ပထမပါဋိဒေသနီယသိက္ခာပုဒ်
အမှု—ဘိက္ခုနီ၏ လက်မှ ဆွမ်းကို ခံယူစားသောက်မှု။
အမှုသည်—ရဟန်းတပါး။
ဘိက္ခုနှင့် ဘိက္ခုနီ
ပြင်ဆင်ရန်ဘိက္ခုနီ တယောက်သည် သာဝတ္ထိ မြို့၌ ဆွမ်းခံ၍ ပြန်လာသောအခါ မြို့တွင်းမှာပင် ရဟန်းတပါးကိုမြင်၍ “အရှင်ဘုရား တပည့်တော်မရဲ့ ဆွမ်းကို ခံယူပါ”ဟု လျှောက်လေသည်၊ ထိုရဟန်းသည် “ကောင်းသားဘဲ” ဟု ပြော၍ဆွမ်း အားလုံးကို ယူလိုက်လေ၏၊ နောက်ထပ် ဆွမ်းခံချိန်မရှိတော့သဖြင့် ဘိက္ခုနီမှာ ထိုနေ့အဘို့ ဆွမ်းငတ်လေတော့၏။ [၁]
နောက်တရက်၌လည်း ထို့အတူပင် ထိုရဟန်းကို မြင်၍ မိမိခံယူလာသော ဆွမ်းကို တဆင့်ခံယူဘို့ရန် လျှောက်ပြန်ရာ ထိုရဟန်းက အားလုံးကိုပင် ယူလိုက်ပြန်သဖြင့် ဒုတိယနေ့မှာလည်း ဆွမ်းငတ်ပြန်၏။ တတိယနေ့၌လည်း ထိုနည်းအတိုင်းပင် (အလိုက် မသိတတ်သော ရဟန်းကြောင့်) ဆွမ်းငတ်ရပြန်လေသည်။[၁]
စတုတ္ထနေ့၌ကား ၃-ရက်လုံးလုံးဆွမ်းမစားရရှာသော ထိုဘိက္ခုနီသည် ရထားစုံသွားနေသော ပြလမ်းမ၌ တုန်တုန်ရီရီနှင့်သွားနေစဉ် ရထားစီး၍ လာသော သူဌေးတဦးက “အရှင်မ... ဖယ်ပါ”ဟု လျှောက်၍ လမ်းဖယ် လိုက်စဉ် လဲသွားတော့၏၊ စိတ်သဘောကောင်းသော သူဌေးသည် ရထားမှ ဆင်းလာ၍ တောင်းပန်ရှာ၏, ဘိက္ခုနီလည်း “ရထားကို လမ်းဖယ်ရလို့ လဲတာမဟုတ်ပါ။ နဂိုကပင် အားနဲနေလို့ပါ”ဟု ပြန်ပြော၏။ “ဘာပြုလို့ အားနေရပါတုန်း”ဟု ထပ်၍မေးရာ “ရဟန်းတပါးက သူလှူသောဆွမ်းကို အကုန်လုံး ခံယူသောကြောင့် ၃-ရက်လုံးလုံး ဆွမ်းမစားခဲ့ရကြောင်း ပြောပြလေသည်။ [၁]
ထိုအခါ သူဌေးသည် ဘိက္ခုနီကို အိမ်သို့ ပင့်၍ ဆွမ်းကျွေးပြီးလျှင် နဂိုကမှ လာဘ်လာဘ အရနည်းသော ဘိက္ခုနီရဲ့ဆွမ်းကို ရဟန်း ယောက်ျားဖြစ်သူက အလိုက်မသိ အကုန်လုံး ခံယူရသတဲ့လား”ဟု နီးစပ်ရာ ပြောပြ၍ ရှုံ့ချကဲ့ရဲ့လေသည်၊ ထိုစကားကို ရဟန်းတော်များ အဆင့်ဆင့် ကြား၍ ဘုရားရှင်အား လျှောက်သောအခါ ထိုရဟန်းကို ခေါ်တော်မူ၍ ဘိက္ခုနီနှင့် ဆွေမျိုးတော်-မတော်ကို စစ်ဆေးတော်မူရာ ဆွေမျိုးမတော်ကြောင်း သိတော်မူ၍-[၁]
“မောဃပုရိသ—ဆွေမျိုးမတော်သော ဘိက္ခုနီနှင့် သင့်လျော်သော အရာ မသင့်လျော်သောအရာ, သူ့မှာရှိသော အရာ-မရှိသော အရာကို ဆွေမျိုးမတော်သော ရဟန်းက မသိနိုင်၊ သင်မို့လို့ ဆွေမျိုးမတော်သော ဘိက္ခုနီ၏ လက်က ဆွမ်းကို ခံယူရက်ပလေ၊ သင်လုပ်ပုံဟာ မကြည်ညိုသေး သူတို့၏ ကြည်ညိုစရာလည်းမဟုတ်၊ ကြည်ညိုပြီးသူတို့ သဒ္ဓါတရားတိုးစရာ လည်းမဟုတ်၊ စင်စစ်မှာ မကြည်ညိုသေးသူတို့ မကြည်ညိုစရာနှင့် ကြည်ညိုပြီးသော ပုထုဇဉ်တချို့၏ အကြည်ညိုပျက်စရာသာ ဖြစ်သည်”...ဟု ကဲ့ရဲ့တော်မူပြီးကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု အညာတိကာယ ဘိက္ခုနိယာ အန္တရဃရံ ပဝိဋ္ဌာယ ဟတ္ထတော ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သဟတ္ထာ ပဋိဂ္ဂဟေတွာ ခါဒေယျ ဝါ ဘုဉ္ဇေယျ ဝါ, ပဋိဒေသေတဗ္ဗံ တေန ဘိက္ခုနာ ‘‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမီ’’တိ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင်ရဟန်းသည် ရွာတွင်းသို့ဝင်ပြီးသော ဆွေမျိုး မတော်သော ရဟန်းမ၏ လက်မှ ခဲဘွယ်ကိုဖြစ်စေ ဘောဇဉ်ကိုဖြစ်စေ မိမိလက်ဖြင့်ခံယူ၍ ခဲမူလည်းခဲအံ့ စားမူလည်းစားအံ့၊ ထိုရဟန်းသည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိံ အသပ္ပါယံ ပါဋိဒေသနီယံ တံ ပဋိဒေသေမိ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။[၁]