ပလေးလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ တအာင်းပလောင်လူမျိုးတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ပလေးလူမျိုးတို့သည် ပလောင်လူမျိုးတို့နှင့် ခြားနားချက်မှာ များစွာမထင်ရှားလှပေ။ ပလောင်တို့သည် ငွေကြေးတောင့်တင်းသည်။ တောင်ပိုင်းနယ်၏ မြို့တော်ဖြစ်သော နမ့်ဆန်မြို့ကို ဗဟိုပြု၍ နေထိုင်ကြသည်။ အများအားဖြင့် ပလောင်တို့သည် တောင်ထိပ်ပေါ်တွင် နေထိုင်ကြ၍ လက်ဖက်ပင် စိုက်ပျိုးခြင်းမှတပါး အခြားစိုက်ပျိုးမှုကို လုပ်ကိုင်ခြင်း မရှိပေ။ ပလေးတို့မှာမူ တောင်အောက်ပိုင်း ဒေသမျိုးတွင် အနေများ၍ စပါးကို ပိုမိုစိုက်ပျိုးကြသည်။ ဤအချက်သာ အဓိကကွဲပြားသည်။

ပလေးအမျိုးသားများသည် ကချင်ယောက်ျားများကဲ့သို့ ဝတ်ဆင်ကြသည်။ ပလေးအမျိုးသမီးတို့အတွက် အမျိုးသမီးအဝတ်မစား သီးခြားရှိသည်။ သူတို့၏ အဝတ်အထည်စုံများမှာ များသောအားဖြင့် အပေါ်အင်္ကျီအပြာ၊ ခါးစည်းအပြာ ဝတ်ဆင်လေ့ရှိသည်။ အင်္ကျီလည်ခွံမှာ အနီရောင်တပ်လေ့ ရှိကြသည်။ ခြေကျင်းဝတ်တွင် အဝတ်ပတ်၍ ဆင်မြန်းလေ့ရှိသည်။ ခါးတွင် ကြိမ်ခွေ သို့မဟုတ် ငွေခါးပတ်ကြီးများကို ပတ်ထားသည်။ အမျိုးသမီး တချို့တို့သည် အဝတ်ဦးထုပ်အပြာ၊ သို့မဟုတ် အနီကို ဆောင်းသည်။ တချို့မှာ အရောင်တောက်သည့် ပန်းပွားများဖြင့် တန်ဆာဆင်ထားသော ခေါင်းပေါင်းများကို ပေါင်းကြသည်။

ပလေးတို့သည် အစုလိုက်နေကြရာ တစ်စုနှင့် တစ်စု အသံထွက်များ မတူသော ဘာသာစကားများကို ပြောဆိုကြသည်။ လူမျိုး တစ်စုနှင့်တစ်စု အချင်းချင်း အသံမတူသော စကားတို့နှင့် ပြောရာတွင် နားမလည်ဘဲ ရှိသောကြောင့် နားလည်ရန် ရှမ်းဘာသာကို သုံးကြရသည်။

ပလောင်နှင့် ပလေးတို့ နေထိုင်ရာ တောင်ပိုင်းတောင်ကုန်းဒေသကို တရုတ်တို့က လက်ဖက်တောင်များဟု အဓိပ္ပာယ်ရသော ချာရှန် ဟု ခေါ်ဝေါ်ကြသည်။

ပလေးတို့သည် ကိုယ်လက်တော့တင်း ကြံ့ခိုင်၍ အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင်သူများ ဖြစ်သည်။ ငြိမ်းချမ်းသာယာစွာ နေလိုကြ၍ ခိုက်ရန်ဖြစ်ပွားခြင်းကို မနှစ်သက်ကြပေ။ ဗုဒ္ဓအယူဝါဒကို လေးလေးစားစား ကိုးကွယ်ယုံကြည်ကြသည်။ ပလေးရွာဖြစ်စေ၊ အိမ်တချို့သာရှိသော အုပ်စုပင်ဖြစ်စေ ဘုန်းကြီးကျောင်းနှင့် စေတီဘုရား ရှိစမြဲဖြစ်သည်။ မိရိုးဖလာနတ်ကိုလည်း ကိုးကွယ်ကြသည်။[]

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်