ပုညကြိယာဝတ္ထု
ဒါန, သီလ, ဘာဝနာ, အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ-ဟု ပုညကိရိယဝတ္ထု (၁၀)မျိုး ရှိ၏။
၁။ ဒါန
ပြင်ဆင်ရန်ဒါနသည် စေတနာဒါန, ဝတ္ထုဒါနဟု နှစ်မျိုးရှိ၏။ ပေးလှူကြောင်းဖြစ်သော စေတနာသည် စေတနာဒါနမည်၏။ လှူဖွယ်ဝတ္ထုသည် ဝတ္ထုဒါနမည်၏။ ဒါနနှင့် ဆက်သွယ်ကာ မလှူမီရှေးအဖို့၌ ဖြစ်ပေါ်နေသော စေတနာသည် ပုဗ္ဗစေတနာ မည်၏။ ပေးလှူ နေဆဲအချိန်၌ ဖြစ်ပေါ်နေသော စေတနာသည် မုဉ္စစေတနာ မည်၏။ ပေးလှူပြီးနောက် ထိုဒါနကို အာရုံယူကာ ထပ်ကာထပ်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော ကုသိုလ်စေတနာသည် အပရစေတနာ မည်၏။
၂။ သီလ
ပြင်ဆင်ရန်အကုသိုလ်မဖြစ်ရအောင် ကိုယ်မှု နှုတ်မှု တို့ကို ကောင်းစွာ ထားတတ်သော ကုသိုလ်စေတနာ (ကြိယာစေတနာ)သည် သီလမည်၏။ ထိုသီလသည် ဘိက္ခုသီလ,ဘိက္ခုနီသီလ,သာမဏေရသီလ, ဂဟဋ္ဌသီလဟု (၄)မျိုး ပြား၏။
ထိုတွင် ဘိက္ခုပါတိမောက် စသည့် ဝိနည်းဒေသနာတော်၌ လာရှိသော ဘိက္ခုဆိုင်ရာသီလသည် ဘိက္ခု သီလ မည်၏။ ဘိက္ခုနီပါတိမောက် စသည့် ဝိနည်း ဒေသနာတော်၌ လာရှိသော ဘိက္ခုနီဆိုင်ရာ သီလ သည် ဘိက္ခုနီသီလ မည်၏။ ထိုသီလများကို သီးခြား ဆောက်တည်ဖွယ် မလိုပေ။ သိမ်အတွင်းဝယ် သံဃာ ကကမ္မဝါစာကို ပီပြင်စွာ ရွတ်ဖတ်ပြီးသည့်အဆုံး၌ ထိုသီလများသည်တည်ပြီး ဖြစ်တော့၏။ ရှင်သာမဏေ များ ဆောက်တည် ကျင့်သုံးရမည့် သီလသည် သာမဏေရသီလ မည်၏၊ ဆယ်ပါးသီလစသည့် သီလ များတည်း။ ရှင်သာမဏေများကို ခြွင်းချက်ထားသည့် အချို့သိက္ခာပုဒ်များက လွဲလျှင်, ဥပမာ - အကပ်ခံ၍ စားသုံးရခြင်း စသော သိက္ခာပုဒ်များကလွဲလျှင် ရဟန်းယောက်ျား ရဟန်းမိန်းမတို့ကဲ့သို့ပင် ရှင်သာမဏေများ လည်း ဝိနည်းသိက္ခာပုဒ်တော်များကို လိုက်နာပြုကျင့် ရ၏။ ငါးပါးသီလ ရှစ်ပါးသီလ ဆယ်ပါးသီလ စသည့် လူတို့ ကျင့်သုံး ဆောက်တည်ရသော သီလသည် ဂဟဋ္ဌသီလ မည်၏။
၃။ ဘာဝနာ
ပြင်ဆင်ရန်လွန်ကဲမြင့်မြတ်သော ဈာန်ကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်တို့ကို ဖြစ်စေတတ် သော လုပ်ငန်းရပ်ကို ဘာဝနာဟု ခေါ်ဆို၏။ သမထ ဘာဝနာ, ဝိပဿနာဘာဝနာဟု နှစ်မျိုးရှိ၏။ အပ္ပနာဈာန်သို့ မဆိုက်ရောက်မီ ပရိကမ္မဘာဝနာ ဥပစာရ ဘာဝနာတို့ကား ကာမာဝစရကုသိုလ်တရားတို့တည်း။ အပ္ပနာဈာန်ကား မဟဂ္ဂုတ်ကုသိုလ်တရားတည်း။ ဝိပဿနာဘာဝနာသည်လည်း အရိယမဂ်သို့ မဆိုက်မီ ကာမာဝစရကုသိုလ်တရားပင်တည်း။ အရိယမဂ် ဘာဝနာကား လောကုတ္တရာကုသိုလ်တရားတည်း။
၄။ အပစာယန
ပြင်ဆင်ရန်မိဘ, ဆရာသမား, တရားစောင့်သော ရဟန်းသံဃာ, ဂုဏ် အသက် သိက္ခာအားဖြင့် မိမိထက်ကြီးသူ မြင့်မြတ်သူကို ခရီးဦးကြိုဆိုမှု လက်အုပ်ချီမှု ရှိခိုးဝပ်ချမှုစသော အမျိုးမျိုးသော ရိုသေမှု များကို တစ်စုံတစ်ခုသော လာဘ်လာဘ အကျော် အစောကို မလိုလားဘဲ ရိုးရိုးသားသား ပြုခြင်းသည် အပစာယန မည်၏။
၅။ ဝေယျာဝစ္စ
ပြင်ဆင်ရန်ရတနာသုံးပါး မိဘဆရာသမား ဂိလာနပုဂ္ဂိုလ် သီတင်းသုံးဖော်တို့၏ အပြစ်ကင်းသော ကိစ္စလုပ်ငန်း၌ တစ်စုံတစ်ခုသော အကျိုးကို မတောင့်တဘဲ ရိုးသားသော စိတ်ဓာတ်ဖြင့် ကူညီရွက်ဆောင်ကြောင်း စေတနာသည် ဝေယျာဝစ္စ မည်၏။
၆။ ပတ္တိဒါန
ပြင်ဆင်ရန်ရှေးဦးစွာ တစ်စုံတစ်ခုသော ပစ္စည်းကို အလှူခံပုဂ္ဂိုလ်အား လှူဒါန်း ပူဇော်၏။ ထိုသို့ ပေးလှူကြောင်း ဒါနစေတနာသည် အလှူရှင်၌ ရောက် အပ်ရအပ်သောကြောင့် ပတ္တိမည်၏။ ထိုအလှူရှင်က မိမိရအပ်သော ကုသိုလ်အဖို့ကို တစ်ယောက်အား ဖြစ်စေ, သတ္တဝါအားလုံးအား ဖြစ်စေ မိမိနှင့် ညီတူ ညီမျှ ကုသိုလ်ရပါစေ - ဟု သဘောထား၍ ဝေငှကြောင်း စေတနာကို ပတ္တိဒါနဟု ခေါ်ဆိုသည်။ ယခု ကာလ၌ အမျှဝေခြင်းပင်တည်း။
၇။ ပတ္တာနုမောဒန
ပြင်ဆင်ရန်အလှူရှင်တို့က အမျှပေးဝေအပ်သော ကောင်းမှုကုသိုလ်၏ အဖို့ဘာဂကို ဝမ်း မြောက်မှုကို (= ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုမှုကို) ပတ္တာနုမောဒနဟု ခေါ်ဆိုသည်။ အမျှဝေသည့်အတွက် ဝမ်းမြောက်မှုသည် ပတ္တာနုမောဒန မည်၏။ အမျှမဝေဘဲလျက် ဝမ်းမြောက်မှုကား အနုမောဒနသာ ဖြစ်သည်။
၈။ ဓမ္မဿဝန
ပြင်ဆင်ရန်သူတစ်ပါးတို့၏ အထင်ကြီးမှု ချီးမွမ်းမှုကို မတောင့်တဘဲ အသိအလိမ္မာ တိုးပွားလိုခြင်း, တကယ်လက်တွေ့ကျင့်လိုခြင်း, တစ်ဆင့် ပြော ဟောလိုခြင်းဟူသော ဦးတည်ချက်ဖြင့် တရားနာ ခြင်းသည် ဓမ္မဿဝနမည်၏။
၉။ ဓမ္မဒေသနာ
ပြင်ဆင်ရန်လာဘ်ပူဇော်သက္ကာရ အခြံအရံ အကျော်အစောတို့ကို မတောင့်တဘဲ သတ္တဝါအများ၏ စီးပွားချမ်းသာအလို့ငှာ တကယ်ဖြူစင်သော စေတနာဖြင့် တရားတော်ကို ဟောကြားပြသမှုသည် ဓမ္မဒေသနာကုသိုလ်မည်၏။
၁၀။ ဒိဋ္ဌိဇုကမ္မ = ဒိဋ္ဌုဇုကမ္မ
ပြင်ဆင်ရန်မှန်မှန်ကန်ကန် သိမြင် တတ်သော ဉာဏ်သည် ဒိဋ္ဌိ = သမ္မာဒိဋ္ဌိမည်၏။ ထိုအသိဉာဏ်သည်ပင် ဆိုင်ရာ အကြောင်းတရား တို့က ဖြောင့်မှန်အောင် ပြုအပ်သည့်အတွက် ဥဇုကမ္မလည်း မည်၏။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ (= နာမရူပပရိစ္ဆေဒဉာဏ်)နှင့် ယင်းဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိ (= ပစ္စယပရိဂ္ဂဟ ဉာဏ်) သည် ကံ-ကံ၏အကျိုးတရားကို ဟုတ်တိုင်း မှန်စွာ သိတတ်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ် အစစ် ဖြစ၏။ ယင်း သမ္မာဒိဋ္ဌိဉာဏ်သည် အယူကို ဖြောင့်မှန်အောင် ပြုလုပ်ပေးတတ်သော အခြေခံ သမ္မာဒိဋ္ဌိဖြစ်သဖြင့် ဒိဋ္ဌိဇုကမ္မပင် ဖြစ်၏။ ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိတို့၏ ဒိဋ္ဌိဇုကမ္မ ဖြစ်မှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပြီ ဖြစ်၏။ သို့သော် ယင်းကဲ့သို့ သော ကမ္မဿကတာဉာဏ်မျိုးကို မရရှိသေးစေကာမူ မိဘဆရာသမား စသူတို့၏ အဆုံးအမ, ဘုရားဟော စာပေကျမ်းဂန်တို့၏ အဆုံးအမကို ယုံကြည်သက်ဝင် ကာ ကံ-ကံ၏အကျိုးကို လက်ခံ ယုံကြည်နိုင်လျှင် လည်း ပစ္စယပရိဂ္ဂဟဉာဏ် ဝိပဿနာဉာဏ်တို့ကဲ့သို့ အဆင့်မမြင့်စေကာမူ သင်သိအနေဖြင့် ရရှိလာသော ကမ္မဿကတာ သမ္မာဒိဋ္ဌိ တစ်မျိုးပင် ဖြစ်ပေသည်၊ အယူဝါဒကို ဖြောင့်မှန်အောင် ပြုလုပ်ပေးနိုင်သည့် ဒိဋ္ဌိဇုကမ္မပင် ဖြစ်ပေ၏။
အချို့အရာ၌ ပုညကြိယဝတ္ထု (၁၀)ပါး မပြဘဲ ဒါနမယ, သီလမယ, ဘာဝနာမယဟု သုံးပါးသာ ပြ၏။ ထိုသို့ သုံးပါးသာ ပြရာ၌ ပတ္တိဒါန, ပတ္တာနုမောဒန နှစ်ပါးကို ဒါနမယ၌ သွင်းယူရာ၏၊ အပစာယန, ဝေယျာဝစ္စ နှစ်ပါးကို သီလမယ၌ သွင်းယူရာ၏၊ ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ သုံးပါးကို ဘာဝနာမယ၌ သွင်းယူရာ၏။
ဤသို့လျှင် ကောင်းမှုကုသိုလ်ပြုခြင်း၏ တည်ရာ ဝတ္ထု (= ပုညကြိယာဝတ္ထု)ဆယ်ပါး လာရှိ၏။ အကျဉ်း အားဖြင့် ဒါနမယကုသိုလ် သီလမယကုသိုလ် ဘာဝနာ မယကုသိုလ်ဟု သုံးမျိုး လာရှိပေသည်။ ထိုကုသိုလ် တရားတို့ကို ပြုပုံနည်းစနစ်နှင့်တကွ မဟာကရုဏာတော်ပြဓာန်းသော ဒေသနာဉာဏ်တော်မြတ်ဖြင့် ဟော ကြားပြသ ဆိုဆုံးမထားတော်မူခဲ့ပေသည်။ ယင်း ကုသိုလ်တရားတို့ကို အောင်အောင်မြင်မြင် လိုက်နာ ပြုကျင့်သူတို့သည် လောကီ လောကုတ္တရာ နှစ်ဖြာ သော ချမ်းသာသုခတို့ကို ခံစားကြရလေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖားအောက်တောရဝတ်ရွတ်စဉ် ဖားအောက်တောရဆရာတော်