ပဋိက္ခရားမင်းသား
ပုဂံခေတ် မြန်မာနိုင်ငံ ကျန်စစ်သားမင်းလက်ထက် ကျန်စစ်သားမင်း၏ သမီးတော် ရွှေအိမ်စည် နှင့် ရည်ငံခဲ့သည် ဆိုသော ဒဏ္ဍာရီဆန်သည့် အမျိုးသားတဦးဖြစ်သည်။
ပဋိက္ခရားပြည်
ပြင်ဆင်ရန်ပဋိက္ခရားမင်းသား အမှန်တကယ် ရှိ၊ မရှိ သုတေသနပြုရန် လိုသေးသော်လည်း ပုဂံခေတ်က ပုဂံနိုင်ငံက လက်အောက်ခံအဖြစ် သိမ်းယူခံသည့် ဒေသများထဲတွင်မူ ပဋိက္ခရား အမည်ဖြင့် နယ်ပယ်ဒေသတခု ပါဝင်နေခဲ့သည်။[၁][၂] အဆိုပါဒေသမှာ ယနေ့ ဘင်္ဂလားဒေ့ရှိ နိုင်ငံ အနောက်ပိုင်း စစ်တကောင်းပြည်နယ် တည်ရှိရာ နေရာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က အဆိုပါ နေရာကို ပါတီကေရာ ဟု ခေါ် ဆိုကြရာ သရေခေတ္တရာ နှင့် ပုဂံသားတို့က ပဋိက္ခရားပြည်ဟု အသံထွက်ခဲ့ကြသည်။ [၃]
ရှေးဟောင်းစာပေများတွင် လူမျိုး တရာ့တပါး ရေတွက်ရာတွင် ကုလားအမျိုး ခြောက်ဆယ်တွင် ပဋိက္ခရားကို လူမျိုးတမျိုးအဖြစ် ထည့်သွင်းရေတွက်သည်ကိုလည်း တွေ့ရသည်။ [၄]
အလောင်းစည်သူ ကို ဆက်ခံသော နရသူမင်း လက်ထက်တွင် ပဋိက္ခရားဘုရင်က ဆက်သထားော ပဋိက္ခရားမင်းသမီး (မိဖုရား) ကို ကွပ်မျက်သဖြင့် ပဋိက္ခရားဘုရင်က လူလွှတ် လုပ်ကြံစေသဖြင့် ကွယ်လွန်ကြောင်းဆိုသည်။ [၅] [၆]
ပဋိက္ခရားမင်းသားဇာတ်လမ်း
ပြင်ဆင်ရန်အဆိုပါ ဒဏ္ဍာရီလာ ပဋိက္ခရားမင်းသားသည် ပဋိက္ခရားပြည်မှ ပုဂံပြည်သို့ ကုန်သွယ်ရန် လာရောက်လေ့ ရှိသူဖြစ်သည်။ ထိုအချိန်က ပုဂံမြို့ ဆိပ်ကမ်း၏ အကောက်ခွန်များကို တာဝန်ယူကြီးကြပ်ရသူမှာ ပုဂံဘုရင် ကျန်စစ်သားမင်းကြီး နှင့် အပါယ်ရတနာ မိဘုရားတို့၏ သမီးအလိမ္မာ ရွေအိမ်စည် မင်းသမီးပင်ဖြစ်သည်။ ကုန်သည် နှင့် အကောက်ခွန်ဝန်ထမ်းတို့ မှာ အလုပ်သဘောအရ အသွားအလာ အဆက်အဆံ ရှိကြရာ ပဋိက္ခရား နှင့် ရွှေအိမ်စည်တို့၏ ဇာတ်လမ်းအစပင် ဖြစ်လေသည်။
ကျန်စစ်သားမင်းသည် မိမိ လက်အောက်ခံ အစွန်အဖျားနိုင်ငံတခု၏ မင်းသား နှင့် သမီးတော်ကို သဘောမတူနိုင်ခဲ့ပေ။ ပဋိက္ခရားမင်းသားသည် ပဋိက္ခရားပြည် ခေတ္တ ပြန်နေခိုက် သမီးရွှေအိမ်စည် ကို နီးစပ်သည့် မင်းမျိုးမင်းနွယ်ဖြစ်သော စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် အတင်းအကြပ် လက်ဆက်ပေးခဲ့သည်။
ပဋိက္ခရားမင်းသားသည် ပြဒါးရှင်လုံး တလုံး ပိုင်ဆိုင်၍ အဆိုပါ ပြဒါးရှင်လုံးကို ပါးစပ်တွင် ငုံထားပြီးလျင် ကောင်းကင်၌ ပျံသန်း သွားလာနိုင်သူဖြစ်သည်။
မိမိနေရပ်မှ ပုဂံသို့ ကောင်းကင်ခရီးဖြင့် ပြန်လာသော ပဋိက္ခရားမင်းသားသည် လမ်းခုလပ်တွင် အဘိညာဉ်ရ ရဟန္တာတပါးဖြစ်သည် ရှင်အရဟံ မထေရ်မြတ်သည် မင်္ဂလာဆွမ်းစားပြီး ပြန်လည်ကြွချီလာသည် နှင့် တွေ့ဆုံခိုက် မိမိချစ်သူ၏ မင်္ဂလာသတင်းကို ကြားရလေသည်။ မျေှာ်လင့် မထားသော သတင်းဆိုးက မင်းသားကို ပါးစပ် အဟောင်းသားဖြစ်စေကာ အာခံတွင်းမှ ပြဒါးရှင်လုံး ထွက်ကျကာ မင်းသားလည်း ကောင်းကင် အမြင့်မှ ပြုတ်ကျ ကွယ်လွန်ရှာသည်။ မင်းသား ရုပ်အလောင်းမှာလည်း တောနက်အတွင်း ဝါးရုံပင်ကြား ညပ်ကာပျောက်ဆုံးခဲ့တော့သည်။
ကွယ်လွန်သူ ပဋိက္ခရားမင်းသားသည် ကျန်စစ်သား မြေးတော် အလောင်းစည်သူအဖြစ် ပြန်လည်ဝင်စားခဲ့သည်။
ဘဝဟောင်းက ဥတုဇ ရုပ်ကလာပ်၏ ဦးခေါင်းမှာ ဝါးရုံပင်ကြား ညပ်နေကာ လေတိုက်လျင် ဝါးပင်တို့က ဦးခေါင်းခွံကို ကျိတ်ချေသဖြင့်မွေးကင်းစ အလောင်းစည်သူ မင်းသားငယ်လေးမှာ ခေါင်းခဲဝေဒနာ ပြင်းစွာခံစားရပြီး သည်းထန်စွာ ငိုကျွေးရလေသည်။ တောထဲမှ ဝါးရုံပင် လေတိုက်၍ လှုပ်ခပ်သည့် အခါတိုင်း ဦးခေါင်းကိုက်ခဲ ငိုကျွေးရသော မင်းသားငယ် မှာ နန်းတွင်းသမားတော်တို့ အတွက် အဖြေ ရှာမရသော ပုစ္ဆာတပုဒ်ဖြစ်လာခဲ့သည်။
နောက်ဆုံး အဘိညာဉ်ရ ရဟန္တာမြတ်၏ ညွှန်ပြမှုဖြင့် အကြောင်းရင်းကို သိရှိရပြီး တောတွင်းမှ ပဋိက္ခရားမင်းသား ရုပ်ကလာပ်ကို ရှာဖွေ ကာ ကောင်းမွန်စွာ ဂူသွင်း သင်္ဂြိုဟ်စေခဲ့သည်။
ထိုအခါတွင်မှ မင်းသားငယ်လေး၏ ဝေဒနာမှာ သက်သာရာ ရလေသည်။
ပဋိက္ခရားမင်းသား၏ ပြဒါးရှင်လုံး အကြောင်းမှာ ဇာတ်လမ်းထဲတွင် မပါတော့ ပဲ ပျောက်ဆုံးနေသော ပဟေဠိအဖြစ် ယနေ့တိုင် ရှိနေဆဲ ဖြစ်ပေသည်။ [၇]
ထင်ပေါ်ကျော်ကြား ပဋိက္ခရားမင်းသား
ပြင်ဆင်ရန်အမှန်တကယ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံလူထု အကြားတွင်တော့ ပဋိက္ခရားမင်းသား အကြောင်း အိပ်ရာဝင်ပုံပြင်ကို ဘိုးစဉ် ဘောင်ဆက် လက်ဆင့်ကမ်း ပြောကြားလာခဲ့ကြသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
သဘင့်ဥသျှောင် ဂရိတ်ဦးဖိုးစိန်၏ အဆက်အနွယ် စိန်မဟာသဘင်မျိုးဆက်တို့၏ 'ပဋိက္ခရားမင်းသား နှင့် ရွှေအိမ်စည်' ဇာတ်ထုတ် မှာ အထူးပင် လူကြိုက်များခဲ့ကာ ခေတ် အဆက်ဆက် စိန်မဟာသဘင် မျိုးဆက်များ လက်ဆင့်ကမ်း ကပြရသည်အထိ နာမည်ကြီးလှသည်။ [၈]
ဒဏ္ဍာရီပါ နေရာဒေသများ
ပြင်ဆင်ရန်တောတွင်းမှ ပဋိက္ခရားမင်းသား ရုပ်ကလာပ်ကို ရှာဖွေရန် ရဟန္တာမထေရ် ညွှန်ပြခဲ့သော နေရာမှာ ထိုအချိန်က တော အလွန် နက်ပြီး လူသူ အရောက် အပေါက် နည်းရာ ဒေသဖြစ်ခဲ့သည်။ ပုဂံဘုရင့် ရဲမက်တို့မှာ လူစု မကွဲရန် တဦးနှင့် တဦး လက်ချင်း ချိတ်ဆက် ရှာဖွေကြရလေသည်။ အဆိုပါနေရာတွင် လက်ဆက်ရွာ အမည်ဖြင့် ရွာတည်နေထိုင်ခဲ့ကြရာ ယခုအခါ ကာလ ရွေ့လျားပြီး လက်ဆည်ရွာ အမည်ဖြင့် ရွာကြီးဆက်လက် တည်ရှိနေပါသည်။[၉]
ပဋိက္ခရားမင်းသားအုတ်ဂူ
ပြင်ဆင်ရန်ပုဂံရာဇဝင်၏ ဒဏ္ဍာရီမင်းသား ပဋိက္ခရားအုတ်ဂူဟု ကမ္ပည်းထိုးထားသော အုတ်ဂူကြီးတလုံးကို မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ရွာမ(မြောက်)ရွာ အလိုတော်ပေါက်ဘုရား ကုန်းတော် ခြေရင်းတွင် တွေ့ရှိရသည်။[၇] မူလ အုတ်ဂူမှာ ပျူခေတ်၊ ပုဂံခေတ် အုတ်ချပ်ကြီးများဖြင့် ပြုလုပ်ထားပြီး ပျက်စီးကာ ဘုရားဂေါပကအဖွဲ့ က ပြန်လည်ပြင်ဆင်ထားသဖြင့် ရှေးဟောင်းအထောက်အထား ရယူရန် ခက်ခဲသွားရသည်။ အဆိုပါနေရာမှာ ပုဂံမြို့ဟောင်း အနောက်တောင်ဘက် အဖြောင့်တိုင်း ကိုးမိုင်ကျော် ဆယ်မိုင်နီးပါး အကွာအဝေးတွင် ရှိနေသည်။
လက်ဆည်ရွာ
ပြင်ဆင်ရန်ပဋိက္ခရားမင်းသားအလောင်းကို ကျန်စစ်သား၏ ရဲမက်များ တောအတွွွင်း လက်ချင်းဆက်၍ ရှာဖွေခဲ့သော အရပ်တွင် လက်ဆည် အမည်ရ ရွာကြီးမှာလည်း ဆိပ်ဖြူမြို့နယ်အတွင်း ယနေ့တိုင် ရှိနေသည်။ အဆိုပါရွာမှာ ပုဂံမြို့ဟောင်း အနောက်တောင်ဘက် ၁၃ မိုင်ခန့် အကွာ အလိုတော် ေါက်ဘုရားမှ သုံးမိုင်ခန့် တွင် ရှိနေပါသည်။
ရှေးခေတ်ပုဂံဆိပ်ကမ်း
ပြင်ဆင်ရန်ပုဂံမင်းနေပြည်တော် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ကုန်သည်လေး ပဋိက္ခရား နှင့် ဘုရင့်သမီးတော် အခွန်မှူး မင်းသမီး ရွှေအိမ်စည် တို့ စတင်ဆုံတွေ့ခဲ့ကြရာ ထိုခေတ် ထိုအချိန်က ပုဂံဆိပ်ကမ်း နေရာမှာ ယခုအခါ ဗူးဘုရား ဆိပ်ကမ်း နေရာဖြစ်ပါသည်။ (ကိုးကားလို)
ရည်ညွှန်းကိုးကား
ပြင်ဆင်ရန်- ↑ စစ်တောင်းဧရာ၊ သံလွင်နဲ့ ကုလားတန်မြစ်ဝှမ်းက နိုင်ငံရေးစက်ဝိုင်းများ၊ ဘီဘီစီ မြန်မာပိုင်း၊ ၂၉ ဇန္နဝါရီ ၂၀၂၂ [၁]
- ↑ သမိုင်းဝင်မြန်မာ အိန္ဒိယလူမျိုးများ(၃) ၊ အိုရီဆာ [၂]
- ↑ ဗမာဘယ်ကစလဲ ၊ ဒေါက်တာကိုကိုကြီး၊ Wordpress Post
- ↑ လူမျိုး ၁၀၁ ပါး [၃]
- ↑ နရသူမင်း [၄]
- ↑ နရသူ (ပုဂံ)
- ↑ ၇.၀ ၇.၁ ဆိပ်ဖြူမြို့နယ် အလိုတော်ေါက်ဘုရားသမိုင်း၊ ဘုရားေါပကအဖွဲ့
- ↑ ဂရိတ်ဖိုးစိန်၏ မျိုးဆက် ဇာတ်မင်းသားကြီး ညီဝင်းစိန် ကွယ်လွန်၊ ဧရာဝတီသတင်း၊ ၂၇ ဧပြီ ၂၀၂၂ [၅]
- ↑ ဆိပ်ဖြူမြို့နယ် လက်ဆည်ရွာ သမိုင်း