ပညာဇောတ၊ ဦး (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

ငါဘယ်သူလဲ
ဦးပညာဇောတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မွေးသက္ကရာဇ် ၁၂၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၊ ၁၀ ရက်၊ (ကြာသပတေးနေ့)
နိုင်ငံ မြန်မာ
အမည်ရင်း
မိဘအမည် ဦးအောင်ဆေး+ ဒေါ်ရွေမှုံ
မွေးဖွားရာ ဒေသ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တတ်အုပ်စု၊ အင်တိုင်းရွာ
ထင်ရှားကျော်ကြားမှု နိုင်ငံတော် ဩဝါဒစရိယ

ဆရာတော်လောင်းလျာသည် ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ် ကွေ့တတ်အုပ်စု အင်တိုင်းရွာ ခမည်းတော် ဦးအောင်ဆေး၊ မယ်တော် ဒေါ်ရွှေမှုံတို့မှ ၁၂၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀ ရက် (ကြာသပတေးနေ့)တွင် ဖွားမြင်တော်မူသော သားရတနာ တစ်ပါး ဖြစ်သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း ပြင်ဆင်ရန်

ဆရာတော် လောင်းလျာသည် ၁၂၉၆ ခုနှစ် တပို့တွဲလတွင် ကွေ့တက်ကျောင်း ဆရာတော် ဦးကေသရကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၀ ပြည့်နှစ် တပေါင်းလပြည့်နေ၌ ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကွေ့တက်ကျောင်းဆရာတော် ဦးကေသရကိုပင် ဥပဇ္ဈာယ်ပြု၍ ယင်းကျောင်းခဏ္ဍသိမ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်လျောင်းလျာသည် ပဲခူးတိုင်း(အနောက်ပိုင်း) သဲကုန်းမြို့ ထန်ရင်းကျောင်းဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော် ဘဒ္ဒန္တ ပညာ၊ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇနိယတို့ထံ ပိဋကတ်ကျမ်းစာများကို သင်ယူ ဆည်းပူးတော်မူခဲ့သည်။

စာပေပို့ချခြင်းနှင့် သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် သဲကုန်းမြို့နယ်အတွင်း၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပို့ချသင်ကြားနိုင်အောင် ဆောင်ရွက်ခဲ့ခြင်း၊ အဘိဓမ္မာစာမေးပွဲများ ဖြေဆိုနိုင်အောင် ကျောင်းသားကျောင်းသူ တစ်ရာကျော်တို့အား ၂၁ နှစ်တိုင်တိုင် သင်ကြား ပို့ချပေးခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် ပထမအကြိမ်၌ မြို့နယ်သံဃာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌတာဝန်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်တို့၌ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ စ၍ နိုင်ငံတော် ဩဝါဒစရိယအဖြစ်လည်းကောင်း သာသနာရေးဆိုင်ရာ ကိစ္စများကို အားပေးဆောင်ရွက်တော်မူခဲ့သည်။

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း ပြင်ဆင်ရန်

ဤသို့လျှင် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်တော်မူပြီး လဇ္ဇီပေသလ သိက္ခာကာမ ပရိယတ္တိဝိသာရဒ စသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက ၁၃၆၆ ခု၊ ခရစ်နှစ်၂၀၀၅ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်ကြီးသည် သာသနာအကျိုး သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါအရ၊ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ ၂၂-၁၁-၂၀၁၀ (တနင်္လာနေ့) နံနက် ၅ နာရီ၊ မိနစ် ၃၀ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းကို မြန်မာနိုင်ငံ သာသနာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Myanmar.com။ 2 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 November 2010 တွင် ပြန်စစ်ပြီး။