ပိုးချည်
ပိုးချည်သည် ဝါချည်ကဲ့သို့ အပင်မှရသော ချည်မျှင်မျိုး မဟုတ်ပဲ ပိုးကောင်မှ ထွက်သော ချည်မျှင်မျိုးဖြစ်သည်။ ရှေးအခါက ပိုးချည်ဖြင့် ရက်လုပ်သော အဝတ်အထည်သည် တန်ဖိုးအလွန်ကြီးသဖြင့် ဘုရင့်အထည်အလိပ်ဟုပင် ခေါ်ခဲ့ကြသည။်
ပိုးချည်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကပင် တရုတ်လူမျိုးတို့ စတင်တွေ့ရှိခဲ့သည်။ ပိုးချည်စတင်တွေ့ရှိပုံနှင့် စပ်လျဉ်း၍ ရှေးဟောင်းပုံပြင် အများအပြားရှိခဲ့သော်လည်း တရုတ်ဧကရာဇ် ဘုရင်တစ်ပါး၏ မိဖုရား ဆီလင်ရှီနှင့် ဆက်သွယ်နေသော ပုံပြင်တစ်ပုဒ်ကိုကား လူသိများ၍ အများလက်ခံကြသည်။ ဘီစီ ၂၇၀၀ ခန့်က ဆီလင်ရှီ မိဖုရားကြီးသည် ဥယျာဉ်အတွင်း၌ လက်ဖက်ရည်ကြမ်း သောက်နေစဉ် ပိုးစာပင်တစ်ပင်ကို မော့ကြည့်မိရာ ဖြူဖြူတုတ်တုတ် ပိုးကောင်တစ်ကောင်သည် ပါးစပ်မှ တောက်ပသော ချည်မျှင်ကလေးများကို ထုတ်ကာ မိမိကိုယ်ကို ပတ်နေသည်ကို မြင်သဖြင့် အံ့ဩစွာကြည့်နေမိသည်။ ထိုနောက် ပိုးအိမ်ကို ဖြုတ်ယူပြီးလျှင် သူမသောက်နေသော အကြမ်းရေတွင် စိမ်လိုက်သည်။ ပိုးအိမ်ပျော့သွားသောအခါ ပိုးမျှင်တစ်စ်ကို ရှာ၍ ဂရုတစိုက် ဖြေကြည့်ရင်း ထိုပိုးမျှင်ဖြင့် အထည်ရက်လျှင် ကောင်းမည်ဟု စိတ်ကူးပေါ်လာသည်။
ထို့ကြောင့် မိဖုရားသည် နန်းတော်ထဲသို့ဝင်ကာ ပိုးစာပင်စိုက်ရန် ဘုရင့်ထံမှ မြေကွက်တောင်း၍ ရသောအခါ ပိုးမျှင်ကောင်များကို မွေးလေသည်။ ယင်းပိုးမျှင်ကောင်များမှ ရသော ပိုးချည်မျှင်ဖြင့် အလွန်လှပသည့် အထည်ရက်လုပ်ကာ အဝတ်အစားများ ချုပ်လုပ်ရာမှအစ ပိုးထည်များ စတင်ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။ ထိုမိဖုရားအမည်ကို အစွဲပြု၍ ပိုးထည်ကိုလည်း တရုတ်ဘာသာဖြင့် ဆီ (絲) ဟု ခေါ်လာကြလေသည်။
အထက်ပါပုံပြင်သည် အမှန်ဟုတ်သည် မဟုတ်သည်ကို မည်သူမျှ ဒိဋ္ဌမပြောနိုင်သော်လည်း ဆီလင်ရှီ မိဖုရားခေတ်နောက် အနှစ် ၂၀၀၀ ကျော်အထိ ပိုးချည်ထုတ်လုပ်နည်းကို တရုတ်လူမျိုးမှတပါး ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးမှ မတတ်မသိကြသည်မှာ အမှန်ဖြစ်သည်။ ပိုးချည်ထုတ်လုပ်နည်းကို တရုတ်လူမျိုးတို့သည် အထူးလျှို့ဝှက်ခဲ့ကြသည်။ ပိုးကောင်နှင့် ဥများကို ခိုးယူသူအား သေဒဏ်အပြစ်ပေးခဲ့သည်။ ပိုးချည်များကိုမူ အနောက်နိုင်ငံများသို့ ကုန်းလမ်းဖြင့် တင်ပို့ရောင်းချရာ ယင်းလမ်းမကြီးကို ပိုးချည်လမ်းဟု ခေါ်စမှတ်ပြုကြသည်။
အေဒီ ၅၅၀ ခန့်တွင် ဗိုင်ဇင်းတိုင် ဧကရာဇ် ဂျပ်စတင်းနီးယန်း ဘုရင်သည် တရုတ်နိုင်ငံသို့ ရောက်ဖူး၍ ပိုးချည်ထွက်သော ပိုးမျှင်ကောင်များအကြောင်း ကောင်းစွာသိသော ပါရှန်းဘုန်းကြီး ၂ ပါးအား တရုတ်နိုင်ငံသို့ သွားရောက်၍ ပိုးဥများကို ခိုးထုတ်ခဲ့ရန် မှာကြား စေလွှတ်လိုက်သည်။ နှစ်အတော်ကြာမှ ထိုဘုန်းကြီး ၂ ပါးသည် ပိုးမျှင်ဥအနည်းငယ်ကို ခိုးထုတ်လာနိုင်ခဲ့သဖြင့် ကွန်စတန်တီနိုပယ်မြို့အနီးတွင် ပိုးမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်ကြသည်။ ယင်းမှတဆင့် စပိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံများသို့ ပျံ့နှံ့သွားလေသည်။ ယခုခေတ်တွင်မူ ပိုးမွေးမြူရေးလုပ်ငန်းသည် တကမ္ဘာလုံးသို့ ပျံ့နှံ့သွားရာ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပိုးချည်ရိုင်း အထွက်ဆုံးနိုင်ငံ ဖြစ်လာသည်။ တရုတ်နိုင်ငံမျာမူ ဒုတိယအများဆုံး ထွက်သောနိုင်ငံဖြစ်သည်။