ပဒုမ ပြဇာတ်
ပဒုမ ပြဇာတ် သည် မင်းတုန်းမင်းလက်ထက်၌ ဦးပုည ရေးခဲ့သည့် ပြဇာတ်တစ်ပုဒ် ဖြစ်သည်။ ပဒုမပြဇာတ်သည် စလေဦးပုည၏ ပထမဆုံးပြဇာတ် ဖြစ်သည်ဟု ယူဆရသည်။ မင်းတုန်းမင်းတရားကြီးလက်ထက် ရတနာပုံနေပြည်တော် သတင်းစာပုံနှိပ်စက် ရှိနေချိန် ဖြစ်သော်လည်း ဦးပုည၏ ပြဇာတ်များကို ပုံမနှိပ်ခဲ့ချေ။ ၁၂၃၇-ခုနှစ်၌ ထိုရတနာပုံနေပြည်တော် သတင်းစာတိုက်မှ ဦးကြင်ဥ၏ ဝင်္ကန္တပြဇာတ် ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဝင်္ကန္တပြဇာတ်ကို ပုံနှိပ်စဉ် ၁၂၃၇-ခုနှစ်၊ တော်သလင်းလတွင် မော်လမြိုင်အဆွေ ပုံနှိပ်တိုက်မှ မောင်ဘဂွန်း ကြီးကြပ်၍ ပဒုမပြဇာတ်ကို ပုံနှပ်လေသည်။ ထို့နောက်မှ မန္တလေးမြို့၊ မလွန်ဈေးအနီး၊ မြဝတီမောင်ကလေး ပုံနှိပ်တိုက်မှ ပဒုမပြဇာတ်ကို ၁၂၄၆-ခုနှစ်၊ တပို့တွဲလတွင် ဒုတိယအကြိမ် ပြန်လည်ပုံနှိပ်ကြောင်း သိရသည်။
ဤပြဇာတ်နှင့် စပ်လျဉ်း၍ ပုံနှိပ်စာအုပ်များ အကြောင်းကို အမျိုးသားပညာဝန် ဦးဖိုးကျား၏ ရေသည်ပြဇာတ် နိဒါန်း၌ လေ့လာရပေသည်။ ၁၂၈၈-ခုနှစ်တွင် မန္တလေးမြို့ ရတနာသဒ္ဓိ ပိဋကတ်ပုံနှိပ်တိုက်မှ ပဒုမပြဇာတ်ကို ပုံနှိပ်လေသည်။ မန္တလေးတက္ကသိုလ် သုတေသနအဖွဲ့ စာစဉ်များ ထုတ်ဝေရာ ပဒုမပြဇာတ်ကို နှစ်ကြိမ် ပုံနှိပ်ခဲ့လေသည်။ ပဒုမပြဇာတ် စာမူများကို ရှာဖွေသောအခါ နောက်ဆုံးပုံနှိပ်စာမူ နှစ်ခုနှင့် မန္တလေးမြို့ စည်သူမောင်မောင်ကျော်ထံမှ ပေမူတစ်စောင် ရရှိခဲ့လေသည်။ ထိုထိုသော စာမူများကို အခြေပြုလျက် မန္တလေးတက္ကသိုလ် သုတေသနအဖွဲ့ စာစဉ်(၅)အဖြစ် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
စလေဦးပုည၏ ပဒုမပြဇာတ်ရေးသားသော ခုနှစ်သက္ကရာဇ်ကို လယ်ဝန်သံတော်ဆင့် ဆောမြို့စား၊ ငစဉ့်ကူးမြို့ဝန်၊ (၉)ခရိုင်အုပ် မဟာမင်းထင် သင်္ခယာစည်သူ ဘွဲ့ခံဦးစီ၏တူ ဗြဲတိုက်စာရေး နော်ရထာသီရိ စုဆောင်းရေးသား၍ မန္တလေးမြို့ သမဝါယမဟိတ အသင်းက ရိုက်နှိပ်သော –စလေဦးပုည အဋ္ဌုပ္ပတ္တိ— စာအုပ်၌
- ၁၂၀၀-ပြည့်နှစ်၊ နယုန်လတွင် ရွှေမြို့တော်သို့ ဆန်တက်၍ ဗန်းမော်တိုက်တွင် သီတင်းသုံး နေထိုင်စဉ် ကဗျာလင်္ကာ စသည်တို့ကို ရေးသားနေပြန်သည်။ ဦးပုညသည် တစ်နေ့တွင်
ဟု ထိတ်လန့်ပြီး သိက္ခာကိုစွန့်၍ ဗန်းမော်တိုက်တွင် ကိုရင်ကြီးအဖြစ် နေလေသည်။ငါသည် သာသနာတော်ဘောင်၌ ရဟန်းဝါ ၇ ဝါ ရရှိပြီး သိက္ခာပုဒ်တော်များကလည်း အလွန်နူးညံ့သိမ်မွေ့လှသည်။ အာဏာဒေသနာဖြစ်၍ ဤရဟန်းအဖြစ်နှင့် ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ တေးကဗျာ လင်္ကာတို့ကို ရေးသားနေထိုင်ရခြင်းသည် အာဏာတိက္ကမ္မန္တရာယ် ဖြစ်၍ အကုသိုလ် အာပတ်များစွာ သင့်ရောက်၍ အပါယ်ပဋိသန္ဓေသာ ပေးရာလေသည်။
ဖြစ်ပေါ်လာပုံ
ပြင်ဆင်ရန်ဦးပုည ဗန်းမော်တိုက်တွင် ကိုရင်ကြီးအဖြစ်နှင့် နေထိုင်စဉ် သင်္ဂြိုဟ်ကိုးပိုင်းကောက်သရုပ်များအရ တေးထပ်ပုဒ်ရေများစွာ ရေးသားသည်ကို စာသင်ရဟန်း သာမဏေအပေါင်းတို့က များစွာ အားရနှစ်သက် ချစ်ခင်ခြင်း ရှိကြပြီးဖြစ်သည်။ တစ်နေ့တွင် ကိုရင်ကြီး ဦးပုညသည် အမရပူရမြို့တွင်း ဆွမ်းခံဝင်ရာက နောင်တော်မင်းတုန်း အိမ်တော်နားသို့ လှည့်လည်၍ ပြန်လာရာ ညီတော် ကနောင်မင်းသား မြင်တော်မူ၍ အိမ်တော်သား တစ်ယောက်ကို လိုက်၍ ပင့်ခိုင်းသည်နှင့် အိမ်တော်သို့ ကြွလာရပေသည်။ ထိုအခါ ကနောင်မင်းသားက –သာသနာ့ဘောင်မှာ ပျော်ပါစ— မေးတော်မူရာ –ပျော်ပါကြောင်း— ပြန်ပြောလေ၏။ –ယခု ဘယ်စာများကို ရေးပါသလဲ— ဟု မေးတော်မူရာ –သင်္ဂြိုဟ်သရုပ်ကောက် တေးထပ်များကို ရဟန်းသာမဏေတို့က တောင်းပန်၍ ရေးသားနေကြောင်း—ကို အမိန့်ရှိလေသည်။ ကနောင်မင်းသားက –ငါးရာ့ငါးဆယ် ဒွါဒသနိပါတ်လာ ပေါင်တိုပြဇာတ်ကို ရေးစမ်းပါ— ဟု တောင်းပန်ရာ –ရေးပါ့မည်— ဟု ဝန်ခံပြီးလျှင် ကျောင်းသို့ပြန်လေသည်။
ကျောင်းသို့ရောက်သောအခါ ပေါင်တိုဇာတ်ကို နှစ်ရက်နှင့် ပြီးအောင်ရေး၍ ပုရပိုက်နှင့် ဆက်သလေသည်။ ၎င်းနောက် ရေသည်ပြဇာတ်ကို နှစ်ရက်နှင့် ပြီးအောင် ရေးသား၍ ဆက်သရာ အလွန်ရယ်မော ဝမ်းမြောက်တော်မူ၍ ဆွမ်းဆန် ဆယ်တင်း၊ ငါးပိ၊ ဆား၊ ဆီ၊ ငါးခြောက်အစုံနှင့် ငွေသား ငါးပိဿာကို ဦးပုည၏ ကပ္ပိယလက်သို့ ပေးအပ်ကာ လှူလေသည်။ ဤသို့ ဦးပုညရေးသားသော ပြဇာတ်များကို နိုင်ငံတော်အတွင်း ရုပ်စုံစင်တော်များ ကပြကြသောကြောင့် များစွာဝမ်းမြောက် ချီးမွမ်းခြင်း ရှိကြ၍ ကျော်စောလေသတည်း။ ဟူ၍ တွေ့ရလေရာ ဦးပုညသည် ပဒုမပြဇာတ်ကို ၁၂၀၀-ပြည့်နှစ် ဆီလောက်က ရဟန်း ၇-ဝါတွင် သိက္ခာချ၍ ကိုရင်ကြီးဝတ်စဉ် ရေးသားသည်ဟု ယူဆနိုင်သည်။
အချို့က ၁၂၄၆-ခုနှစ်၊ မန္တလေးမြို့၊ မလွန်ဈေးအနီး မြဝတီမောင်ကလေး ပုံနှိပ်တိုက်မှ ရိုက်နှိပ်သည့် စာအုပ်နိဂုံး၌ပါသော –သက္ကရာ ပမာဏမှာ— ချီ တေးထပ်ကို ကိုးကားပြီး သက္ကရာဇ် ၁၂၃၀-ပြည့်နှစ်၊ ကဆုန်လဆန်း (၉)ရက်၊ ဗုဒ္ဓဟူးနေ့ နှစ်ချက်တီး(မွန်းတည့်) အချိန်၌ ရေးပြီးသည်ဟု ဆိုကြလေသည်။ တေးထပ်မှာ-
- သက္ကရာ ပမာဏမှာ၊ ထောင်နှစ်ရာ့ သုံးဆယ်ညီ၊ ဂိမန္တ နွေရာသီမှာ၊ ပြိဿညီ မယွန်း၊ ရွှေမန်းမြို့နယ်အကြောမှာ၊ ပန်းသပြေ တောင်းဆုရေသွန်း။ ။
- မြယုဂန် ဘွေချာမှာ၊ ဝိသာခါ တည့်မွန်း။ ။
- ဆန်းမာသာ ကိုးရက်မှာ၊ ဆက်မျိုးရ ဆင်မြက်နှင့်ကြုံ။ ။
- ရွှေဗဟိုရ် ဆောင်ပုံမှာ၊ မြေဝသုန် ငြိမ့်ညောင်းလို့၊ ပေါင်း နှစ်ဆဲ့နှစ်ချက်သာ၊ တီးကြ ကြော်ငြာ။ ။
- ပဒုမဇာတ်တော်လာကို၊ မှတ်စရာနောက်ထပ်လို့ ရေး။ ။
- နှစ်ကောဇာ မှတ်သားတဲ့တေး ဟူ၍ဖြစ်သည်။
ဤတေးထပ်သည် ၁၂၃၇-ခုနှစ်၊ မော်လမြိုင်၊ အဆွေပုံနှိပ်တိုက်မှ မောင်ဘဂွန်း ရိုက်သော ပဒုမာဇာတ် စာအုပ်တွင်လည်း မပါကြောင်း မှတ်သားရလေသည်။ ထိုမှတပါး တေးထပ်သည် ဦးပုည၏ အာဘော်နှင့် မတူချေ။ တေးထပ်တွင် –သုံးဆယ်ညီ—, –ပြိဿညီ— စသည်ဖြင့် ညီ နှစ်ချက် နီးစပ်လျက် ရှိသည်။[၁]
ရေးသားဖြစ်ပုံ
ပြင်ဆင်ရန်နန်းတွင်းသူ မိဖုရားအချို့ လော်လည်ရာ အိမ်ရှေ့စံ ကနောင်မင်းသားက မင်းတုန်းမင်းအား သတိပေးလို၍ ဦးပုညအား ရေးသားစေခြင်း ဖြစ်သည်။ [၂]
ဇာတ်လမ်းအကိုးအဖြစ် ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဒုကနိပါတ်၊ ရုဟကဝဂ်ရှိ စူဠပဒုမဇာတ်ကို မှီးသည်။
ဇာတ်လမ်းအကျဉ်း
ပြင်ဆင်ရန်တစ်ညတာအကိုက်ကနိုင်သည့် ပြဇာတ်ဖြစ်လေရာ အောက်ပါအတိုင်း အခန်းခွဲထားသည် -
- ညီတော်နောင်တော်ခုနှစ်ပါးကို တိုင်းပြည်က နှင်ခန်း
- မင်းသားများ မိမိတို့မယားများကို သတ်စားခန်း
- ပဒုမမင်းသား ထွက်ပြေးခန်း
- မင်းသမီးက ပေါင်တိုကို ချစ်ကြိုက်ကြောင်း ပြောခန်း
- ပဒုမမင်းသားကို မင်းသမီးက ဖြားယောင်း၍ တောင်ထိပ်မှ တွန်းချခန်း
- ပဒုမမင်းသားကို ဗာရာဏသီပြည်သို့ ဖွတ်မင်းက ပြန်ပို့ခန်း
- တိုင်းပြည်ရှိ မှူးမတ်များနှင့် မင်းသားတွေ့ခန်း
- ပေါင်တိုလင်မယား လှည့်လည်ခန်း
- ပဒုမမင်းကြီးနှင့် ပေါင်တိုလင်မယားတို့ တွေ့၍ ဇာတ်ကြောင်းပြန်ခန်း
ကိုးကား
ပြင်ဆင်ရန်- ↑ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ရေး၊ မြန်မာပြဇာတ်စာပေသမိုင်း၊ ၂၀၁၉-ခု (ဒုအကြိမ်)၊ ရာပြည့်စာအုပ်တိုက်၊ စာ-၃၀၄
- ↑ တင်ထွေး။ "ဦးပုည၏ စာပန်းကုံးများ"၊ ပထမတွဲ။ ကြေးမုံသတင်းစာတိုက်၊ ရန်ကုန်။ ၁၉၉၁၊ စက်တင်ဘာ။