အမှု—မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း, ကျိန်ဆဲမှု။

အမှုသည်—စဏ္ဍကာဠီ။[၁]

စဏ္ဍကာဠီ ပြင်ဆင်ရန်

သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် မိမိ၏ သပိတ်-ပရိက္ခရာ ဘဏ္ဍာတစ်ခုခုကို မတွေ့လျှင် စဏ္ဍကာဠီကို “မမြင်မိ ဘူးလား”ဟု မေးကြကုန်၏၊ (နဂိုကပင် စိတ်ကြမ်း, နှုတ်ကြမ်း ဖြစ်နေသော) စဏ္ဍကာဠီသည် ထိုကဲ့သို့မေးသည်ကို “သူခိုး-ရိုးသည်”ဟု ထင်၍ “ငါသာ သူခိုးတဲ့လား, ငါသာ အလဇ္ဇီမ(အရှက်မရှိသူမ)တဲ့လား၊ သင်တို့ ဘဏ္ဍာကို ယူမိရိုးမှန်လျှင် ရဟန်းမ မဟုတ်ဘဲ ရှိရစေရဲ့၊ သာသနာတော်မှ လျောကျရစေရဲ့၊ (လူဖြစ်ရစေရဲ့၊) ငရဲကျရစေရဲ့၊ ငါ့ကိုမဟုတ်ဘဲနှင့် ပြောတဲ့သူလဲ ရဟန်းမ မဟုတ်ဘဲ ရှိပါစေဟယ်၊ သာသနာတော်မှ လျောကျပါစေဟယ်၊ (လူဖြစ်ပါစေဟယ်)၊ ငရဲကျပါစေဟယ်”ဟု မိမိအတွက်ရော သူ့ အတွက်ပါ ကျိန်ဆဲလေသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ အတ္တာနံ ဝါ ပရံ ဝါ နိရယေန ဝါ ဗြဟ္မစရိယေန ဝါ အဘိသပေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ဘိက္ခုနီသည် မိမိကိုလည်းကောင်း, (ရဟန်း-ရဟန်းမ ဖြစ်သော) သူတစ်ပါးကိုလည်းကောင်း, ငရဲဖြင့် ဖြစ်စေ မြတ်သော အကျင့် (သာသနာတော်) ဖြင့်ဖြစ်စေ ကျိန်ဆဲအံ့၊ ကျိန်စာဆိုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက် ပြင်ဆင်ရန်

လူကိုဖြစ်စေ သာမဏေကိုဖြစ်စေ ကျိန်ဆဲလျှင်လည်းကောင်း, ငရဲ ဗြဟ္မစရိယမှ တစ်ပါးသော “ခွေးဖြစ်ရစေ, ဝက်ဖြစ်ရစေ, အကန်းဖြစ်ရစေ၍၊ သူလဲ ခွေးဖြစ်ပါစေ”စသည်ဖြင့် ကျိန်ဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်ချည်းသာ။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး