ပင်လယ်ဓားပြမှု

(ပင်လယ်ဓားပြ မှ ပြန်ညွှန်းထားသည်)

ပင်လယ် ဓားပြမှု ဆိုသည်မှာ ပုဂ္ဂလိက အုပ်စုများ (အစိုးရနှင့် ဆက်နွယ် မနေသူ) တို့က စစ်တိုက်မှုဆန်ဆန် ပြုမူ ဆောင်ရွက်ခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် ကျူးလွန်သော ဓားပြမှုနှင့် ရာဇဝတ်မှုများကို ခေါ်ဆိုခြင်း ဖြစ်သည်။

၁၈ရာစု ပင်လယ်ဓားပြ ကာလီကို ဂျက် ရက်ဟမ်ကို ဂုဏ်ပြုထားသော ဂျော်လီရော်ဂျာ အလံ

ထို အသုံးအနှုန်းတွင် ရေမျက်နှာပြင် ကျယ်ပြန့်သော နေရာ သို့မဟုတ် ကမ်းစပ်ပေါ်တွင် ပြုမူခြင်းများ ပါဝင်သည်။ သို့သော် သင်္ဘော တစ်စင်းထဲ ပေါ်တွင် အတူတူ သွားလာနေသူ အချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုကို မူ ပင်လယ်ဓားပြမှုဟု ခေါ်ဆိုသုံးနှုန်းခြင်း မရှိပေ။ (ဥပမာ သင်္ဘောတစ်စင်းတည်း အတူတူ သွားနေသူ အချင်းချင်း ပစ္စည်းခိုးခြင်း။) ထို အသုံးအနှုန်းမှာ နိုင်ငံ၏ နယ်စပ်တွင် အစိုးရ မဟုတ်သော အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုများကို ရည်ညွှန်းသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

ပြင်ဆင်ရန်

၁၉၈၂ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ သဘောတူညီချက် အရ ပင်လယ်ဓားပြမှု ဆိုသည်မှာ ပုဂ္ဂလိကပိုင် သင်္ဘောတစ်စင်း သို့မဟုတ် လေယာဉ်ပျံတစ်စင်းမှ မှ ယာဉ်ဝန်ထမ်း သို့မဟုတ် ခရီးသည် မှနေ၍ ပင်လယ်ပြင်တွင် အခြားသင်္ဘောတစ်စင်း သို့မဟုတ် လေယာဉ်တစ်စင်း နှင့် ယာဉ်ပေါ်တွင် ပါရှိသော လူ သို့မဟုတ် ပစ္စည်းဥစ္စာကို ကြမ်းတမ်းစွာ ပြုမူခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လိုက်လံဖမ်းဆီးခြင်း ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပင်လယ်ဓားပြမှု ကို သင်္ဘော၊ လေယာဉ်၊ လူ သို့မဟုတ် ပစ္စည်းကို နိုင်ငံတနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု ပြင်ပတွင် ကျူးလွန်နိုင်သည်။ အမှန်တကယ်တွင် ပင်လယ်ဓားပြမှုသည် နိုင်ငံတကာနှင့် ဆိုင်သော ပထမဆုံး ဥပဒေပင် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ယနေ့ခေတ်တွင် ပင်လယ်ဓားပြများအား တရားဥပဒေ လမ်းကြောင်းဖြင့် တရားစွဲဆိုရန် အတွက် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင် နေရသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
တူနီးရှား နိုင်ငံရှိ ရောမ ထရိုင်ရင်းမ် စစ်သင်္ဘော၏ ပုံတူ ကြွေပန်းပု

သမုဒ္ဒရာများကို ကုန်သွယ်ရန် အတွက် စတင် အသုံးပြုချိန် ကပင် ပင်လယ်ဓားပြမှု စတင်ဖြစ်ပေါ်ခဲ့သည်ဟု သဘာဝကျစွာပင် ယူဆနိုင်သည်။ ပထမဆုံး မှတ်တမ်းတင်ထားသော ဓားပြမှုမှာ အေဂျင်ပင်လယ်နှင့် မြေထဲပင်လယ်တွင် ဘီစီ ၁၃ ရာစုက ပင်လယ်ပျော်များက စတင်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သမိုင်းကြောင်းအရ အီလီရီယန် နှင့် တိုင်ရီနီယန်တို့ကို ပင်လယ်ဓားပြများ အဖြစ်သတ်မှတ်ခဲ့ပြီး ရောမသားများနှင့် ဂရိတို့လည်း ပါဝင်သည်။ လမ်နော့စ်ကျွန်းသည် ဂရိတို့၏ လွှမ်းမိုးမှု ကို နှစ်ပေါင်းများစွာ တွန်းလှန်ခဲ့ပြီး သယာရှန် ပင်လယ်ဓားပြများ အတွက် ကွန်းခိုရာ ဖြစ်ခဲ့သည်။ ဖိုနီးရှန်းများသည် သူတို့၏ ပင်လယ်ရွက်လွှင့် ခရီးစဉ်များတွင် ပင်လယ်ဓားပြမှုကို ကျူးလွန်ခဲ့ပြီး အထူးသဖြင့် ကောင်လေးနှင့် ကောင်မလေးများကို ကျွန်အဖြစ် ရောင်းစားရန် အတွက် ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့ကြသည်။

ဘီစီ ၃ရာစုတွင် ပင်လယ်ဓားပြတို့က အိုလမ်ပို့စ် (အနာတိုလီးယားရှိမြို့) ကို တိုက်ခိုက်ခြင်းဖြင့် ထိုမြို့ကို မွဲပြာကျသွားစေခဲ့သည်။ ရှေးခေတ် ပင်လယ်ဓားပြများတွင် အထင်ရှားဆုံးမှာ အီလီရီယန်များ ဖြစ်ကြပြီး သူတို့သည် အနောက် ဘော်လ်ကန်ကျွန်းဆွယ်တွင် ကျက်စားခဲ့ကြသည်။ အေဒရီယားတစ် ပင်လယ်ကို အမြဲတစေ တိုက်ခိုက်ခြင်းဖြင့် အီလီရီယန်တို့သည် ရောမနိုင်ငံနှင့် ပဋိပက္ခများစွာ ဖြစ်ခဲ့သည်။ ဘီစီ ၁၆၈ ခုနှစ်တွင် ရောမတို့က အီလီရီးယားကို အောင်မြင်နိုင်ခဲ့ပြီး သူတို့နိုင်ငံအတွင်း သွတ်သွင်းခဲ့ခြင်းအားဖြင့် တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။

ဘီစီ ၁ ရာစုတွင် အနာတိုလီယန် ကမ်းရိုးတန်းတွင် ပင်လယ်ဓားပြတို့ ကျက်စားခဲ့ကြပြီး ရောမအင်ပိုင်ယာ၏ မြေထဲပင်လယ် အရှေ့ပိုင်း ကုန်သွယ်မှုများကို ခြိမ်းခြောက်ခဲ့သည်။ ဘီစီ ရ၅ ခုနှစ်တွင် အေဂျင်ပင်လယ်ကို ဖြတ်ကူးသော ခရီးစဉ် တစ်ခုတွင် ဂျူးလိယက်ဆီဇာ သည် ဆီလီရှန် ပင်လယ်ဓားပြတို့၏ ပြန်ပေးဆွဲခံခဲ့ရပြီး ဖာမာကူဆာရှိ ဒိုဒီကန်နိစ်ကျွန်းတွင် အကျဉ်းသား အဖြစ် ဖမ်းဆီးထားခြင်း ခံခဲ့ရသည်။ သူသည် ဖမ်းဆီးထားခံရစဉ် တလျှောက်တွင် မာန် လုံးဝ မချပဲ ဟန်မပျက် ပျော်ရွှင်စွာ နေခဲ့သည်။ ပင်လယ်ဓားပြတို့က ရွှေ ၂၀ တဲလင့်ဖြင့် ရွေးယူရန် တောင်းဆိုမည်ဟု ဆိုသော အခါတွင် ဂျူးလိယက်ဆီဇာက သူ့အနေနှင့် အနည်းဆုံး ၅၀ တဲလင့် တန်သည်ဟု ဆိုသဖြင့် ပင်လယ်ဓားပြတို့က ၅၀ တဲလင့်ဖြင့် ရွေးယူရန် တောင်းဆိုခဲ့သည်။ ဂျူးလိယက်ဆီဇာကို ၅၀ တဲလင့်ဖြင့် ရွေးယူ၍ လွှတ်လိုက်သော အခါတွင် ဂျူးလိယက်ဆီဇာက သင်္ဘောတစ်စင်းဖြင့် ပင်လယ်ဓားပြများကို လိုက်လံဖမ်းဆီးပြီး သတ်ပစ်ခဲ့သည်။

ပွမ်ပေမှ ဆီးနိတ်က ပင်လယ်ဓားပြမှုများကို နှိမ်နင်းရန် အတွက် ဘီစီ ၆၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီး ၃ လကြာ ရေကြောင်းတိုက်ပွဲများဖြင့် ပင်လယ်ဓားပြရန်ကို ချေမှုန်းနိုင်ခဲ့သည်။

အစောဆုံး အေဒီ ၂၅၈ တွင် ဂေါသစ်-ဟာကျူလစ် သင်္ဘောစုများမှ ပင်လယ်နက်နှင့် မာမယာပင်လယ် ကမ်းရိုးတန်းရှိ မြို့များကို တိုက်ခိုက်ဖျက်စီးခဲ့သည်။ အေဂျင်ကမ်းရိုးတန်းမှာလည်း အလားတူ တိုက်ခိုက်မှုများကို နှစ်အနည်းငယ် အကြာတွင် ခံခဲ့ရသည်။ ၂၆၄ ခုနှစ်တွင် ဂေါ့သ် တို့သည် ဂါလာတီယာနှင့် ကက်ပါဒိုဆီယာသို့ ရောက်ရှိခဲ့ပြီး ဂေါသစ် ပင်လယ်ဓားပြများမှာ ဆိုက်ပရပ်စ် နှင့် ခရီးတီးသို့ ခြေချခဲ့ကြသည်။ ထိုအတောအတွင်းတွင် ဂေါ့သ်တို့သည် ရတနာ အမြောက်အမြားကို သိမ်းဆည်း ရယူခဲ့ပြီး လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကြသည်။

အေဒီ ၂၈၆ တွင် ဂေါ့သ်လူမျိုး ရိုမန် စစ်ဦးစီးမှူး ကာရောစီးယပ်စ်ကို ကလပ်စစ် ဘရစ်တန်နီကာ တပ်ကို ဦးစီးစေခဲ့ပြီး အာမောရီကာ နှင့် ဘယ်ဂျစ်ဂေါလ် ကမ်းရိုးတန်းများကို စီးနင်း တိုက်ခိုက်နေသော ဖရန့်ကစ်ရှ် နှင့် ဆက်ဆွန် ပင်လယ်ဓားပြများကို သုတ်သင်ရန် တာဝန်ပေးအပ်ခဲ့သည်။

ရိုမန်၏ နယ်မြေဖြစ်သော ဘရစ်တန်နီယာတွင် စိန့်ပက်ထရစ်သည် အိုင်းရစ်ရှ် ပင်လယ်ဓားပြတို့၏ ဖမ်းဆီး ကျွန်ပြုခြင်းကို ခံခဲ့ရသည်။

အစောပိုင်း ပိုလီနီးရှန်း စစ်သူရဲတို့သည် ပင်လယ်ကမ်းစပ်နှင့် မြစ်ကမ်းစပ်ရှိ ရွာများကို တိုက်ခိုက်လေ့ ရှိသည်။ သူတို့သည် သူတို့ အရေးမလှပါက ဆုတ်ခွာနိုင်ရန် တိုက်ပြီးလျှင် ပြေးသည့် စနစ်ကို ကျင့်သုံးခဲ့သည်။

အလယ်ခေတ်မှ ၁၉ရာစု အထိ

ပြင်ဆင်ရန်

အလယ်ခေတ် ဥရောပတွင် အထင်ရှားဆုံးနှင့် ကျက်စားရာ နယ်မြေ အကျယ်ပြန့်ဆုံး ပင်လယ် ဓားပြများမှာ ဗိုက်ကင်းခေတ်နှင့် အလယ်ခေတ် အစောပိုင်း ၇၈၃ မှ ၁၀၆၆ အထိ တိုက်ခိုက်ကျက်စားခဲ့သော စကင်ဒီနေဗီးယားမှ ဗိုက်ကင်းဟု ခေါ်သော လုယုစစ်တိုက်သူများ ဖြစ်သည်။ သူတို့သည် ကမ်းရိုးတန်းများ၊ မြစ်များနှင့် အနောက် ဥရောပရှိ ကုန်းတွင်းပိုင်းမြို့များကို ဆီဗေးသို့ ရောက်သည် အထိ တိုက်ခိုက်ခဲ့ကြပြီး ၈၄၄ ခုနှစ်တွင် နော့စ်တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဗိုက်ကင်းတို့သည် မြောက်အာဖရိက ကမ်းရိုးတန်းနှင့် အီတလီ ကမ်းရိုးတန်းများကိုပင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ဘောလတစ်ပင်လယ်၏ ကမ်းရိုးတန်းများကို တိုက်ခိုက်လုယူခဲ့ကြပြီး အရှေ့ဥရောပ၏ မြစ်များတလျှောက် ပင်လယ်နက်နှင့် ပါရှား အထိပင် သက်ဆင်းခဲ့ကြသည်။ အလယ်ခေတ်တွင် ဥရောပ၌ အုပ်ချုပ်ရေး အာဏာ တကွဲတပြား ဖြစ်နေခြင်းက ပင်လယ်ဓားပြတို့ကို အားသာမှု ဖြစ်စေခဲ့သည်။

ထိုအချိန် အတွင်းတွင် မြေထဲပင်လယ်၌ မွတ်စလင် ပင်လယ်ဓားပြတို့ ထင်ရှားခဲ့သည်။ ၉ ရာစု ကုန်သည် အထိ မွတ်စလင် ပင်လယ်ဓားပြတို့၏ ကျက်စားရာမှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းနှင့် အီတလီနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း တလျှောက်တို့ဖြစ်သည်။ ၈၄၆ ခုနှစ်တွင် မွတ်စလင် တိုက်ခိုက်သူများသည် ရောမကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗာတီကန်ကို ဖျက်ဆီးခဲ့သည်။ ၉၁၁ တွင် ဖရက်ဆီနက်မှ မွတ်စလင်များ အယ်လ်ပ် တောင်တန်း ဖြတ်သန်းသည့် နေရာများကို ချုပ်ကိုင်ထားမှုကြောင့် ဘစ်ရှော့ နာဘွန်းသည် ရောမမှ အီတလီသို့ ပြန်နိုင်ခြင်း မရှိခဲ့သည်။ မွတ်စလင် ပင်လယ်ဓားပြများသည် ၁၀ ရာစုတွင် ဘယ်လီရစ် ကျွန်းများကို အခြေပြု၍ လှုပ်ရှားခဲ့သည်။ ၈၂၄ မှ ၉၆၁ အထိ အာရပ် ပင်လယ်ဓားပြတို့သည် မြေထဲပင်လယ် တစ်ခုလုံးကို စီးနင်း တိုက်ခိုက်ခဲ့သည်။

ယခုခေတ်တွင် ပင်လယ်နီနှင့် အာဖရိကဦးချိုဒေသတွင် ဆိုမာလီပင်လယ်ဓားပြများ သောင်းကျန်းလျက်ရှိကြသည်။ ထို့ကြောင့် အချို့ကုန်တင်သင်္ဘောကြီးများသည် အာဖရိကတိုက်ကြီးအား ဂွတ်ဟုပ်အငူမှပတ်သည့်လမ်းဟောင်းကို အသုံးပြုလာကြသည်။

အာရှတိုက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှတွင် ပေါ်တူဂီပင်လယ်ဓားပြများနှင့် ရခိုင်ပင်လယ်ဓားပြများနာမည်ကြီးခဲ့ကြသည်။ ယခုခေတ်တွင် အရှေ့တောင်အာရှ ဆူမတြားကျွန်းနှင့်ဘော်နီယိုကျွန်းတဝိုက်တွင် အင်ဒိုနီးရှားပင်လယ်ဓားပြများသောင်းကျန်းကြသည်။ ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသည် မလ္လကာရေလက်ကြားကို ရှောင်လွှဲနိုင်ရန် အိန္ဒိယသမုဒ္ဒရာကမ်းခြေ မြန်မာနိုင်ငံ ထားဝယ်မြို့မှ ပစိဖိတ်သမုဒ္ဒရာကမ်းခြေ ဗီယက်နမ်နိုင်ငံဒါနန်းမြို့သို့ ရထားလမ်းဖောက်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ပင်လယ်ဓားပြရန်ကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို မာလာယုကျွန်းဆွယ်မှ ဖြတ်သန်းခြင်းမပြုတော့ဘဲ မြန်မာနိုင်ငံမှဖြတ်လျက် ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်လျက်ရှိသည်။

အရှေ့အာရှ

ပြင်ဆင်ရန်

အရှေ့အာရှတွင် ဂျပန်ပင်လယ်ဓားပြများ နာမည်ကြီးခဲ့သည်။

အရှေ့ဥရောပ

ပြင်ဆင်ရန်

အာဖရိကမြောက်ပိုင်း

ပြင်ဆင်ရန်

ကာရစ်ဘီယန်

ပြင်ဆင်ရန်