ပုဂံဆရာတော် (၈၆၀ ခန့် - ၉၂၀ ခန့်)

ပြင်ဆင်ရန်

သက္ကရာဇ် ၈၈ဝ-ပြည့်နှစ်တွင် ဆရာတော် သျှင်မဟာသီလဝံသ ( ၈၁၅-၈၈ဝ ) ပျံလွန်တော်မူခဲ့၏။ ထိုအခါ ဆရာတော်ရေးသားခဲ့သော ဓမ္မပါလပျို့မှာ ၁၇-ပိုဒ်မျှ ပြီးစီး၍ လက်စတင်းလင်းနှင့် ကျန်ရစ်သည်။ ထိုပျို့ကို ဆက်လက်၍ ရေးသားဖွဲ့ဆိုသူကား ပုဂံဆရာတော် ဖြစ်သည်။

ဆရာတော် သျှင်မဟာသီလဝံသ ပျံလွန်တော်မူပြီးနောက် အနှစ် ၃ဝ-မျှ လွန်ခဲ့ရာ ဓမ္မပါလပျို့ကို ဆက်လက်ရေးသားမည့်သူ မရှိဘဲ ဖြစ်နေခဲ့သည်။ ထို့ကြောင့် မိုးဗြဲနရပတိလက်ထက် တွင် ထင်ရှားသော ပုဂံဆရာတော်အား မင်းကျောင်းဆရာတော်၊ ရွှေကျောင်းဆရာတော်စသည် တို့က ဆက်လက်ရေးသားပါရန် တောင်းပန်လျှောက်ထားကြောင်းကို

ပြည်ပုဂံ၌၊ လှူခံလှူပေး၊ စည်းဝေးများပြား၊ မင်းသားလေးမည်၊ အမြဲတည်သော၊

ပြည်ကြီးအချုပ်၊ အစဉ်အုပ်တို့၊ လက်ရုပ်ကော်ရော်၊ သာဓုဘော်ဖြင့်၊ ပူဇော်ကုန်လာ၊ အရိယာ ဘုန်းရှိ၊ ခေါင်ထိနှစ်ပါး၊ အထွတ်ထားနှင့်၊ နှစ်ပါးလည်းကောင်း၊ သင်္ဃာပေါင်းဝယ်၊ ဦးခေါင်း အတူ၊ မှန်ကင်းထူသို့၊ ဆင်ဖြူသခင်၊ ငါးစီးရှင်ဘ၊ တစ်စီးရသော၊ သီဟတွင်ခေါ်၊ မင်းကျော် ဆရာ၊ ထေရ်မြတ်စွာနှင့်၊ ရတနာရွှေကျောင်း၊ ရွှေလောင်းစီးမှတ်၊ ရံပတ်သောင်းသောင်း၊ ထီးဆောင်းဆယ်စင်း၊ သင်္ဃာမင်းနှင့်၊ ခင်းကျင်းညီညာ၊ အခါခါပင်၊ ပဏ္ဏာအများ၊ ပန်ထွာ

ငြားသော်၊

ဟု ရေးသား ဖွဲ့ဆို၍ ပြတော်မူခဲ့သည်။

ဤသို့တောင်းပန်ခြင်းကို အရင်းတည်၍ ဓမ္မပါလပျို့ကို ဆက်လက် ရေးသားတော်မူရာ သက္ကရာဇ် ၉၉၁-ခု၊ သာသနာနှစ် ၂ဝ၉၃-ခုနှစ်တွင် ရေးသား ပြီးစီးခဲ့လေသည်။ ဤသိုကိုရည်၍-

ဒေသနာတရား၊ အပြီးထားသား၊ ဘုရားသာသနာ၊ သင်္ချာတွက်ဆောင်၊ နှစ်ထောင်ကိုး ဆယ်၊ သုံးနှစ်ဝယ်လျှင်၊

ဟူ၍ နိဂုံး၌ မှတ်သား ဖွဲ့ဆိုခဲ့လေသည်။ []

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်

ပြင်ဆင်ရန်

၁) စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်း