက္ကူ မဟာဝိသုတာရာမတိုက် အဓိပတိနာယကအဖြစ် လွှဲအပ် ခဲ့သော်လည်း ၁၉၇၈ ခုနှစ်ကပင် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ မဟာ ဝိသုတာရာမ ဓမ္မဗိမာန်၌ ပရိယတ် ပဋိပတ် ဓုရနှစ်ပါးကို ကျင့်ကြံအားထုတ်သည်။ ၁၉၇၉ ခုနှစ် ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေး အစည်းအဝေးကြီး၌ အကြံပေးအဖြစ်ပါဝင်ခဲ့သည်။ ထို့ပြင် မစိုးရိမ်ဆရာတော် ဦးဆောင်သော နိကယ်သာသနာတော် ထွန်းကားရေးအသင်း ဩဝါဒါ စရိယ၊ ရန်ကုန်မြို့ ဘုရားဖြူကျောင်းတိုက် ဝိနယာနုဂ္ဂဟအသင်း နာယက၊ ပခုက္ကူမြို့ သံဃာ့ဆေးရုံ ဂီလာနသံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့ နာယက၊ မော်လမြိုင် သုတမာ စရိယအသင်း ဩဝါဒါစရိယ၊ သထုံ သုဝဏ္ဏဘူမိ ပရိယတ္တိသာသနဟိတအသင်း ဩဝါဒါစရိယ တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရသည်။ သက်တော် ၆၃ သိက္ခာ ၄၃ ဝါရ ၁၉၉၁ ခုနှစ် မေလ ၂၇-ရက် တနင်္လာနေ့တွင် ဦးနှောက်အမှေးရောင်ရောဂါဖြင့် ရန်ကုန်မြို့ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]