ပင့်ကူထိပ်ပိတ်

အပင်မျိုးစိတ်များ

Leucas cephalotes Spreng (ပင့်ကူထိပ်ပိတ်) ပြင်ဆင်ရန်

  •  
    ပင့်ကူထိပ်ပိတ်ပင်
    Botany Term : Leucas cephalotes Spreng
  • Species/Family : Labiatae

ပုံသဏ္ဌာန် : အပင်--တစ်နှစ် ခံ အပင်ငယ် မျိုး ဖြစ်၏။ ၂ ပေ ကျော်ကျော် ခန့် မြင့်၏။ အပင် အပေါ်ပိုင်း၌ အကိုင်း အလက် အခက် အရွက် အသီး အပွင့် တို့ ပေါ်ထွက် သည်။ အောက်ပိုင်းအကိုင်းတို့ ကွေးညွှတ် လျက်ရှိ ၏။ တစ်ပင်လုံးခြုံ ကြည့်လျှင် ဘုံ ၇ ဆင့် ရှိသော ပြာသာဒ် နှင့် တူ၏။ ပင်စည်အနှံ့ အမွေးများရှိသည်။ အရွက်-- ရွက်ဆိုင် ထွက်သည်။ အလျား ၃ လက်မခန့် ရှည်ပြီး အနံ ၁ လက်မခန့် ကျယ်၏။ လှံစွပ် ပုံသဏ္ဌာန် ရှိ၏။ အဖျား ချွန် အရင်း သွယ်သည်။ ရွက်နား၌ ညီညာသော အထစ်ကလေးများ ရှိ၏။ ရွက်ညှာ တိုသည်။ အပွင့်-- ပင်လုံး ထိပ်ဖျားမှ ထွက်သော ပွင့်ခိုင် တစ်ခုစီပေါ်တွင် ပွင့်၏။ အပွင့်ဖြူကလေး များသည် ပွင့်ဖတ်အုံ အတွင်း၌ ၅၀-၁၅၀ ထိ ရှိ၏။ အဖြူရောင်ပွင့်ဖတ်ကလေးများ အဖျား ၌ အညိုရောင် ရှိသည်။ ပွင့်ဖတ်လွှာကလေး များ ကြွေကျသွားသော်လည်း ပွင့်ဖတ်အုံ ပန်းအိုးသဖွယ် ကြွင်းကျန်ခဲ့၏။ နတ်တော်၊ ပြာသို လတွင် ပွင့်၏။ အသီး-- ပွင့်ဖတ်အုံအတွင်း၌ အစေ့ကလေး များသဖွယ် ရှိ၏။ တပို့တွဲ၊ တပေါင်းတွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်း တွင် အများဆုံး တွေ့ရသည်။ ပေါက်ရောက်ပုံ-- သဘာဝအလျောက် အလေ့ ကျ ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်းများ အလိုအရ ပင့်ကူထိပ်ပိတ်သည် ပူစပ်၏။ ချို၏။ စိမ့်၏။ ငန်၏။ ဝမ်းကို သက်စေ၏။ နှုတ်ကို မြိန်စေ၏။ လေသလိပ်ကို ကြေစေ၏။ ကိုယ်တခြမ်းသေ ရောဂါ ကို ပျောက်ကင်း စေ၏။ အရွက်သည် ချို၏။ ခြောက်သွေ့၏။ သည်းခြေကို ပွားစေ၏။ ကိုယ်ရေဝါ ရောဂါ၊ ဖောရောင်ခြင်း၊ ဆီးလွန်ရောဂါ၊ အဖျားရောဂါ တို့ကို ပျောက်စေ၏။ အသုံးပြုပုံ-- အရွက်-- ၁။ မြွေကိုက်သော အနာကို ပင့်ကူထိပ်ပိတ် ရွက်သည် အထူး နိုင်နင်း၏။ ပင့်ကူ ထိပ်ပိတ် ရွက်ကြိတ်၍ ရသော အရည်ကို တိုက်ခြင်း၊ နှာခေါင်းတွင်းသို့ ထည့်ပေးခြင်းဖြင့် မြွေဆိပ်ကို ကျဆင်း ပြေပျောက် စေ၏။ ၂။ ပင့်ကူထိပ်ပိတ် ရွက်ကို ကြိတ်၍ရသော အရည်၌ ပိတ်ချင်းသီးမှုန့် အနည်းငယ် ရောသောက်သော် အကြော ၊ အဆစ်ရောင်ရောဂါ ပျောက်၏။ ၃။ အရွက်ကို ကြိတ်၍ရသော အရည်ဖြင့် လိမ်းပေးပါက ယားယံခြင်းကို ပျောက်ကင်း စေ၏။ ပဉ္စငါးပါး-- ၁။ ပဉ္စငါးပါး ကြိတ်ညှစ်ရည်တွင် ငရုတ် ကောင်းမှုန့် အနည်းငယ် ရောစပ်၍ နဖူးကို သုတ်လိမ်းပေးသော် ခေါင်းကိုက် ရောဂါ ပျောက်၏။ ၂။ ပင့်ကူထိပ်ပိတ် ကြိတ်ညှစ်ရည်တွင် လက်ချား မီးပေါက်မှုန့် ၊ ပျားရည် အနည်း ငယ် ရောစပ် တိုက်သော် သူငယ်နာ ချောင်းဆိုး ရောဂါ ပျောက်၏။ ၃။ အပင်ပြုတ်ရည်၌ လေးညှင်း ၁ ပွင့် ၂ ပွင့် ထည့်သောက်သော် အဖျားပျောက်၏။ ၄။ ကိုယ်သားကိုယ်ရေဝါသော ရောဂါ နှင့် သုက်ခန်းသောရောဂါအတွက် ပင့်ကူထိပ်ပိတ် ပင်ကို ပြုတ်သောက်ခြင်း ၊အရည်ညှစ် သောက်ခြင်း၊ အမြစ်ကိုသွေး၍ လည်းကောင်း၊ ကြိတ်ညှစ်၍ လည်းကောင်း သောက်ခြင်း၊ အရွက်၊ အပွင့် ၊အသီး တို့ကို ပြုတ်တို့၊ သုပ်စား ၊ ချက်စားခြင်းဖြင့် လည်းကောင်း ပျောက်ကင်းစေနိုင်၏။(ဆေးအဖြစ် သုံးခြင်း၌ သကြား အနည်း ငယ်စပ်၍ သုံးရ၏။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=85[လင့်ခ်သေ]