ပါးရဲထိုးခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများထဲမှ အထူးခြားဆုံးသော ချင်းတိုင်းရင်းသားများ၏ မိရိုးဖလာ အစဉ်အလာ တစ်ရပ်ဖြစ်သည်။ အမျိုးသမီးများ၏ မျက်နှာတွင်သာ ဆေးမင်ကြောင်ခေါ်၊ ပါးရဲခေါ် ပါးမဲထိုးခံရခြင်း ဖြစ်သည်။ ဘုရင်များ၊ မိဘုရား တင်မြှောက် တော်ကောက်ခြင်းကြောင့်ဆိုသော အချက်အလက်များကလည်း သမိုင်းတွင် အတိအလင်းမရှိပါ။ မျက်နှာပေါ်တွင် ဆေးမင်ကြောင်ထိုးခြင်းက အာရှတိုက်၊ အာဖရိက၊ လက်တင်အမေရိက ကမ္ဘာ့နိုင်ငံအတော်များများတွင် ရှိသော်လည်း အမျိုးသမီးများ၏ မျက်နှာများတွင်သာ သီးသန့်ရွေးချယ်ပြီး ဆေးမင်ကြောင်ထိုးသော အလေ့အထသည် အလွန်ရှားပါးသည်။ ပါးရဲထိုးသော ဒေသများကမူ ပါးမည်းထိုးသည်။ ပါးထိုးသည်ဟု ခေါ်ဆိုကြသည်။ မြန်မာများက ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟု ယုံကြည်ကြသည့် နည်းတူ ချင်းအမျိုးသမီးများကလည်း ပါးရဲရှိမှ မိန်းမပီသသည်ဟု သဘောထားကြသည်။ ချင်းပြည်နယ် အချို့ဒေသများတွင် မျက်နှာတပြင်လုံး အပြည့်မဟုတ်သော `ပါးကြောင်´နှင့် ´ပါးကျား´များလည်း ရှိသည်ဟု သိရသည်။

ပါးရဲထိုးထားသော ချင်းအဘွားအိုတစ်ဦး

ချင်းတိုင်းရင်းသားများသည် ဘာသာစကား အလွန်ကွဲပြားလွန်း၍ အိမ်ထောင်ပြုရန် ဇနီး၊ မယားရွေးချယ်ရန်အတွက် သတ်မှတ်ခြင်းလား၊ မျိုးနွယ်စုလိုက်ပြီး ဆေးမင်ကြောင်ပုံစံများ ပြောင်းလဲနေတတ်သည်။ မျိုးနွယ်စုတစ်မျိုးတည်းကတော့ ပုံစံခြင်းက တစ်ရွာလုံး အတူတူပင်ဖြစ်သည်။ တစ်ချိန်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ လူသူအရောက်အပေါက်နည်းသော တောတောင်များတွင် တောင်ယူလုပ်ကိုင်ခြင်း၊ ထင်းခုတ်၊ ရေခပ်ခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုစဉ်ကာလမျိုး၌ ဤကဲ့သို့မျက်နှာတွင် မိမိလူမျိုးစုအမှတ်အသားကို လူမှန်းသိတတ်စ အမျိုးသမီးငယ်လေးများ၏ မျက်နှာပေါ် ရေးထိုးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်မည်။[၁]

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီဒေသ၌ ပါးရဲထိုးပုံမှာ `ငလှိုရွက်´ကို ချေ၍ မီးခိုးမှိုင်းနှင့် ဖျော်ပြီး လူ၏အရေခွံပေါ်တွင် ကြိမ်ဆူးဖြစ်စေ၊ အဖျားမကျိုးနိုင်သော ဆူးတစ်မျိုးမျိုးဖြင့် အသားပေါက်အောင် ထိုးခြင်း ဖြစ်သည်။ သို့ရာတွင် မကွေးတိုင်း၊ စေတုတ္တရာ(မြေပြန့်) ချင်းအမျိုးသမီးများ ပါးရဲထိုးပုံမှာမူ စုတ်ဖြင့် ထိုးခြင်း ဖြစ်သည်။ စေတုတ္တရာမြို့နယ်အတွင်း၌ မရင်းချင်း၊ လုံးပေါချင်း၊ ချင်းပုံချင်း၊ တောင်သူချင်း၊ မင်းကျချင်းတို့ မှီတင်းနေထိုင်ကြရာ ယနေ့အချိန်တွင် အသက် ၄၅-နှစ်အထက် အမျိုးသမီးကြီး တစ်ထောင်ကျော်မျှသာ ပါးရဲရှိပေတော့သည်။

ပါးရဲထိုးသောရာသီမှာ အေးမြသော ဆောင်းရာသီ လေးလ ဖြစ်၏။ သွေးထွက်နည်း၍ သွေးတိတ်မြန်သော ရာသီဥတု ဖြစ်သည်။[၂]


ကိုးကားပြင်ဆင်

  1. လွင်မိုး၏ ကျွန်တော်ခရီးသွားသောအခါ
  2. ဆင်ဖြူကျွန်းအောင်သိန်း၏ မြန်မာ့ထိုးကွင်းမင်ကြောင် ဓလေ့ စာအုပ်မှ ကောက်နှုတ် ရေးသားသည်။