ပိုင်ဆိုင်မှု (အင်္ဂလိပ်: owner's equity) ဆိုသည်မှာ စာရင်းကိုင်သဘောအရ အခြေပစ္စည်းမှ ပေးရန်ရှိသည်များကို နှုတ်ပြီးနောက် ကျန်သည်ကို ဆိုလိုရင်း ဖြစ်သည်။ ဥပမာအားဖြင့် လူတယောက်သည် သိန်း ၁၅၀ တန်ကား (အခြေပစ္စည်း) ကို ပိုင်ပြီး ထိုကားဝယ်ရန် သိန်း ၅၀ ချေးထားသည် (ပေးစရာ) ဆိုပါက ထိုကားမှ ပိုင်ဆိုင်မှုသည် သိန်း ၁၀၀ ရှိမည် ဖြစ်သည်။ အကယ်၍ ပေးစရာသည် အခြေပစ္စည်းထက် များလျှင် အနှုတ်တန်ဖိုး ဖြစ်လာနိုင်သည်။

စတော့ရှင်၏ ပိုင်ဆိုင်မှု (stockholder's equity) ဆိုသည်မှာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှ လက်ဝယ်ရှိ စတော့ပမာဏအလိုက် ခွဲရမည့် ပမာဏ ဖြစ်သည်။ အနှုတ်ပြသော စတော့ရှင်၏ ပိုင်ဆိုင်မှုကို စတော့ရှင်၏ အရှုံး (stockholder's deficit) ဟု ခေါ်သည်။

ပိုင်ဆိုင်မှုသည် ကော်ပိုရေးရှင်း၏ စတော့ငွေရင်း (capital stock) တွင် ပါပြီး ကော်ပိုရေးရှင်း၏ အနာဂတ် စီးပွားရေးလားရာကို လိုက်၍ အတက်အကျ ရှိနိုင်သည်။ ကုမ္ပဏီဖျက်လျှင် ပေးရန်ရှိသည်များ ပေးပြီးမှ ကျန်သည်ကို ပိုင်ဆိုင်မှု ခေါ်လေသည်။