သီရိမဟာသုစန္ဒာဒေဝီ ဘွဲ့ခံ ပင်းတလဲမြို့စားမင်းသမီးသည် ပဉ္စမသံဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ ပထမအနောက်နန်းမိဖုရား ဖြစ်သည်။

ဘဝကနဦး ပြင်ဆင်ရန်

နောင် ပင်းတလဲမင်းသမီးဖြစ်လာမည့် သမီးတော်ကို သာယာဝတီမင်းနှင့် မြောက်ဆောင်တော် ကနောင်မိဖုရားတို့က ဖွားမြင်သည်။ မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၈၄၀ ပြည့်နှစ် ဇူလိုင်လ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် ခမည်းတော်ဘုရား၏ ဥကင်တော်ဖွင့်မင်္ဂလာအခမ်းအနားတွင် သီရိသုမလ္လာဝတီဘွဲ့ဖြင့် ပင်းတလဲမြို့ကို စားကျေးချီးမြှင့်ခံရသည်။ ပုဂံမင်းလက်ထက်တွင် သီရိရတနာသုစန္ဒာဒေဝီဘွဲ့ဖြင့် ပင်းတလဲမြို့ကိုပင် စားရသည်။

မိဖုရားဘဝ ပြင်ဆင်ရန်

၁၈၅၃ ခုနှစ် မတ်လ ၂၆ ရက်တွင် မင်းတုန်းမင်းက ခမည်းတော်ဘုရား၏ သမီးတော် ပင်းတလဲမြို့စားမင်းသမီးကို အနောက်နန်းမိဖုရားအဖြစ် တင်တော်မူသဖြင့် ပထမအဆင့်ရှိ နန်းရမိဖုရားတစ်ပါး ဖြစ်လာခဲ့သည်။ ၁၈၅၄ ခုနှစ် ဇွန်လ ၁၆ ရက်၊ မင်းတုန်းမင်း၏ ဥကင်တော်ဖွင့်မင်္ဂလာတွင် သီရိမဟာသုစန္ဒာဒေဝီဘွဲ့တော် ချီးမြှင့်ခံရသည်။

၁၈၅၅ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ညဉ့်လေးချက်တီးကျော် ငါးနာရီ ပါဒ်ပြည့် နှစ်ဗီဇနာ သုံးပြန်အချိန် (စက်နာရီ နံနက် ၈:၀၇ နာရီခန့်) တွင် သားတော်တစ်ပါး ဖွားမြင်ပြီး၊ ထိုနေ့ ညဉ့်တစ်ချက်တီးကျော် ခြောက်နာရီ ပါဒ်ပြည့်အချိန် (စက်နာရီ ည ၁၀:၃၀ နာရီခန့်) တွင် သမီးတော်တစ်ပါး ဖွားမြင်သည်။ သို့သော် သားတော်မှာ နှစ်ရက်အကြာ ဇွန်လ ၂၉ ရက် နေ့ သုံးချက်တီးကျော် တစ်နာရီ (စက်နာရီ ညနေ ၃:၂၄ နာရီခန့်) တွင် ကွယ်လွန်ပြီး၊ သမီးတော်မှာ မွေးသည့်နေ့ ညဉ့် သုံးချက်တီးကျော် လေးနာရီ (စက်နာရီ နံနက် ၄:၁၂ နာရီခန့်) တွင် ကွယ်လွန်သည်။

အနိစ္စရောက်ခြင်း ပြင်ဆင်ရန်

ပင်းတလဲမင်းသမီးသည် ၁၈၅၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် စံရင်းစွဲ အနောက်နန်းတ​ော်ဆောင်၌ ကံတော်ကုန်သည်။ အလောင်းတော်ကို ဘိုးတော်ဘုရားလက်ထက် အနောက်နန်းတော်မိဖုရား ကံကုန်ရာ သင်္ဂြိုဟ်သည့်နည်းအတိုင်း အခမ်းအနား စီစဉ်ဆောင်ရွက်ပြီး၊ မင်းတုန်းမင်းနှင့် စကြာဒေဝီ မိဖုရားခေါင်ကြီးတို့ ရွှေဝေါတော်စီး၍ ထွက်တော်မူကာ အိမ်ရှေ့မင်းနှင့် မိဖုရား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်အပေါင်းနှင့် သင်္ဂြိုဟ်တော်မူသည်။ လစ်လပ်သွားသော အနောက်နန်းမိဖုရားနေရာကို ညီမတော် ယင်းခဲမင်းသမီးက ဆက်ခံသည်။

ကျမ်းကိုး ပြင်ဆင်ရန်

  • မောင်မောင်တင်၊ ဦး (စက်တင်ဘာ ၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးဒု၊ တ။ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်။ ရာပြည့်စာအုပ်တိုက်။