ပုစိမန္ဒဇာတ်
စတုက္ကနိပါတ် - ၂။ ပုစိမန္ဒဝဂ် -(၃၁၁) ပုစိမန္ဒဇာတ်။ ။ အနာဂတ်ဘေး ဖြစ်မည့်အရေးကို မျှော်တွေး၍ သူခိုးကို ပြေးစေသော တမာပင်စောင့်နတ်အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ရွံရှာအပ်ရာ ရှောင်ကြဉ်ပါ
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်မောဂ္ဂလာန်မထေရ်သည် ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ တောကျောင်းတစ်ခု၌ သီတင်းသုံးတော်မူ၏။
ထိုအခါ သူခိုးတစ်ယောက်သည် မြို့တံခါးအနီးဖြစ်သောရွာဝယ် အိမ်တစ်အိမ်မှ ပစ္စည်းဥစ္စာတို့ကို ခိုးယူကာ ပြေးလာ၍ လုံခြုံစေရန် ရှင်မောဂ္ဂလာန်ကျောင်းဦးတွင် ဝင်ကာ အိပ်လေ၏။ ရှင်မောဂ္ဂလာန် သိတော်မူလျှင် ရွံရှာအပ်သောသူခိုးနှင့် ရောနှော၍ နေခြင်းကား မသင့်ဟု ကြံစည်ကာ ကျောင်းမှထွက်၍ မအိပ်ရန် သခိုးကို နှင်ထုတ်လေ၏။ သူခိုးလည်း ခြေရာဖျောက်လျက် ပြေးလေ၏။
လူတို့လည်း မီးရှူးကိုကိုင်၍ သူခိုးပြေးရာသို့ အစဉ်အတိုင်း လိုက်လာရာ ကျောင်းသို့ရောက်၍ ဟိုဟိုသည်သည်ရှာဖွေရာ မတွေ့တော့သဖြင့် ပြန်ကြကုန်၏။ ရှင်မောဂ္ဂလာန်သည် နက်ဖြန်နေ့ဝယ် ဆွမ်းခံပြီးလျှင် မြတ်စွာဘုရားထံသွားကာ ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်အား “ချစ်သား မောဂ္ဂလာန် ... သင်သည်သာ ရွံရှာအပ်သောသူကို ရွံရှာသည်မဟုတ်၊ ရှေးအခါ ပညာရှိတို့လည်း ရွံရှာအပ်သောသူကို ရွံရှာဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်မကောင်းသူနှင့် မပေါင်းသင့်
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သုသာန်တောဝယ် တမာပင်စောင့်နတ် ဖြစ်လေ၏။ မနီးမဝေးအရပ်တွင် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်လည်း ရှိလေ၏။
တစ်နေ့သ၌ သူခိုးတစ်ယောက်သည် မြို့တံခါးအနီးဖြစ်သောရွာ၌ ပစ္စည်းဥစ္စာတို့ကိုခိုးယူကာ သုသာန်တော်သို့ ဝင်လာပြီးလျှင် တမာပင်ရင်းတွင် ဥစ္စာထုပ်ကိုထားလျက် အိပ်လေ၏။ ထိုအခါ တမာပင်စောင့်နတ်သည် ရွံရှာအပ်သောသူခိုးလာ၍ အိပ်သည်ကိုသိလျှင် ဤသူခိုးကို ဥစ္စာရှင်တို့ လိုက်လာ၍ ဖမ်းယူကာ တမာကိုင်းကိုဖြတ်၍ တံကျင်ပြုလျက် တံကျင်လျှိုကြကုန်သည်ရှိသော် ငါ၏တမာပင်ပျက်စီးလတ္တံ့ဟု ကြံစည်ကာ-သူခိုးအား -
“ဟယ်-သူခိုး ... ထလော့၊ သင်အဘယ်ကြောင့်အိပ်သနည်း၊ သင်အား အိပ်နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဥစ္စာတို့ကို ခိုးလာသောသင့်ကို မင်းချင်းယောကျ်ားတို့ ဖမ်းဆီးကြလိမ့်မည်၊ မင်းချင်းယောက်ျားတို့ မဖမ်းမီ ပြေးလော့” –
ဟု ခြိမ်းခြောက်ကာ တမာပင်းရင်းမှ ပြေးစေ၏။ သူခိုးပြေးသည်ရှိသော် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည် တမာပင်စောင့်နတ်အား -
“အဆွေ-တမာပင်စောင့်နတ် ... ရွာထဲမှ ပစ္စည်းဥစ္စာတို့ကို ခိုးယူလာသောသူခိုးကို မင်းချင်းယောက်ျားတို့ ဖမ်းဆီးသည်ရှိသော် တောထဲ၌ တည်နေသော သင်တမာပင်စောင့်နတ်အား အသို့ဖြစ်မည်နည်း” - ဟု ပြောဆိုလေ၏။ တမာပင်စောင့်နတ်သည် ညောင်ဗုဒ္ဓဟေပင်စောင့်နတ်၏ စကားကိုကြားလျှင် - တစ်ဖန် ညောင်ဗုဒ္ဓေဟေပင်စောင့်နတ်အား -
“အဆွေ - ညောင်ဗုဒ္ဓဟေပင်စောင့်နတ် ... သင်သည် အကျွန်ုပ်နှင့် သူခိုး တပေါင်းတည်းနေရသောအကြောင်းကို မသိလေ၊ ရွာထဲမှ ပစ္စည်းဥစ္စာတို့ကို ခိုးယူလာသောသူခိုးကို မင်းချင်းယောကျ်ားတို့လာ၍ဖမ်းကာ တမာသားတံကျင်၌ လျှိုကြလိမ့်မည်ဟု အကျွန်ုပ်ရွံရှာ၏” –
ဟု ပြောဆိုပြန်၏။ ထိုရုက္ခစိုးနတ်နှစ်တို့ အချင်းချင်း ပြောဆိုနေကြကုန်စဉ်လျှင် ဥစ္စာရှင်တို့သည် မီးရှူးကို ကိုင်ကာ အစဉ်အတိုင်းလာကြရာ သုသာန်တောသို့ရောက်၍ သူခိုးတို့အိပ်ရာကိုမြင်လျှင် “အချင်းတို့ ... ယခုပင် သူခိုးတို့ထ၍ ပြေးကြပြီ၊ မမိလိုက်ကုန်၊ အကယ်၍မိလျှင် တမာသား တံကျင်၌လျှိုကာ တမာခတ်၌ ဆွဲပြီးလျှင် သွားကြကုန်အံ့” ဟု တိုင်ပင်ပြောဆိုကာ ဟိုဟိုသည်သည် ရှာဖွေ၍ မတွေ့လျှင် ပြန်ကြကုန်၏။
ထိုအခါ လူတို့စကားကိုကြားလျှင် ညောဗုဒ္ဓဟေပင်စောင့်နတ်သည် တစ်ဖန် တမာပင်စောင့်နတ်အား -
“အဆွေ-တမာပင်စောင့်နတ် ... ပညာရှိတို့ကား ရွံရှာအပ်သည်ကို ရွံရှာကုန်ရာ၏။ လာလတ္တံ့သော ဘေးကို စောင့်ရှောက်ကုန်ရာ၏။ လာလတ္တံ့သော ဘေးဖြင့် နှစ်ပါးသောလောကကို ကြည့်ရှုဆင်ခြင်ကုန်ရာ၏”
ဟု ချီးကျူးပြောဆိုလေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည် - ယခုအခါ အာနန္ဒာ။
တမာပင်စောင့်နတ်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ရွံရှာအပ်ရာ၊ အရာရာ၊ ရွံရှာပညာရှင်။
(၂) လာလတ္တံ့ဘေး၊ ရှုမျှော်တွေး၊ စောင့်ရေးပညာရှင်။
(၃) ဘေးဖြင့်မျှော်လစ်၊ လောကနှစ်၊ တွေးစစ်ပညာရှင်။
ပုစိမန္ဒဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။