ပီထရာမြို့

ဂျော်ဒန်နိုင်ငံရှိ ရှေးဟောင်း သမိုင်းဝင်နေရာ

ပီထရာမြို့အား ဒေသခံနေထိုင်သူများမှ ရပ်ခ်မူးဟု သိကြပြီး ဂျော်ဒန်နိုင်ငံတောင်ပိုင်းရှိ သမိုင်းဝင်မြို့နှင့် ရှေးဟောင်းသုတေသနဆိုင်ရာ မြို့တစ်မြို့ ဖြစ်သည်။ ပီထရာမြို့သည် ပင်လယ်သေမှ အေကွာဘာပင်လယ်ကွေ့အထိရှိသော အာရာဘာတောင်ကြား၏ အရှေ့ဘက်တောင်ပံ အဖြစ်ရှိသော တောင်ကုန်းများဝိုင်းရံနေသော ချိုင့်ဝှမ်းအတွင်း ဂျဘဲ အယ်လ်-မတ်ဘာတောင်ကုန်းများတဝိုက်တွင် တည်ရှိသည်။ပီထရာတဝိုက်ရှိ နေရာများမှာ ဘီစီ ၇၀၀၀ ခုနှစ်ခန့်ကပင် လူတို့ စတင်နေထိုင် ခဲ့ကြပြီး နာဘာတေးယန်းလူမျိုးတို့သည် တစ်ချိန်တွင် သူတို့တိုင်းပြည်၏ မြို့တော် ဖြစ်လာမည့်နေရာတွင် အစောဆုံး ဘီစီ ၄ရာစုခန့်မှစ၍ နေထိုင်ခဲ့ကြပုံ ရှိသည်။ သို့သော်လည်း ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက်များအရ ဘီစီ ၂ ရာစု ခန့်မှ နာဘာတေးယန်းတို့ နေထိုင်ခဲ့သည့် အထောက်အထားများကိုသာ တွေ့ရပြီး [၁] ထိုအချိန်က ပီထရာသည် မြို့တော်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နာဘာတေးယန်းတို့မှာ ယခင်က ခြေသလုံးအိမ်တိုင် သွားလာနေကြသော အာရပ်လူမျိုးများ ဖြစ်ပြီး သူတို့သည် ပီထရာအား ဒေသအတွင်း အဓိကကျသော ပင်မ ကုန်သွယ်ရေးဗဟိုဌာန အဖြစ်တည်ထောင်ခြင်းဖြင့် အနီးအနားဒေသများအား ကုန်သွယ်ရေးလမ်းကြောင်းများ ဖြစ်စေခဲ့သည်။ [၂]

ပီထရာ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Petra Jordan BW 21.JPG
ပီထရာရှိ အယ်ခတ်နေး (ဘဏ္ဍာတိုက်)ရှေ့တွင် တွေ့ရသော ကမ္ဘာလှည့်ခရီးသွားများ
တည်ရှိသည့် နိုင်ငံ  ဂျော်ဒန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,iii, iv
ကိုးကား ၃၂၆
ဒေသ** အာရှနှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကုန်သွယ်မှုပြုခြင်းကြောင့် နာဘာတေးယန်းတို့အတွက် သိသာသော အမြတ်အစွန်းများ ရရှိခဲ့ပြီး ပီထရာသည် သူတို့၏ ကြွယ်ဝမှုများ ပေါင်းဆုံရာ ဖြစ်လာခဲ့သည်။ နာဘာတေးယန်းတို့မှာ လွင်တီးခေါင် သဲကန္တာရများတွင် နေထိုင်ခြင်းနှင့် ကျင့်သားရနေသူများ ဖြစ်သဖြင့် သူတို့၏ ရန်သူများနှင့် မတူဘဲ တိုက်ခိုက်မှုများကို ဒေသရှိ တောင်ကုန်းထူထပ်သော မြေမျက်နှာသွင်ပြင်ကို အားပြု၍ ခုခံတိုက်ထုတ်နိုင်ခဲ့ကြသည်။ သူတို့သည် မိုးရေစုဆောင်းခြင်း၊ စိုက်ပျိုးမွေးမြူခြင်းနှင့် ကျောက်ဆစ်ထုခြင်း တို့တွင် အလွန် ကျွမ်းကျင်ကြသည်။ ပီထရာသည် အေဒီ ၁ ရာစုတွင် စည်ပင်ဝပြောခဲ့ပြီး နာဘာတေးယန်းဘုရင် စတုတ္ထမြောက် အာရီတပ်စ်၏ ဂူဗိမာန်ဟု ယူဆရာသော ခပ်ဇနေး အဆောက်အဦးကို တည်ဆောက်ခဲ့ကြပြီး ၎င်း၏ လူဦးရေမှာ ၂၀,၀၀၀ အထိ အမြင့်ဆုံး ရှိလာခဲ့သည်။ [၃]

နာဘာတေးယန်းတိုင်းပြည်သည် ရောမအင်ပိုင်ယာ၏ လက်အောက်ခံနိုင်ငံ ဖြစ်လာခဲ့သော်လည်း အေဒီ ၁၀၆ တွင်မှ လွတ်လပ်ရေး လုံးဝ ဆုံးရှုံးခဲ့သည်။ ပီထရာသည် ရောမတို့၏ လက်အောက်သို့ ကျရောက်ခဲ့ပြီး ၎င်းတို့က နာဘာတေးယားကို လက်အောက်ခံအဖြစ် သွတ်သွင်းကာ အာရေးဘီးယား ပီထရာယေးဟု အမည်ပြောင်းလဲ​ခေါ်ဆိုခဲ့သည်။ ပင်လယ်ကုန်သွယ်ရေး လမ်းကြောင်းများ ပေါ်ထွန်းလာခြင်းနှင့် အေဒီ ၃၆၃ တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီးနောက် ပီထရာ၏ အရေးပါမှု ကျဆင်းလာခဲ့သည်။ ဘိုင်ဇန်တိုင်းခေတ်တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း အချို့ကို တည်ဆောက်ခဲ့သော်လည်း မြို့၏ အခြေအနေမှာ ဆက်လက်ယိုယွင်းလာခဲ့သည်။ အစ္စလာမ်ခေတ်အစောပိုင်းတွင် ခြေသလုံးအိမ်တိုင် အချို့မှ လွဲ၍ မြို့တွင် နေထိုင်သူမရှိတော့ပေ။ ၁၈၁၂တွင် ယိုဟန်း လူဝစ် ဘတ်ဟာ့ဒ်မှ ပြန်လည်ရှာဖွေတွေ့ရှိသည့် အချိန်အထိ ကမ္ဘာပေါ်ရှိ လူများမှ ရှိမှန်းပင် မသိကြတော့ပေ။

မြို့သို့ရောက်ရှိရန် အတွင် ဆစ် ဟု ခေါ်သော ၁.၂-ကီလိုမီတာ-long (၀.၇၅-မိုင်) မျှ ရှည်လျားသော ချောက်ကမ်းပါးမှ ဝင်ရောက်ရပြီး ထိုမှဝင်ရောက်လျှင် ခပ်ဇနေးသို့ တိုက်ရိုက် ရောက်ရှိသည်။ ကျောက်ဆစ်ဗိသုကာ ပညာများနှင့် ရေသွယ်စနစ်များကြောင့် ထင်ရှားသော ပီထရာအား နှင်းဆီမြို့တော် ဟုလည်း ခေါ်ဆိုကြပြီး မြို့အတွင်း ထုဆစ်ထားသော ကျောက်တုံးများ၏ အရောင်ကြောင့် ဖြစ်သည်။ [၄] ပီထရာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၅မှ စတင် စာရင်းဝင်လာခဲ့သည်။ ယူနက်စကိုမှ ပီထရာအား "လူတို့၏ ယဉ်ကျေးမှု အမွေအနှစ်များတွင် အဖိုးအတန်ဆုံး ယဉ်ကျေးမှု အရည်အသွေးများထဲမှ တစ်ခု" ဟု ဖော်ပြခဲ့သည်။[၅] ၂၀၀၇ ခုနှစ်တွင် အယ်လ်-ခပ်ဇနေးအား ကမ္ဘာ့အံဖွယ်အသစ် ၇ ပါးတွင် တစ်ခုအဖြစ် မဲပေးရွေးချယ်ခြင်း ခံရသည်။ ပီထရာသည် ဂျော်ဒန်နိုင်ငံ၏ ပြယုဂ်ဖြစ်ပြီး ဂျော်ဒန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လည်ပတ်ရာနေရာတစ်ခုလည်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၉၁၈,၀၀၀ ဦး အထိ ရှိခဲ့ပြီး ထို့နောက်တွင် ဂျော်ဒန်တစ်ဝိုက်ရှိ နိုင်ငံများသို့ သက်ရောက်ရိုက်ခတ်မှုရှိခဲ့သော အာရပ်နွေဦးတော်လှန်ရေးကြောင့် ခရီးသွားဦးရေ ခဏတာမျှ ကျဆင်းခဲ့သည်။[၆] ထို့နောက်တွင် ခရီးသွားဦးရေ ပြန်လည်များပြားလာခဲ့ပြီး ၂၀၁၉တွင် စံချိန်အဖြစ် ၁.၁ သန်း အထိ ရှိလာခဲ့ကာ ၁ သန်း အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။ [၇] ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားဦးရေမှာ ၂၀၂၀ မတ်လမှစ၍ သုညအထိ ကျဆင်းသွားခဲ့သည်။ ထိုသို့ ခရီးသည် မရှိသည်ကို အသုံးချရန်အတွက် ဘဏ္ဍာတိုက်၏ ရှေ့တွင် ရှာဖွေတူးဖော်ရန် ဂျော်ဒန်အစိုးရမှ ခွင့်ပြုပေးခဲ့သည်။[၈]


ကိုးကားပြင်ဆင်

  1. Mati Milstein။ "Petra. The "Lost City" still has secrets to reveal: Thousands of years ago, the now-abandoned city of Petra was thriving."၊ National Geographic 
  2. Jack D. Elliott, Jr. (1996)။ Joe D. Seger (ed.)။ The Nabatean Synthesis of Avraham Negev: A Critical AppraisalRetrieving the Past: Essays on Archaeological Research and Methodology in Honor of Gus W. Van Beek။ Eisenbrauns။ p. 56။ ISBN 978157506012527 December 2019 တွင် ပြန်စစ်ပြီး
  3. Petra Lost and FoundNational Geographic (2 January 2016)။ 8 April 2018 တွင် ပြန်စစ်ပြီး။
  4. Major Attractions: Petra Archived 2016-11-04 at the Wayback Machine., Jordan tourism board
  5. UNESCO advisory body evaluation။ 2011-12-05 တွင် ပြန်စစ်ပြီး။
  6. Thousands protest in Jordan, January 28, 2011. Retrieved May 20, 2019.
  7. Rose-red city of Petra wraps up 2019 with record-breaking 1,135,300 visitorsThe Jordan Times (6 January 2020)။ 6 January 2020 တွင် ပြန်စစ်ပြီး။
  8. Ghosts replace crowds as Covid-19 rattles Jordan's ancient city of PetraThe Guardian (15 May 2020)။ 23 May 2020 တွင် ပြန်စစ်ပြီး။