ပထဝီဝင်ဆိုင်ရာ ရပ်ဝန်း

လတ္တီတွဒ်အလိုက် သတ်မှတ်ထားသည့် ကမ္ဘာ့မြေမျက်နှာပြင်၏ အဓိကကျ​သော ​နေရာဒေသများ

ကျွနိုပ်တို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် အပူအအေးကိုလိုက်၍ သဘာဝအားဖြင့် အပိုင်းကြီးငါးပိုင်း ကွဲပြားခြားနား လျက်ရှိသည်။ ထိုအပိုင်းကြီးငါးပိုင်းကို ပထဝီဝင်ဝေါဟာရအားဖြင့် ဇုန်ကြီးငါးဇုန်ဟု ခေါ်ကြသည်။ ဇုန်မှာ အင်္ဂလိပ်ဝေါဟာရ ဖြစ်သည်။ မြန်မာလို ရပ်ဝန်းဟူ၍ ခေါ်ဆိုရန် ပညာရှင်တို့က သတ်မှတ်ထားသည်။

ကမ္ဘာမြေ၏ ပထဝီဝင်ဆိုင်ရာ ရပ်ဝန်းများ

အီကွေတာ၏ မြောက်ဘက် ၂၃ ံ ၂၇ဒ (၂၃ ဒီဂရီ ၂၇ မိနစ်)နှင့် အီကွေတာ၏ တောင်ဘက် ၂၃ ံ ၂၇ဒ လတ္တီတွဒ် မျဉ်းပြိုင်အတွင်းရှိ အပိုင်းသည် ကမ္ဘာပေါ်တွင် အပူဆုံးဒေသ ဖြစ်သဖြင့် အပူပိုင်းဇုန်ဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အီကွေတာ၏ တောင်ဘက်ရှိ တောင်ယဉ်စွန်းတန်းမှ အီကွေတာ၏ မြောက်ဘက်ရှိ မြောက်ယဉ်စွန်းတန်းအတွင်းရှိဒေသကို အပူပိုင်းဇုန်ဟု ခေါ်သည်။

တောင်ဘက်ဝန်ရိုးစွန်းမှဖြစ်စေ၊ မြောက်ဘက်ဝန်ရိုးစွန်းမှဖြစ်စေ ၆၆ ံ ၃၃ဒ လတ္တီတွဒ်မျဉ်းပြိုင်အတွင်းရှိ ဒေသများမှာ အေးသောဒေသများ ဖြစ်သဖြင့် အအေးပိုင်းဇုန် ခေါ်သည်။ တောင်ဘက်အအေးပိုင်းဇုန်နှင့် အပူပိုင်းဇုန်အတွင်းရှိဒေသကို၎င်း၊ မြောက်ဘက် အအေးပိုင်းဇုန်နှင့်အပူပိုင်းဇုန်အတွင်းရှိ အပိုင်းကို၎င်း သမပိုင်းဇုန်ဟုခေါ်သည်၊ ထိုကြောင့် ကမ္ဘာပေါ်တွင် အအေးပိုင်းဇုန် ၂ခုနှင့်သမပိုင်းဇုန် ၂ခု၊ အပူပိုင်းဇုန် ၁ ခု၊ ပေါင်း ဇုန်ကြီးငါးခုရှိသည်။

ဤဇုန်ကြီးငါးခုအတွင်း၌ တိုက်ခတ်လျက်ရှိသော လေကြောင်းကြီးများလည်း ရှိသေးသည်။ အပူပိုင်းဇုန်အတွင်း၌ အရှေ့လေတိုက်ခတ်သည်။ ရှေးအခါက ရွက်သင်္ဘောဖြင့် ကူးသန်းသွားကြသော ကုန်သည်များသည် ဤလေကို အထူးမှီခို အားထားခဲ့ရသည်။ ထိုကြောင့် ဤလေကို 'ကုန်သည်လေ'ဟု ခေါ်ကြသည်။

အီကွေတာတောင်ဘက်တွင် တိုက်ခတ်နေသော ကုန်သည်လေကို အရှေ့တောင်ကုန်သည်လေဟူ၍၎င်း၊ အီကွေတာမြောက်ဘက်တွင် တိုက်ခတ်နေသော ကုန်သည်လေကို အရှေ့မြောက် ကုန်သည်လေဟူ၍၎င်း အသီးသီးခေါ်ကြသည်။ ဤလေများမှာ အချိန်မှန်တိုက်ခတ်ကြသည်။

မြောက်ယဉ်စွန်းတန်းမှ မြောက်ဘက်သို့၎င်း၊ တောင်ယဉ် စွန်းတန်းမှတောင်ဘက်သို့၎င်း တိုက်ခတ်သောလေကို အနောက်လေဟုခေါ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် သမပိုင်းဇုန်အတွင်း၌ အနောက်လေများ တိုက်ခတ်ကြ၏။ အနောက်လေမှာ ကုန်သည်လေကဲ့သို့ အချိန်မမှန်ချေ။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့မှ သမပိုင်းဇုန်များဆီသို့ တိုက်ခတ်လာသောလေကို ဝင်ရိုးစွန်းလေဟု ခေါ်သည်။ ဤသို့လျှင် ဇုန်ကြီး ငါးဇုန်အတွင်း၌ လေကြောင်းကြီး ၃ မျိုး တိုက်ခတ်လျက် ရှိသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)