ပထမကထိနသိက္ခာပုဒ် သည် မြတ်စွဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[၁]

သမိုင်းပြင်ဆင်

မြတ်စွာဘုရားသည် ဝေသာလီမြို့၊ ဂေတမကစေတီ ‘နတ်ကွန်း’ ၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား တိစီဝရိက် “သင်္ကန်းသုံးထည်” ကို ခွင့်ပြုထား၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် တိစီဝရိက်ဖြင့်သာလျှင် ရွာသို့ ဝင်ကြ၏။ အခြားတစ်မျိုးသော တိစီဝရိက်ဖြင့် အရံအတွင်း၌ နေကြ၏။ အခြားတစ်မျိုးသော တိစီဝရိက်ဖြင့် ရေချိုးဆိပ်သို့ ဆင်းသက်ကြ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “အဘယ်ကြောင့် သင်္ကန်းအပိုကို ဆောင်ဘိသနည်း” ဟု ကဲ့ရဲ့ကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် “သင်္ကန်းအပိုကို ဆောင်သည်မှာ ဟုတ်မှန်သလော” ဟု မေး၏။ ထိုရဟန်းတို့လည်း ဟုတ်မှတ်ကြောင်း ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့သည်။

“အကြင်ရဟန်းသည် အပိုသင်္ကန်းကို ဆောင်ငြားအံ့၊ (ထိုရဟန်းအား) စွန့်ခြင်း (ဝိနည်းကံ) ရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ပြကြကုန်လော့ဟု မိန့်တော်မူ၏။

ထိုသို့ သိက္ခာပုဒ်အား ပညတ်ပြီးသောအချိန်တွင် ဖြစ်၏။ အသျှင်အာနန္ဒာသည် သင်္ကန်းအပိုအား အသျှင်သာရိပုတြာကို လှူဒါန်းလို၏။ သို့သော် အသျှင်သာရိပုတြာသည် သာကေတမြို့သို့ ခရီးလွန်နေ၏။ နောင် ကိုးရက်သော်လည်းကောင်း၊ ဆယ်ရက်သော်လည်းကောင်း လွန်မြောက်သောအခါ အသျှင်သာရိပုတြာသည် ပြန်လာမည် ဖြစ်၏။ သို့သော် မြတ်စွာဘုရားသည် သိက္ခာပုဒ်အား ပညတ်ထားတော်မူပြီး ဖြစ်၏။

ထိုကြောင့် အသျှင်ဘုရားသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ဆယ်ရက်အပိုင်းအခြားကာလပတ်လုံး အပိုသင်္ကန်းဆောင်ခြင်းငှါ ခွင့်ပြုသည်” ဟု မိန့်တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့သည်။[၁]

သိက္ခာပုဒ်ပြင်ဆင်

“ရဟန်းသည် သင်္ကန်း (ကိစ္စ) ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသင်္ကန်းကို ဆောင်နိုင်သည်။ ထိုကာလ (ဆယ်ရက်အပိုင်းအခြား) ကို လွန်သော ရဟန်းအား စွန့်ခြင်း (ဝိနည်းကံ) ရှိသော ပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ ဟု မိန့်တော်မူ၏။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်